သတင်း

ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းမှ နိုင်ငံတကာကုမ္ပဏီအားလုံး ထွက်ခွာ

ကပ္ပလီပင်လယ်ပြင်ရှိ ရဲတံခွန် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံတကာရေနံကုမ္ပဏီအားလုံးသည် စီမံကိန်းမှ အပြီးအပိုင်ထွက်ခွာမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်းတွင် ကြေညာသည်။ 

ရဲတံခွန်စီမံကိန်းအော်ပရေတာနှင့် ရှယ်ယာ ၄၀ ဒသမ ၉၁ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် လေးရှားနိုင်ငံပိုင် Petronas နှင့် ၁၉ ဒသမ ၃၂ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီတို့က ဧပြီ ၂၉ တွင် ထွက်ခွာရန် ဆုံးဖြတ်ပြီးနောက် အစုအစပ်ရင်းနှီးမြှုပ်နှံထားသည့် ဂျပန်ကုမ္ပဏီ ENEOS ကလည်း ယနေ့ (မေ ၂) တွင် စီမံကိန်းမှ ထွက်ခွာမည့်အကြောင်း သတင်းထုတ်ပြန်သည်။

ရဲတံခွန်စီမံကိန်းတွင် ဂျပန်ကော်ပိုရေးရှင်း Nippon Oil Exploration က ရှယ်ယာ ၁၉ ဒသမ ၃၂ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ထို Nippon Oil တွင် ENEOS ၏ ကုမ္ပဏီခွဲ JX Nippon Oil & Gas Exploration Corporation က ၄၀ ရာခိုင်နှုန်း၊ ဂျပန်အစိုးရက ၅၀ ရာခိုင်နှုန်းနှင့် Mitsubishi Corporation က ၁၀ ရာခိုင်နှုန်းပိုင်သည်။

နည်းပညာဆိုင်ရာ အကဲဖြတ်ချက်ပေါ် အခြေခံသည့် စီးပွားရေးအခြေအနေနှင့် လူမှုရေးကိစ္စများအပါအဝင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ထည့်သွင်းစဉ်းစားပြီးနောက် ရဲတံခွန်စီမံကိန်းမှ ထွက်ခွာရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ENEOS ၏ ယနေ့ထုတ်ပြန်ချက်တွင် တွေ့ရသည်။

Petronas ထွက်ခွာသည့်နည်းတူ ထိုင်းနိုင်ငံ PTTEP က ရတနာစီမံကိန်းတွင် အာရုံစိုက်ရန် ထွက်ခွာသွားခြင်းကြောင့် ဂျပန်ကုမ္ပဏီထွက်ခွာခြင်းဖြစ်နိုင်သည်ဟု စစ်တပ်ထံ စီးဆင်းနေသည့် သဘာဝဓာတ်ငွေ့ရောင်းရငွေများ ဖြတ်တောက်ရန်လှုပ်ရှားနေသည့် သွေးစွန်းငွေ (Blood Money) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဒီဟာကြီးကို ဆက်ပြီး Run (လည်ပတ်) နေလို့ သူတို့အတွက် အကျိုးအမြတ်နဲ့ ကုန်မဲ့ဟာကို ချိန်ပြီး ထွက်တာထင်တယ်။ နောက်တစ်ခုက အဲ့လိုစီမံကိန်းတွေ အများကြီးထွက်တယ်ဆိုတော့ Sanction MOGE ကို ပိုမျှော်လင့်လို့ရတာပေါ့နော်” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အကြီးဆုံးနိုင်ငံခြားငွေအရင်းအမြစ်ဖြစ်သော နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဥရောပသမဂ္ဂက ပြီးခဲ့သည့် မတ်လတွင် ပိတ်ဆို့အရေးယူကြောင်း ကြေညာသည်။ 

အာဏာမသိမ်းမီ ရသုံးမှန်းခြေငွေစာရင်းအရ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ် မတ်လအထိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံခန့် ဝင်ငွေရရှိရန် ခန့်မှန်းထားသည်။

နိုင်ငံတကာရေနံကုမ္ပဏီအားလုံး နုတ်ထွက်လိုက်သည့် ရဲတံခွန်စီမံကိန်းသည်လည်း ၂၀၁၈ ခုနှစ်တစ်ခုတည်းမှာပင် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့် ရရှိခဲ့ကြောင်း သယံဇာတတူးဖော်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးဆိုင်ရာ EITI အဖွဲ့၏ အစီရင်ခံစာတစ်ခုက ဆိုသည်။ 

ရဲတံခွန်စီမံကိန်းတွင် MOGE က ၁၉ ဒသမ ၃၂ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး အဓိကရှယ်ယာရှင်များ ထွက်ခွာသွားခြင်းကြောင့် ထိုစီမံကိန်းမှ ရရှိသည့် ဝင်ငွေများ ရပ်တန့်ဖွယ်ရှိသည်ဟုလည်း တက်ကြွလှုပ်ရှားသူများက ယူဆသည်။

