မေးမြန်းခန်း

အနာဂတ်ရဲတပ်ဖွဲ့ကို စစ်တပ်အောက်တွင် မရှိစေလို − အင်တာဗျူး

ကရင်နီပြည်ရဲဌာန (KSP) ကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သည့် ရဲဝန်ထမ်း ၃၀၀ ကျော်ဖြင့် ၂၀၂၁  ဩဂုတ်လတွင် စတင်ဖွဲ့စည်းခဲ့သည်။ နွေဦးတော်လှန်ရေးအတွင်း ပထမဦးဆုံး ပေါ်ပေါက်လာသည့် ရဲတပ်ဖွဲ့ဖြစ်သည့် KSP က သက်တမ်း ကိုးလကြာမြင့်လာချိန်တွင် ပြည်နယ်တွင်းရှိ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို ကိုင်တွယ်လာနိုင်သည်။ 

၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်နေ့က ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး စစ်ကောင်စီတပ်က ကျူးလွန်ခဲ့သည့် ဒေသခံ အစုလိုက်အပြုံလိုက်ကို မီးရှို့သတ်ဖြတ်မှုတွင် KSP က သက်သေများ စနစ်တကျစုဆောင်းပြီး စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။ KSP ၏ လတ်တလောလုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ပြန်ကြားရေးတာဝန်ခံ ဦးဘိုဘိုကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။ 

မေး − KSP က ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ဘယ်လောက်ထိ ပါဝင်လုပ်ဆောင်နိုင်ပြီလဲ။ ဘယ်အဖွဲ့အစည်း (သို့မဟုတ်) အစိုးရရဲ့ လမ်းညွှန်မှုအောက်မှာ ရှိပါသလဲ။ 

ဖြေ −  ကျွန်တော်တို့ KSP စတင်ဖွဲ့စည်းချိန်ကစပြီးတော့ အခုဆိုရင် ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ တရားဥပဒေစိုးမိုးရေးကဏ္ဍမှာ တော်တော်များများကို ပါဝင်လုပ်ဆောင်နေနိုင်ပါပြီ။ ပြီးတော့ နေရာတော်တော်များများမှာ ကျွန်တော်တို့ စခန်းတွေဖွင့်ထားပြီးတော့ ပြည်သူကလည်း ကျွန်တော်တို့ကို အမှုတွေ လာရောက်တိုင်တန်းတာတွေ များလာပါပြီခင်ဗျ။ ဖက်ဒရယ်စနစ်ကို သွားနေတာမို့လို့ ကျွန်တော်တို့ကရင်နီရဲက KSCC (ကရင်နီပြည်အတိုင်ပင်ခံကောင်စီ) ရဲ့ အနီးကပ်ကြီးကြပ်မှုအောက်မှာ ရှိနေပါတယ်။ ပြီးတော့ NUG လက်အောက်က CDM Police Team နဲ့လည်း ကျွန်တော်တို့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နေတယ်။  

ကရင်နီပြည်ရဲဌာန (KSP) ပြန်ကြားရေးတာဝန်ခံ ဦးဘိုဘို။ (ဓာတ်ပုံ​ – ပေးပို့) 

မေး − ရဲလုပ်ငန်းစဉ်မှာ အရေးကြီးတဲ့အပိုင်းဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး KSP က ဘယ်လိုမျိုး ကိုင်တွယ်နေပါသလဲခင်ဗျာ။ 

ဖြေ −  တရားဥပဒေစိုးမိုး‌ရေးနဲ့ ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ ဒေသန္တရဥပဒေကို အဓိကလိုက်နာတယ်။ ပြည်သူလူထုတွေထဲက စည်းကမ်းဖောက်ဖျက်တာတို့၊ ဥပဒေဖောက်ဖျက်ကျူးလွန်တာတို့ဆိုရင် ကျွန်တော်တို့က ဒေသန္တရဥပဒေနဲ့ပဲ အရေးယူတာများပါတယ်။

