သတင်း

ကျောက်တော်မြို့ စစ်ရှောင်စခန်း မီးလောင်၊ ခိုလှုံသူ ရာနှင့်ချီ အကူအညီလိုအပ်

ယနေ့ (မေ ၉) တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ စစ်ဘေးရှောင်စခန်းတစ်ခု မီးလောင်ကျွမ်းခဲ့သောကြောင့် ထိုစခန်းမှ စစ်ရှောင် ရာနှင့်ချီ နေထိုင်စားသောက်ရေး အခက်အခဲနှင့် ကြုံနေရသည်။

နံနက် ၁ နာရီခန့်တွင် ကျောက်တော်မြို့မှ ၆ မိုင်ခန့်အကွာရှိ “မဟာမုနိ” စစ်ရှောင်စခန်း မီးလောင်ခဲ့ခြင်းဖြစ်ပြီး ယာယီဆောက်လုပ်ထားသည့် တဲအိမ်များမှာ အချိန်တိုအတွင်း ကူးစက်လောင်ကျွမ်းခဲ့ကာ တဲအိမ် အလုံး ၂၆၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း စစ်ရှောင်များထံမှ သိရသည်။

လူဦးရေ ၁၈၂၀ ဦး နေထိုင်ခိုလှုံနေသော တဲအိမ် ၄၃၂ လုံးအနက် ထက်ဝက်ကျော် မီးလောင်ကျွမ်းခဲ့ရပြီး လက်ရှိတွင် စားနပ်ရိက္ခာ၊ အဝတ်အထည်များ လိုအပ်နေကြောင်း မဟာမုနိစစ်ရှောင်စခန်းတာဝန်ခံ နာယကဆရာတော်က မိန့်သည်။

“အခု မီးလောင်သွားတဲ့အတွက် စားဖို့သောက်ဖို့၊ နေဖို့ထိုင်ဖို့ အားလုံး အခက်အခဲဖြစ်နေတယ်။ အခု စစ်ဘေးရှောင်တွေက ဘယ်လိုနေရလဲဆိုရင် လောလောဆယ် ရထားဘူတာရုံထဲမှာ ဖြစ်သလို အထုပ်လေးတွေ ကိုင်ပြီး မှိုင်လို့ ထိုင်နေကြတယ်” ဟု ဆရာတော်က ဆက်မိန့်သည်။ 

စစ်ကောင်စီ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ကယ်ဆယ်ရေးပစ္စည်းတချို့ လာရောက်လှူဒါန်းခဲ့ကြောင်း၊ ပရဟိတလူမှုဖွဲ့အစည်းများ ရောက်မလာသေးကြောင်း ဆရာတော်က နံနက် ၁၁ နာရီတွင် မိန့်သည်။

“ဘေးစီမံကတော့ ပလတ်စတစ်ဘူးတွေ လာလှူတယ်။ အဲဒီအထဲမှာ ဘာတွေပါလဲဆိုတာကိုတော့ ကိုယ်တော် မသိဘူး” ဟု ဆရာတော်က မိန့်ကြားသည်။ 

“သူတို့မှာက လက်နဲ့ ခြေဖဝါးသာ ပါလာတဲ့အတွက် အကုန် အခက်အခဲဖြစ်နေကြတယ်။ ဒုက္ခသည်တွေ ဒုက္ခရောက်နေကြရတဲ့အချိန်မှာ အများပြည်သူအားလုံး ဝန်းဝိုင်းပြီးတော့ ကူညီလှူဒါန်းစေချင်တယ်” 

ထိုစခန်းမှ မီးဘေးသင့် စစ်ရှောင်ဒုက္ခသည်များမှာ အနီးအနားရှိ ဘူတာရုံတွင် ရောက်နေပြီး မွန်းလွဲပိုင်း၌ မိုးရွာနေသည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။

”မနက်က ကျွန်တော်သွားကြည့်တဲ့အခါ ဒုက္ခသည်တွေက ဟိုတစ်စုဒီတစ်စု ဒီအတိုင်း ထိုင်နေကြတာ တွေ့ခဲ့ရတယ်။ အခုက မိုးလည်း ရွာနေတယ်ဆိုတော့ သူတို့ နေဖို့ထိုင်ဖို့ အခက်အခဲရှိတယ်။ လူမှုဖွဲ့အစည်းတွေက အကူအညီပေးဖို့ လိုပါတယ်” ဟု မီးလောင်သွားသည့်စခန်းကို သွားရောက်ကြည့်ရှုခဲ့သည့် ကျောက်တော်မြို့ခံတစ်ဦးက ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ၂ နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံအများအပြားသည် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ခဲ့ကြရသည်။

ထိုမဟာမုနိစစ်ဘေးရှောင်စခန်းတွင် ကျောက်တော်မြို့နယ်မှ မျောက်တောင်၊ သာစည်၊ ရွှေပြည်၊ မာလာ၊ ပြိုင်းတိုင်း၊ တင်းမနှင့် ပလက်ဝမြို့နယ် စိမ်းစင်း၊ ရချမ်းဝ၊ နှမဒါ စသည့်ကျေးရွာများမှ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်နေခြင်း ဖြစ်သည်။

ထိုဒေသများသည် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သော နေရာဖြစ်ပြီး ရွာမီးရှို့ခံရခြင်း၊ စစ်တပ်က အနီးအနား၌ ဆက်လက်တပ်စွဲခြင်း၊ မပေါက်ကွဲသေးသော စစ်ကျန်လက်နက်ကြီးအန္တရာယ်များကြောင့် ထိုသူများမှာ ယနေ့ထက်ထိ နေရပ်မပြန်နိုင်ကြသေးပေ။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က ပုံမှန်စားနပ်ရိက္ခာထောက်ပံ့နေသည့် စစ်ရှောင်စခန်းတစ်ခုဖြစ်ပြီး ဟောင်းနွမ်းဆွေးမြည့်နေသည့် တဲအိမ်များကို ပြန်လည်ပြုပြင်ရန် ICRC က သစ်၊ ဝါးများ ထောက်ပံ့ရန် ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက စီစဉ်နေကြောင်း သိရသည်။

၂၀၂၁ ခုနှစ် မတ်လအတွင်း မြောက်ဦးမြို့နယ်၊ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်ရှိ တိမ်ညိုစစ်ဘေးရှောင်စခန်းလည်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယာယီတဲအိမ် ၆၀၀ ကျော် မီးထဲ ပါသွားကာ စစ်ရှောင်ဒုက္ခသည် ရာနှင့်ချီ အိုးအိမ်မဲ့ ထပ်ဖြစ်ခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button