သတင်း

နေအိမ်တွင် ရိုက်နှက်ဖမ်းဆီးခံရသည့် မန္တလေးရှေ့နေ မိသားစုနှင့် အဆက်အသွယ်မရ

မန္တလေးမှ ရှေ့နေတစ်ဦး မိသားစုရှေ့တွင် ရိုက်နှက်ဖမ်းဆီးခံလိုက်ရသည်မှာ ၁၀ ရက်ကြာပြီဖြစ်သော်လည်း မည်သည့်နေရာတွင် ထိန်းသိမ်းခံနေရသည်ကို မသိရသေးသဖြင့် သူ၏ အသက်အန္တရာယ်ထိခိုက်မည်ကို စိုးရိမ်နေကြသည်။

ဧပြီ ၈ ရက်နေ့က အသက် ၄၀ ကျော်အရွယ် တရားလွှတ်တော်ရှေ့နေ ဦးစည်သူ၏ ချမ်းအေးသာစံမြို့နယ်နေအိမ်သို့ စစ်ကောင်စီတပ်သားများက ကား ၅ စီးဖြင့် သွားရောက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ၎င်းနှင့်ရင်းနှီးသည့် ရှေ့နေတစ်ဦးက ဆိုသည်။ 

“သူက နေအိမ်မှာ ပြန်နေနေတာ။ ညဘက်ကြီး ခုလို ပိတ်ဆို့ဖမ်းခံလိုက်ရတာ။ နေအိမ်မှာလည်း အတော်ရိုက်နှက်သွားတယ်၊ မိန်းမနဲ့ ကလေးတွေက ငိုယိုတောင်းပန်မှ အရိုက်ရပ်သွားတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ရှေ့နေက ဆိုသည်။ 

စစ်တပ်က ၎င်းတို့ ဖမ်းဆီးထားသူကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မိသားစုကို အသိပေးလေ့မရှိပေ။  

ဦးစည်သူသည် ALPHA ဘိလပ်မြေကုမ္ပဏီနှင့် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာသားများအမှုတွင် ဒေသခံတို့ဘက်မှ အခမဲ့လိုက်ပါကူညီခဲ့သည့် ရှေ့နေတစ်ဦးဖြစ်သည်။

 အခြားသော မန္တလေးတိုင်းအနီးတစ်ဝိုက် မြေသိမ်းခံ လယ်သိမ်းခံတောင်သူများဘက်မှ ကူညီပေးမှုဖြင့် မန္တလေးတွင် နာမည်ကျော်ကြားသည်။ 

အာဏာမသိမ်းမီက မန္တလေးပြင်ဦးလွင်လမ်းရှိ တောင်သူများကို အမှတ် ၁၂၁ ထောက်ပို့တပ်က တရားစွဲသည့်မြေယာအမှုကိုလည်း ပြင်ဦးလွင်တရားရုံးတွင် ကူညီခဲ့ဖူးသည်။ 

ဦးစည်သူအပါအဝင် ထိုရက်ပိုင်းက မန္တလေးတွင် ဖမ်းဆီးခံရသူ ၂၀ ကျော် ရှိသည်ဟု စုံစမ်းသိရှိရသည်။  

ထို့ပြင် မန္တလေးသပိတ်တက်ကြွလူငယ်ခေါင်းဆောင် ကိုသူရအောင်အပါအဝင် သုံးဦးကို စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးခဲ့ပြီး (၃) လနီးပါးအထိ သတင်းထုတ်ပြန်လာခြင်း မရှိသေးသောကြောင့် အသက်အန္တရာယ်စိုးရိမ်နေရသည်ဟု မန္တလေးသပိတ်အင်အားစုများက ပြောသည်။ 

စစ်အာဏာသိမ်းမှုတစ်နှစ်ကျော်လာချိန်တွင် စစ်ကောင်စီကို ခုခံမှုများ နိုင်ငံအနှံ့ ပေါ်ပေါက်နေချိန်တွင် မန္တလေးသည်လည်း တော်လှန်ပုန်ကန်မှုအားကောင်းသည့် မြို့တစ်မြို့ဖြစ်သည့်အတွက် စစ်ကောင်စီက အပြင်းအထန်ဖိနှိပ်နေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button