မေး −  မူးယစ်ဆေးဝါး ဖမ်းဆီးရမိတာတွေကို ဘယ်လိုကိုင်တွယ်နေပါသလဲ။ 

ဖြေ −  မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့မှ KNDF က ကျွန်တော်တို့ KSP ကို လာအပ်တာတွေရှိတယ်။ တခြားအဖွဲ့တွေလည်း ကျွန်တော်တို့ဆီကို လာအပ်ပါတယ်။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးပေါ် မူတည်ပြီးတော့မှ ပြစ်ဒဏ်အနည်းအများ သတ်မှတ်ထားတာရှိတယ်နော်။ အရင် စစ်ကောင်စီလက်ထက်လိုတော့ တစ်ပြားနှစ်ပြားမိတာနဲ့ ၅ နှစ်၊ ၆ နှစ် ချတာမျိုးတော့ မဟုတ်ဘူးပေါ့။

မေး −  ပြည်သူကို ဝန်ဆောင်မှုပေးမယ်ဆိုတော့ ဘယ်လိုဝန်ဆောင်မှုတွေ လုပ်နေပြီလဲ။

ဖြေ − ကျွန်တော်တို့ KSP က ကရင်နီပြည်သူလူထုကို ဝန်ဆောင်မှုပေးတဲ့အခါမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီးတော့မှ လူထုအခြေပြုတဲ့ပုံစံနဲ့ ဝန်ဆောင်မှုပေးသွားမှာဖြစ်တယ်။ 

အခုလက်ရှိမှာဆို ကျွန်တော်တို့က စစ်ဘေးရှောင်စခန်းတွေကို လိုက်ကူညီပေးနေတာမျိုး၊ ပြီးတော့မှ ကျွန်တော်တို့စခန်းတွေမှာ ရဲဘော်တွေကို ဆေးဝါးကျွမ်းကျင်သင်တန်းတက်ခိုင်းပြီးတော့မှ အခြေခံဆေးပေးခန်းလေးတွေ ဖွင့်ပြီးတော့မှ ပြည်သူလူထုကို ကူညီတာမျိုးပေါ့။ ရပ်ရွာအတွင်းမှာ စည်းကမ်းမလိုက်နာတဲ့ ဥပဒေမလိုက်နာတဲ့ ပြည်သူလူထုတွေရှိလာရင် ကျွန်တော်တို့က ရပ်ရွာဥက္ကဋ္ဌတွေနဲ့ ပေါင်းပြီးတော့ စည်းကမ်းလိုက်နာဖို့ တရားဥပဒေစိုးမိုးရေးဆောင်ရွက်တဲ့ပုံစံမျိုးပါ။ 

စည်းကမ်းမလိုက်နာတဲ့ လူတွေကို အပြစ်ပေးပြီဆိုရင် ထောင်ဒဏ်ချတာမျိုး တန်းမလုပ်ဘဲနဲ့ သူ့ရဲ့အပြစ်ပေါ် မူတည်ပြီးတော့မှ လူမှုရေးပြစ်ဒဏ်ပုံစံမျိုး ချတာပေါ့။ ပြီးတော့မှ သတိပေးတဲ့ပုံစံမျိုးနဲ့ စတယ်။ အပြစ်နည်းနည်းကြီးပြီဆိုတော့မှ အချုပ်မှာ ထိန်းသိမ်းတဲ့ပုံစံမျိုးပေါ့။ 

အဲ့လိုထိန်းသိမ်းရင်လည်း သူတို့ကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ပေးထားတယ်။ မိသားစုနဲ့ ဖုန်းပြောပိုင်ခွင့် ပြီးတော့မှ သူတို့ရဲ့ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးနဲ့အညီ ထားပေးတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလည်း ပေးတယ်။

မေး − KSP အနေနဲ့ ရဲအင်အားဘယ်လောက်ရှိပြီလဲ။ စတင်ဖွဲ့စည်းစဉ်ကထက် အရေအတွက် ဘယ်လောက်တိုးလာပါသလဲ။

