သတင်း

စစ်ကောင်စီက ကော့မှူးနှင့် သန်လျင်တွင် ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်

ရန်ကုန်တိုင်း၊ သန်လျင်နှင့် ကော့မှူးမြို့နယ်များရှိ ကျေးရွာအချို့တွင် စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ၄ ရက်ကြာ ကန့်သတ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဆိုင်ကယ်စီးနင်းခွင့်ကို မေ ၁၉ မှ ၂၂ အထိ ပိတ်ပင်ကြောင်း ညွှန်ကြားချက် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ရောက်နေသည်ဟု သန်လျင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက Myanmar Now  ကို ပြောသည်။

“ဒီနေ့ကစပြီး ဆိုင်ကယ်ဆိုရင် မြို့အဝင်အထွက်ကို ပေးမဝင်တော့ဘူး။ အခုကတည်းက စစစ်နေပြီ။ မနက်ဖြန်ဆိုရင် လိုင်စင်ပါပါ၊ မပါပါ လူရော၊ ဆိုင်ကယ်ရော ဖမ်းမယ် ထောင်ချမယ်” ဟု ၎င်းက ဆက်ပြောသည်။

အလားတူ ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာတွင်လည်း မေ ၁၇ ကတည်းက ရွာရှိဆိုင်ကယ်များအားလုံး စစ်ကောင်စီတပ်သားများ စခန်းချထားသည့် မီးသတ်ရုံသို့ သွားရောက် အပ်နှံထားရသည်ဟု ဒေသခံများက ပြောသည်။ 

ရေကျော်ကျေးရွာတွင်လည်း ဆိုင်ကယ်များ အပ်နှံရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညွှန်ကြားထားသည်ဟု ကော့မှူးဒေသခံတစ်ဦးက ဆိုသည်။ 

“ပြည်သူများသွားလာခွင့်ကိုပါ ပိတ်ထားမယ်လို့ သိရပါတယ်။ ဖြတ်သန်းသွားလာခြင်းရှိပါက ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်” ဟု ၎င်းက ပြောသည်။

ကော့မှူးဒေသခံ နောက်တစ်ဦးက “ဘယ်လိုမှမဖြစ်ဘူး‌လေ၊ သွားအပ်ရတာပေါ့။ ပြည်သူကို အကြောက်တရား စိုးမိုးအောင် လုပ်တာ။ နယ်မြေစိုးမိုးရေးလုပ်တာ။ ဆိုင်ကယ်မရှိရင် ဘယ်မှသွားမရဘူးလေ” ဟု ဆိုသည်။

ခရီးသွားလာရေးအတွက် ဆိုင်ကယ်ကိုသာ အဓိကအားထားနေရသူများကို ဤသို့ ပိတ်ပင်ခြင်းကြောင့် အခက်အခဲများစွာရှိကြောင်းလည်း သန်လျင်ဒေသခံများက ဆိုကြသည်။

“ဒုက္ခကတော့ ဘယ်သေးမလဲ။ ဈေးသည်တွေ ဘယ်လိုဈေးရောင်းဈေးဝယ် လုပ်မလဲ။ ကလေးတွေ ဘယ်လိုကျောင်းတက်ကြမလဲ။ အလုပ်အကိုင်ရှားပါးလို့ ငွေလေးစုပြီး၊ ဆိုင်ကယ်ဝယ်ပြီး ကယ်ရီဆွဲနေတဲ့သူတွေတော့ ဒုက္ခပဲ။ စားဝတ်နေရေး ဘယ်လိုဖြေရှင်းကြမလဲ” ဟု အထက်ပါ သန်လျင်ဒေသခံက ပြောသည်။

ထို့ပြင် မြို့အတွင်း စစ်ကောင်စီတပ်သားများ ညစဉ်ကင်းလှည့်နေခြင်းကြောင့် ထိတ်လန့်နေကြရသည်ဟု ဆိုသည်။

