သတင်း

သေ့ဘောဘိုးစခန်းတိုက်ပွဲတွင် စစ်သား ၆ ဦး အရှင်ဖမ်းမိပြီး၊ လက်နက်များ သိမ်းဆည်းရမိ

ထိုင်း – မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ် တပ်စွဲထားရာ သေ့ဘောဘိုးစခန်းကုန်းကို ကရင်အမျိုးသား လွတ်မြောက်‌ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်စဉ် စစ်သား ၆ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ပါဝင်တိုက်ခိုက်ခဲ့သော ကော်ဘရာစစ်ကြောင်းမှ ယနေ့ သတင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးနှစ်ဦး၊ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦးနှင့် တပ်သားနှစ်ဦးကို အရှင်ဖမ်းမိခြင်းဖြစ်ကာ အဝေးပစ်စိန်ပြောင်းများနှင့် ဗုံးသီးများအပါအဝင် လက်နက်ခဲယမ်းမျိုးစုံကို ဓာတ်ပုံ မှတ်တမ်းများနှင့်တကွ ထုတ်ပြန်ထားသည်။

သေ့ဘောဘိုးစခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ရှိ KNLA ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စခန်းကျပြီးနောက် စစ်ကောင်စီစစ်သားများ ထွက်ပြေးနေပြီး တိုက်ပွဲများ ကြိုကြားကြိုကြား ဆက်ဖြစ်နေကြောင်း ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

“လက်ရှိမှာ သူတို့(စစ်ကောင်စီ)တွေ ထွက်ပြေးနေကြတယ်။ ကျွန်တော်တို့ လိုက်ဖမ်းနေကြတယ်။ လက်ရှိ ကတော့ ၆ ဦး မိထားတယ်” ဟု ထိုပြန်ကြားရေးတာဝန်ခံက ယနေ့ (မေ ၁၉) Myanmar Now ကို ပြောသည်။

ကော်ဘရာစစ်ကြောင်းမှာ KNLA နှင့်အတူ စစ်ကောင်စီကို ခုခံတော်လှန် တိုက်ခိုက်နေသည့် ဒေသခံတပ်ဖွဲ့ တစ်ခု ဖြစ်သည်။ 

တိုက်ပွဲအတွင်း စစ်သား ၆ ဦးကို အရှင်ဖမ်းမိသော်လည်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသည့် အရေ အတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော်သုံးဦး သေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရသည်ဟု ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု ၃၅ ကြိမ် ပြုလုပ်ခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းထံမှ သိရသော်လည်း အသေးစိတ် မသိရပေ။ 

ဖမ်းမိစစ်သားများအနက်  ၅ ဦးအား ချုပ်နှောင်ထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ကရင်အမျိုးသား မီဒီယာ) 

သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိထားသည့် စစ်သားများကို သုံ့ပန်းဆိုင်ရာ မူဝါဒများအရ ထိန်းသိမ်းသွားမည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

“ကျွန်တော်တို့ရဲ့ ပေါ်လစီအတိုင်းပဲလေ။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာမှာ လိုက်နာ ကျင့်သုံးတဲ့ဟာကို တသွေမတိမ်း လိုက်နာတယ်” ဟု ၎င်းက ဆိုသည်။

သေ့ဘောဘိုးစခန်းတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ ၃၂ မှ ခန့်မှန်းအင်အား ၅၀ ခန့် ဖြင့် တပ်စွဲထားသည်ဟု သိရသည်။  

မြဝတီ- ဝေါ်လေ ကားလမ်းဘေး သေ့ဘောဘိုးရွာအနီးရှိ သေ့ဘောဘိုးစခန်းကုန်းမှာ ၁၉၉၀ ပြည့်နှစ်ကတည်းက စစ်တပ် စခန်းချထားသည့်နေရာ ဖြစ်သည်။ 

KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်း ယမန်နှစ် ဒီဇင်ဘာမှ စတင်၍ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဖြင့်ပါ အကြီးအကျယ် ထိုးစစ်ဆင်သော်လည်း ထိုဒေသကို KNLA ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။ 

ပြီးခဲ့သည့် မတ် ၂၁ ကလည်း မြဝတီမြို့နယ်၊ မော်ခီးရွာရှိ စစ်ကောင်စီ၏ မဆုတ်တမ်းစခန်းအဖြစ် သတ်မှတ်ထားသည့် စခန်းကို  KNLA က ဝင်ရောက် တိုက်ခိုက်ပြီး လက်နက်အများအပြား သိမ်းဆည်းနိုင်ခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသော KNU လက်အောက် ရှိ တပ်မဟာနယ်မြေအားလုံးနီးပါးတွင် အာဏာသိမ်းပြီးကတည်းက တိုက်ပွဲများဖြစ်ပွားနေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button