ဖြေ −  ကျွန်တော်တို့ KSP က အခုလောလောဆယ်မှာ ကျား၊ မ အားလုံးပေါင်း ၂၅၀ ကျော်နဲ့ လည်ပတ်နေတာ ဖြစ်တယ်။ ပြီးတော့ နေရာတော်တော်များများမှာလည်း စခန်းရှိပြီး တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်နေပါတယ်ခင်ဗျ၊ ကျွန်တော်တို့စခန်းတွေက လွိုင်ကော်အရှေ့ဘက်ခြမ်းမှာ ရှိတယ်။ လွိုင်ကော်အနောက်ဘက်ခြမ်းမှာလည်း ရှိတယ်။ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာလည်း ရှိတယ်။ ဖရူဆိုအရှေ့ဘက်ခြမ်းရော၊ အနောက်ဘက်ခြမ်းမှာပါ ရှိသလို နောက်ထပ် တခြားနေရာတွေမှာလည်း ထပ်ပြီးတော့  တိုးချဲ့ဖို့ လုပ်ဆောင်နေပါတယ်။

မေး − လက်ရှိကြုံတွေ့နေရတဲ့ KSP ရဲ့ အခက်အခဲက ဘာတွေလဲ။  

ဖြေ − အခက်အခဲကတော့ အများကြီးရှိပါတယ်။ ဥပမာပြောရရင် စခန်းတွေမှာ လည်ပတ်ဖို့ ရန်ပုံငွေပေါ့နော်။ ပြီးတော့ ရဲစခန်းမှာ သုံးဖို့၊ ကားတို့ ဆိုင်ကယ်တို့။  အင်အားတိုးချဲ့ဖို့၊ လွှမ်းမိုးနယ်မြေတွေ ထပ်လုပ်နိုင်ဖို့အတွက် စခန်းအသစ်တွေ ဆောက်ဖို့ လိုတယ်။ လူအင်အားအသစ်တွေရဖို့အတွက် သင်တန်းတွေ ထပ်ဖွင့်ဖို့လိုတယ်၊ အဲဒီအတွက် ဘတ်ဂျက်လိုတယ်။ 

ပြီးတော့ အမှုတွေ စစ်ဆေးတဲ့အခါမှာလည်း ကြားကာလဖြစ်နေတဲ့အတွက် အခက်အခဲတွေ အများကြီးရှိတယ်။ စစ်ဘေးရှောင်လာတဲ့အတွက် သက်သေတွေမရတာမျိုး၊ ပြီးရင် ကျွန်တော်တို့ လွှမ်းမိုးနယ်မြေမဟုတ်ဘဲနဲ့ ထွက်ပြေးသွားတာမျိုးပေါ့။ အဲဒီလိုဆိုရင် ကျွန်တော်တို့က အခက်အခဲတွေ ရှိတယ်။

မေး − လာမဲ့ကာလတွေအတွက် KSP အနေနဲ့ ဘယ်လိုရည်ရွယ်ချက်မျိုးတွေ ရှိပါသလဲ။

ဖြေ − စစ်ကောင်စီမှ မဟုတ်၊ တခြားမည်သည့်အဖွဲ့အစည်းမဆို လူ့အခွင့်အရေးချိုးဖောက်မှု စစ်ရာဇဝတ်မှုနဲ့ တခြားရာဇဝတ်မှုများကို တားဆီးအရေးယူဖို့နဲ့ မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ကို လုပ်ဆောင်နေတာဖြစ်လို့ နောင်အနာဂတ်မှာလည်း လုပ်ဆောင်သွားမယ်။ 

အရေးတော်ပုံအောင်ပြီးသွားရင်လည်း ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့မှ အာဏာရှင်ကို ဆန့်ကျင်နေတဲ့ ကျွန်တော်တို့ကရင်နီပြည်ထဲက လူထုအခြေပြုရဲလုပ်ငန်းနည်းနာအတိုင်း လူထုနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်။ 

ပြီးတော့မှ ကရင်နီပြည်ထဲက အနာဂတ်မှာ စစ်သားအောက်က ရဲမဟုတ်ဘဲနဲ့ ဒီမိုကရက်တစ်ရဲ၊ တစ်နိုင်ငံလုံးမှာ စံပြရဲဖြစ်လာဖို့ မျှော်လင့်ထားတယ်ပေါ့။ KSP က ပြည်သူလူထုကို ထိထိရောက်ရောက် ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် ပြည်သူလူထုကလည်း ကျွန်တော်တို့ကို ဖေးမကူညီပေးကြပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button