“ည ၉ နာရီ စစ်ကား​ဖြတ်သွား​တော့ ဆိုင်တံခါးဖွင့်​နေတာကို အကြာကြီးလှမ်းကြည့်သွားတယ်။ လူက လက်​တွေ တဆတ်ဆတ် တုန်​နေတာပဲ၊ ဘဝမှာ တစ်ခါမှ အဲ​ဒီလောက်မ​ကြောက်ဖူးဘူး။ ချက်ချင်း အိပ်ရာ​တောင် မခင်းနိုင်​တော့ဘူး။ မီး​တွေအကုန်ပိတ်ပြီး မီး​လုံး​သေး​သေး​လေးနဲ့ တန်းအိပ်ဖို့ ပြင်လိုက်ရတယ်” ဟု ထိုသန်လျင်ဒေသခံက ဆက်ပြောသည်။

ကော့မှူးမြို့နယ်အတွင်းရှိ ကျိုက်ထော်၊ အောက်ကျောင်း၊ ကျည်စု၊ တာတံစင်၊ အဂါး စသည့်ရွာများတွင်လည်း မေ ၁၈ ရက်နေ့က စစ်ကောင်စီတပ်က ရှာဖွေစစ်ဆေးနေသည်ဟု အထက်ပါ ကော့မှူးဒေသခံက ပြောသည်။ 

“ဘုန်းကြီးတွေတောင် သင်္ကန်းထဲအထိ လှန်ရှာပါတယ်။ ဘုန်းကြီးကျောင်းတစ်ကျောင်းကို နှစ်ပါးပဲ (အပြင်) ထွက်ခွင့်ပေးတယ်” ဟု ၎င်းက ဆက်ပြောသည်။

ကော့မှူးမြို့နယ်အတွင်း ငှက်အော်စမ်းရွာအနီး ကင်းလှည့်လာသည့် စစ်ကောင်စီယာဉ်တန်း မေလ ပထမပတ်အတွင်း တိုက်ခိုက်ခံရပြီးနောက် ငှက်အော်စမ်းရွာနှင့် အနီးဝန်းကျင်ရှိ ရွာများမှ ဒေသခံ ၄၀၀ ခန့်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့ပြီး နှစ်ပတ်အကြာအတွင် ပြန်လည်လွတ်မြောက်လာကြသည်။

ထိုမြို့နယ်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၃ ကြိမ်ဆက်တိုက် ရွေးကောက်ပွဲဝင်ခဲ့သည့် မဲဆန္ဒနယ်မြေလည်း ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ဒေသခံကာကွယ်ရေးတပ် PDF တို့၏ ခုခံမှုကို အပြင်းအထန်ခံနေရသည့် စစ်ကောင်စီသည် ရန်ကုန်ကဲ့သို့ မြို့ကြီးတွင် လုံခြုံရေးတဲများကို ကွန်ကရစ်ဖြင့် နှစ်ထပ် အခိုင်အမာ ဆောက်လုပ်ထားသည်။

ရန်ကုန်မြို့ သမိုင်းလမ်းဆုံတွင် ထိုသို့ အခိုင်အမာ ဆောက်လုပ်ထားသည့် နှစ်ထပ်ဘန်ကာ ရဲကင်းအတွင်း မေ ၁၇ တွင် ဗုံးပေါက်ကွဲမှုကြောင့် ရဲတစ်ဦးနှင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သေးသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ မြို့ပြပြောက်ကျားအဖွဲ့များကလည်း ရန်ကုန်မြို့တွင်းရှိ လုံခြုံရေးရဲကင်းများကို တိုက်ခိုက်သလို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို လုပ်ကြံသတ်ဖြတ်နေသည်။

စစ်ကောင်စီသည် တနင်္သာရီတိုင်း ထားဝယ်မြို့၊ စစ်ကိုင်းတိုင်း မုံရွာမြို့၊ မန္တလေးတိုင်း တောင်သာ၊ ကျောက်ပန်းတောင်းနှင့် မိတ္ထီလာမြို့နယ်များတွင် ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ဦး စီးခွင့်မပြု၊ တစ်ဦးသာ ရမည်၊ အမျိုးသားနှင့် အမျိုးသမီး စီးလျှင် အမျိုးသားမောင်းနှင်ရမည်၊ ထိုစည်းကမ်းမလိုက်နာလျှင် သေနတ်နှင့် ပစ်မည် စသဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ကန့်သတ်ခဲ့သေးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button