သတင်း

တယ်လီနောမြန်မာကို စစ်တပ်အဆက်အနွှယ် ရွှေဗျိုင်းဖြူကုမ္ပဏီထိန်းချုပ် 

တယ်လီနောမြန်မာကို M1 Group ထံ အပြီးသတ်ရောင်းချလိုက်ပြီးနောက် လက်ဘနွန် သန်းကြွယ်သူဌေးပိုင် ကုမ္ပဏီ၏ ပြည်တွင်းမိတ်ဖက်ကုမ္ပဏီဖြစ်သော စစ်တပ်အဆက်အနွှယ် ရွှေဗျိုင်းဖြူကုမ္ပဏီက တယ်လီနောကို ထိန်းချုပ်လိုက်ပြီဖြစ်သည်။

ရွှေဗျိုင်းဖြူကုမ္ပဏီသည် တယ်လီနောမြန်မာ အရောင်းအဝယ် မပြီးပြတ်ခင်ကတည်းကပင် စင်ကာပူ၌ မှတ်ပုံတင်ထားသည့် Investcom Pte တွင် ရှယ်ယာ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီးဖြစ်သည်။  

မေ ၁၂ တွင် M1 Group က ရှယ်ယာ ၃၀၀ ကျော်ကို ထပ်မံလွှဲပြောင်းပေးလိုက်ရာ ရွှေဗျိုင်းဖြူကုမ္ပဏီသည် တယ်လီနောမြန်မာ၏ ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်သွားပြီဖြစ်ကြောင်း စစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က မေ ၁၆ တွင် ထုတ်ပြန်သည်။ 

ထို့ပြင် ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော်မှာ တယ်လီနောမြန်မာ၏ ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ ဇနီး ဖြစ်သူ ဒေါ်တင်လတ်မင်းမှာ ဘုတ်အဖွဲ့ဝင်နှင့် သားဖြစ်သူ ဝင်းပိုင်ကျော်မှာ စီးအီးအိုဖြစ်လာသည်ဟု သိရသည်။​

တယ်လီနောမြန်မာ၏ ပိုင်ရှင်သစ်ဖြစ်သော Investcom ကုမ္ပဏီတွင် အခြားသော ဘုတ်အဖွဲ့ဝင်များမှာ M1 Group မှ Hicham Ramadan နှင့် Rana Shatila တို့ဖြစ်ပြီး အမှုဆောင်အရာရှိချုပ်ဖြစ်သူ Muhammad Ziaullah Siddiqui သည် အာဖဂန်နစ္စတန်နှင့် ဆူဒန်တို့တွင် M1 Group ပိုင် ဆက်သွယ်ရေးကုမ္ပဏီများကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ 

တယ်လီနောမြန်မာကို M1 Group မှတဆင့် ရွှေဗျိုင်းဖြူကုမ္ပဏီထံ ရှယ်ယာများ ထပ်မံလွှဲပြောင်းရောင်းချရာတွင် ကြားဖြတ်ဖမ်းယူခြင်းဆိုင်ရ နည်းပညာ ပါဝင်သောကြောင့် ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် နော်ဝေနိုင်ငံတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ရာရောက်သည်ဟုလည်း Justice For Myanmar အဖွဲ့က ဆိုသည်။​

ရောင်းချမှုအစိတ်အပိုင်းအဖြစ် M1 Group သည် ဂျာမနီထုတ် Utimaco တရားဝင်ကြားဖြတ်ဖမ်းယူရေး ပင်မ ဝင်ထွက်ပေါက် (LIG) ကိုပါ ရွှေဗျိုင်းဖြူထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဆိုသည်။

၂၀၁၈ ခုနှစ်တွင် နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီက Utimaco LIG ကို တပ်ဆင်ခဲ့ပြီး ယခုနှစ် မတ်လ တွင် M1 Group ထံမှ ထပ်မံလွှဲပြောင်းပေးလိုက်သည့်အတွက် အထက်ပါနိုင်ငံများ၏ ဒဏ်ခတ် ပိတ်ဆို့မှု ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း Justice For Myanmar အဖွဲ့က လိုသည်။

