သတင်း

စစ်တပ်ဝင်ခဲ့သည့် ရေဦး၊ မုန်တိုင်ပင်ရွာတွင် မီးရှို့ခံထားရသည့် ၆ လောင်းတွေ့

စစ်ကောင်စီတပ် နှစ်ရက်ကြာ တပ်စွဲခဲ့သည့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုန်တိုင်ပင်ရွာတွင် လူ ၆ ဦး၏ မီးကျွမ်းနေသော ရုပ်ကြွင်းများကို   ယနေ့ (မေ ၁၂ ) တွေ့ရှိခဲ့သည်ဟု ဒေသခံကာကွယ်ရေး အဖွဲ့များက Myanmar Now ကို ပြောသည်။

ယနေ့ နံနက် ၄ နာရီခန့်တွင် အင်အား ၇၀ ခန့်ရှိ ထိုစစ်ကြောင်း ထွက်ခွာသွားကြောင်း၊ နေ့လယ်ပိုင်းတွင်မှ ရွာအတွင်း ဝင်ရောက်ကြည့်ရှုစဉ် မီးလောင်ပြာကျနေသော အိမ်တစ်လုံးအတွင်းမှ ထိုအလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့(ပကဖ) ခေါင်းဆောင် ကိုဘီလုံးက ဆိုသည်။ 

“အလောင်းတွေက အရိုးတွေပဲ ကျန်တော့တာဆိုတော့ ဘယ်သူဘယ်ဝါမှန်း မသိရသေးဘူးခင်ဗျ။ အဝေးကနေ ဓားစာခံခေါ်လာတဲ့သူတွေလား၊ ရပ်ရွာထဲက ပြည်သူတွေလားဆိုတာ အတည်ပြုမရသေးဘူး၊ စစ်ဘေးရှောင်တွေ ကလည်း ပြန်မဝင်ကြသေးဘူးဆိုတော့ တိုက်စစ်ဖို့ခက်နေတာ”ဟု ၎င်းက ပြောသည်။ 

“အဲဒီခြောက်လောင်းနဲ့ (အိမ်အပြင်)မလှမ်းမကမ်းမှာလည်း သွေးကွက်တွေရော တွေ့တယ်။ သွေးစွန်းနေတဲ့ ကြိုးတွေ အတိုအစပါ တွေ့တယ်။ အိမ်ထဲမှာတော့ ၆ လောင်းတွေ့တာပေါ၊ အိမ်ကလည်း ပြာကျနေပြီ”

စစ်သားများ၏ မီးရှို့မှုကြောင့် အိမ်ခြေ ၄၀၀ နီးပါးရှိသည့် မုန်တိုင်ပင်ရွာတွင် နေအိမ် ၃၀ ကျော်မီးလောင်ပြာကျသွား သည်ဟု သိရသည်။

စစ်သားတို့က လူသတ်အလောင်းဖျောက်သည်၊ နေအိမ်မီးရှို့သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီထံမှ တုံ့ပြန်ချက်ရရန် ယနေ့ ညပိုင်းတွင် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

မေ ၁၀ တွင် မုန်တိုင်ပင်ရွာအနီး စစ်တပ်ရောက်လာစဉ် ပကဖနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ထိုရွာအတွင်း စစ်တပ်က ဝင်ရောက်တပ်စွဲနေထိုင်ခဲ့ကာ ယနေ့နံနက် ပြန်လည်ထွက်ခွာသွားခြင်း ဖြစ်သည်။ 

ထို့ပြင် မေ ၁၀ ရက်တိုက်ပွဲအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့်   သေဆုံးခဲ့သည့် ပကဖအဖွဲ့ဝင် ၂ ဦး၏ အလောင်းများကိုလည်း ရွာအထွက် လမ်းပေါ်၌ တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ 

“အလောင်းတွေက ရုပ်ပျက်နေပြီ။ အလောင်းတွေက ရှာလို့မတွေ့ဘူးဖြစ်နေတာ။ သူတို့ ကျတဲ့နေရာမှာ မတွေ့တော့ဘဲ ရွာအထွက်က လမ်းပေါ်မှာ(စစ်သားတွေက)သွားပစ်ထားတာ” ဟု ကိုဘီလုံးက ပြောသည်။

ထို အဖွဲ့ဝင်နှစ်ဦး၏ အလောင်းများကို ယနေ့ ကောက်ယူသင်္ဂြိုဟ်ခဲ့ကြကြောင်း ပကဖ ထံမှ သိရသည်။ 

ထွက်ခွာသွားသည့် စစ်ကောင်စီတပ်က ဘုန်းကြီး ၃ ပါး၊  ဒေသခံရွာသား၂၅ ဦးတို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ တောင်ဘက် ၃ မိုင်အကွာတွင်ရှိသည့် ပုဏ္ဏကားရွာဘက်ကို ထွက်ခွာသွားသည်ဟု ဒေသခံများထံမှ သိရသည်။

ထိုစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရန် လမ်းတွင် ခြုံခိုစောင့်ဆိုင်းနေသော်လည်း အစီအစဉ်ဖျက်လိုက်ရသည်ဟု ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုကေဂျီက ပြောသည်။

“မတိုက်လိုက်ရဘူး။ ကျွန်တော်တို့လုပ်ဖို့ကို မိုင်းကွင်းတွေ ဘာတွေ အကုန်ခင်းပြီး တစ်ညလုံးမအိပ်ဘဲ ထိုင်စောင့်နေကြတာ၊ သူတို့က ဓားစာခံတွေခေါ်လာတာ။ (စစ်ကြောင်း) ကြားထဲကနေ ညှပ်ပြီးခေါ်လာတာ။ ကျွန်တော်တို့ လုပ်လို့ရတယ်။ ပြည်သူတွေပါလို့ လွှတ်ပေးလိုက်တာ”ဟု ဆိုသည်။

စစ်သားများသည် ပုဏ္ဏကားရွာသို့ ရောက်ရှိပြီး တပ်စွဲထားပြီး ရွာထဲတွင် ပစ်ခတ်သံများကြားနေရသော်လည်း အခြေအနေ အသေးစိတ်မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button