မလေးရှားနိုင်ငံပိုင် ရေနံကုမ္ပဏီက ရဲတံခွန်စီမံကိန်းကို ၂၀၀၃ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကာ စီမံကိန်းတည်ရှိရာ ကမ်းလွန်ရေနံလုပ်ကွက်များမှာ M-12, M-13 နှင့် M-14 တို့ဖြစ်ကြောင်း Petronas ၏ မြန်မာနိုင်ငံဆိုင်ရာ ကုမ္ပဏီခွဲ Petronas Carigali Myamar Inc က ဧပြီ ၂၉ တွင် ထုတ်ပြန်သည်။ 

နည်းပညာပိုင်းနှင့် စီးပွားရေးအရ ရဲတံခွန်စီမံကိန်းမှ နုတ်ထွက်ခြင်းကြောင်း Petronas ကုမ္ပဏီ၏ ထုတ်ပြန်ချက်က ဆိုသော်လည်း အခြားအကြောင်းအရာများ ဖော်ပြခြင်း မရှိပေ။ 

သို့သော် ပြီးခဲ့သည့်နှစ်တွင် စစ်တပ်က အာဏာသိမ်းပြီး တစ်လအကြာ မတ်လတွင် ထုတ်ပြန်ခဲ့သော Petronas ၏ ထုတ်ပြန်ချက်တွင် နိုင်ငံတကာကအသိအမှတ်ပြုထားသည့် လူ့အခွင့်အရေးဆိုင်ရာကိစ္စများကို ခိုင်ခိုင်မာမာ အသိအမှတ်ပြုကြောင်း ဖော်ပြခဲ့သည်။ 

ထို့ပြင် အာဏာသိမ်းစစ်ကောင်စီ၏ ပြိုင်ဘက်ဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံရန် အာဆီယံခေါင်းဆောင်များကို တင်ပြမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း ယခုရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုထားသည်။

ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများ၏ သက်တမ်းကို နှစ်ပေါင်း ၃၀ အထိ ခွင့်ပြုထားသော်လည်း ရဲတံခွန်စီမံကိန်းမှ Petronas ထွက်ခွာခြင်းမှာ မေးခွန်းများစွာ ဖြစ်စေခဲ့သည်ဟု MOGE မှ အငြိမ်းစားအရာရှိတစ်ဦးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ဗြိတိန်အခြေစိုက် Premier Oil ကုမ္ပဏီက ၁၉၉၂ ခုနှစ်တွင် ကပ္ပလီပင်လယ်ပြင်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် M-13 တွင် သဘာဝဓာတ်ငွေ့ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကာ ၁၉၉၇ ခုနှစ်တွင် ထိုင်းနိုင်ငံပိုင် PTT နှင့် ဓာတ်ငွေ့အရောင်းစာချုပ် ချုပ်ဆိုပြီး ၂၀၀၀ ခုနှစ်တွင် စီမံကိန်းစတင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ဒုတိယမြောက် ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်း ရဲတံခွန်စီမံကိန်းမှ အစုရှယ်ယာများကို Premier Oil ကုမ္ပဏီက ၂၀၀၃ ခုနှစ်တွင် မလေးရှားနိုင်ငံပိုင် Petronas ကုမ္ပဏီထံ လွှဲပြောင်းရောင်းချခဲ့ခြင်း ဖြစ်သည်။ 

လက်ရှိတွင် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့များ တင်ပို့ရောင်းချနေသော ရဲတံခွန်စီမံကိန်းမှာ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု သိသိသာသာ လျော့ကျနေပြီဖြစ်သော်လည်း စီမံကိန်းသက်တမ်းအနေဖြင့် ၂၀၃၀ ပြည့်နှစ်အထိ ၁၀ နှစ်နီးပါး ကျန်ရှိနေသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အဘက်ဘက်မှ ယိုယွင်းလာသည့် အခြေအနေများကြောင့် နိုင်ငံတကာကုမ္ပဏီကြီးများ ထွက်ခွာခဲ့ရာ နိုင်ငံခြားငွေ အများဆုံးရှာဖွေပေးနေသည့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများမှ ရေနံကုမ္ပဏီကြီးများလည်း အပါအဝင်ဖြစ်သည်။ 

ပြင်သစ်ရေနံကုမ္ပဏီကြီး Total က နှစ်ပေါင်း၂၅ နှစ်ကျော် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံ၏ အကြီးဆုံးရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှ နုတ်ထွက်ရန် ယခုနှစ် ဇန်နဝါရီတွင် ဆုံးဖြတ်ခဲ့သည်။ ထိုစီမံကိန်းတွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် အမေရိကန်ရေနံကုမ္ပဏီ Unocal-Chevron ကလည်း အလားတူဆုံးဖြတ်ခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button