ယခုအခါ ယင်း LIG ကို အသုံးပြု၍ အာဏာသိမ်းစစ်ကောင်စီက တယ်လီနောမြန်မာ ကွန်ရက်ပေါ်ရှိ ဖုန်းခေါ်ဆိုမှုနှင့် စာတိုပေးပို့မှုများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်စွမ်းရှိတော့မည်ဖြစ်သည်။​

တယ်လီနောနှင့် နော်ဝေအစိုးရသည် ဒဏ်ခတ်အရေးယူခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် လူ့အခွင့်အရေး ဆိုင်ရာ တာဝန်ရှိမှုများကို သိလျက်ဖြင့် တမင်သက်သက် လျစ်လျူရှုကာ တယ်လီနောမြန်မာကို လက်လွှဲရောင်းချခြင်းမှာ ပြစ်တင်ရှုံ့ချစရာဖြစ်သည်ဟု Justice For Myanmar အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

“အကြမ်းဖက်စစ်ကောင်စီက ဆက်သွယ်ရေးနည်းပညာကို လက်နက်အဖြစ် အသုံးချနေတာဖြစ်ပြီး ယခုအခါ တယ်လီနော မြန်မာကလည်း သူတို့ရဲ့စစ်လက်နက်တွေထဲက လက်နက်တစ်ခုဖြစ်သွားပြီ” ဟု ၎င်းက ပြောသည်။ 

“တရားဝင် ကြားဖြတ်ဖမ်းယူနည်းပညာကို M1 Group လက်ထဲလွှဲပြောင်းတာ၊ M1 Group ကနေ ရွှေဗျိုင်းဖြူလက်ထဲ လွှဲပြောင်းတာတွေဟာ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်တာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့နဲ့ ဒီလုပ်ရပ်တွေအတွက် တာဝန်ယူ တာဝန်ခံကြအောင် လုပ်ဆောင်ကြဖို့ တောင်းဆိုပါတယ်” ဟု မရတနာ မောင်က ပြောသည်။

ထို့ပြင် တယ်လီနောမြန်မာ လွှဲပြောင်းရောင်းချရာ၌ စင်ကာပူနိုင်ငံ၏ ငွေကြေးစနစ်ကို အမြတ်ထုတ်နေ ခြင်းဖြစ်ကြောင်း၊ မြန်မာစစ်တပ်ကို ငွေကြေးနှင့် လက်နက်ထောက်ပံ့ရန် ၎င်း၏ပိုင်နက်ကို အသုံးပြုနေခြင်းကို စင်ကာပူအနေဖြင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန်လည်း တောင်းဆိုထားသည်။ 

တယ်လီနောမြန်မာ ပိုင်ရှင်သစ်ဖြစ်လာသည့် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်မှာ စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဖူးသူဖြစ်သည်။ အသက် ၅၉ နှစ်အရွယ် ထိုလုပ်ငန်းရှင်သည် စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း၊ အမိုနီယံနိုက်ထရိတ်တင်သွင်းခြင်း၊ ကျောက်စိမ်းတူးဖော်ခြင်းနှင့် အခြား သောလုပ်ငန်းများစွာလည်း လုပ်ကိုင်ဖူးသူဖြစ်သည်။

ရွှေဗျိုင်းဖြူကုမ္ပဏီသည် ငွေကြေးခဝါချမှု မကင်းသော တရုတ်နိုင်ငံသို့ တရားမဝင် ကျောက်စိမ်းတင်ပို့ ရောင်းချခြင်းနှင့် စစ်ဗိုလ်ချုပ်ဟောင်းအချို့ကို ပုံမှန်ပေးကမ်းနေသည့် အထောက်အထားများလည်း ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button