သတင်း

BPLA ကို စစ်ရေး၊ နိုင်ငံရေး ကူညီမည်ဟု မြောက်ပိုင်း ၃ ဖွဲ့ဆို

စစ်အာဏာရှင်ကို ဆန့်ကျင်ရန် ဖွဲ့စည်းခဲ့သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၏ နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်များကို တတ်နိုင်သရွေ့ကူညီသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုသည်။ 

ယနေ့ (ဧပြီ ၁၇) တွင် ကျရောက်သော BPLA ထူထောင်သည့် တစ်နှစ်ပြည့်နေ့အခမ်းအနားသို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA)၊ တအာင်း (TNLA) နှင့် ကိုးကန့် (MNDAA) တပ်ဖွဲ့တို့က ပေးပို့ခဲ့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ထိုသို့ ဖော်ပြထားသည်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် သုံးလခန့်အကြာ ၂၀၂၁ ဧပြီ ၁၇ တွင် စစ်အာဏာရှင်ကို လက်နက်ကိုင် ပြန်ခုခံရန် ဗမာလူမျိုးကိုယ်စားပြုအဖြစ် BPLA ကို လွတ်မြောက်နယ်မြေတစ်နေရာ၌ စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

BPLA အနေဖြင့် ဗမာလူထုနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့၏ ယုံကြည်မှုရရှိထားကြောင်း၊ အချိန်တိုအတွင်း စနစ်တကျတိုက်ပွဲဝင်နိုင်သောကြောင့် အသိအမှတ်ပြုပါကြောင်း ယင်းသဝဏ်လွှာတွင် ပါရှိသည်။

နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသော လက်နက်ကိုင်အဖွဲ့များအနက် BPLA နှင့် ဆက်စပ်မှုရှိကြောင်း မြောက်ပိုင်း ၃ ဖွဲ့က ပထမဆုံးအကြိမ်ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

BPLA ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က သဝဏ်လွှာပေးပို့ခြင်းမှာ အသိအမှတ်ပြုသည်ဟု သဘောရကြောင်း ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက မှတ်ချက်ပြုသည်။

“ကျွန်‌တော့်အမြင်ကတော့ PDF အဖွဲ့တွေ အများကြီးရှိတယ်။ နောက် NUG (အမျိုးသားညီညွတ်ရေးအစိုးရ) တို့လို အဖွဲ့အစည်းတွေရှိတယ်ဆိုတော့ ထူးထူးခြားခြားပေါ့နော်၊ BPLA ကို အသိအမှတ်ပြုတယ်လို့၊ သဘောတရားကွာတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဗမာတွေကို ကိုယ်စားပြုတဲ့အဖွဲ့တွေက မရှိသေးဘူးလေ” ဟု ဦးဖေသန်းက Myanmar Now ကို ပြောသည်။

“ဒီ BPLA ကိုကျတော့ ဒီမဟာမိတ် ၃ ဖွဲ့က ဗမာပြည်ရဲ့ ကိုယ်စား အသိအမှတ်ပြုတဲ့ပုံစံမျိုး သတ်မှတ်တယ်လို့ ကျွန်တော် ယူဆတယ်။ ဗမာပြည်လွတ်မြောက်ရေးဆိုတဲ့ စကားလုံးအပေါ်မှာလည်း အလေးအနက် အသိအမှတ်ပြုထားပုံရပါတယ်”

တိုင်းရင်းသားလွတ်မြောက်ရေး ရှိနေခဲ့ပြီး ဗမာတွင်လည်း ဗမာလွတ်မြောက်ရေးတစ်ခုရှိသည်ဟု ယူဆရသောကြောင့် မဟာမိတ် ၃ ဖွဲ့က လက်ခံအသိအမှတ်ပြုပြီး အကူအညီပေးမည်ဆိုသည့် သဘောဟု ယူဆရကြောင်း ဦးဖေသန်းက ဆက်ပြောသည်။

BPLA တာဝန်ခံ မောင်ဆောင်းခနှင့် KNLA ၏ ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲတို့ကို ယနေ့ တွေ့ရစဉ် (ဓာတ်ပုံ-BPLA)

“ဗမာကိုယ်စားပြုပြီးတော့ ပေါ်လာတဲ့ အဖွဲ့အစည်းတစ်ခုတည်းသာရှိတယ်လို့ အခုအချိန်မှာ ကျွန်တော်တို့လည်း ရှုမြင်ပါတယ်။ ကျန်တဲ့အဖွဲ့တွေက ကိုယ့်နေရာနဲ့ကိုယ်လုပ်နေကြတဲ့အဖွဲ့အစည်းတွေ တစ်စုတစ်စည်းတည်း မကျသေးဘူး။ တစ်နည်းအားဖြင့် BPLA အနေနဲ့ တစ်စုတစ်စည်းတည်း အားလုံးကို ပေါင်းစည်းနိုင်ဖို့အတွက်၊ အားလုံး ကိုယ့်ဒေသအသီးသီးတွေမှာ လှုပ်ရှားနေကြတဲ့ PDF လှုပ်ရှားမှုတွေကို ဦးဆောင်ပေါင်းစည်းနိုင်ဖို့အတွက် တွန်းအားပေးရာရောက်တယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု ဦးဖေသန်းက ပြောသည်။

“ဗမာတွေအားလုံးလည်း BPLA နောက်မှာ ရှိသမျှလှုပ်ရှားမှုတွေ၊ PDF လှုပ်ရှားမှုတွေ အားလုံးပေါင်းပြီးတော့ လှုပ်ရှားနိုင်ရင်တော့ ပိုပြီးတော့ ခရီးရောက်မယ်လို့ မြင်ပါတယ်။ BPLA ကို မဟာမိတ်သုံးဖွဲ့က အသိအမှတ်ပြုတယ်၊ အားပေးတယ်ဆိုတဲ့ သဘောတရားပါတယ်”  

ယနေ့ BPLA အခမ်းအနားသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲနှင့် AA တပ်ဖွဲ့ဝင်တချို့တက်ရောက်ခဲ့သည်ကို ဓာတ်ပုံမှတ်တမ်းများ၌ တွေ့ရသည်။ 

ဒေသတွင်းအားကောင်းသော စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့ကလည်း ဂုဏ်ပြုသဝဏ်လွှာ ယနေ့ ပေးပို့ခဲ့သည်။ 

BPLA ၏ တာဝန်ခံမှာ လူ့အခွင့်အရေးလှုပ်ရှားမှုနယ်ပယ်တွင် ထင်ရှားခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကဗျာဆရာ မောင်ဆောင်းခဖြစ်သည်။

“နိုင်ငံရေးအမြင်/စစ်ရေးအမြင်၊ ပြတ်သားတဲ့ဦးဆောင်မှုတွေဟာ အဖူး ဘောကျော်ဟဲ၊ ရက္ခိုင့်တပ်တော်တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဗိုလ်မှူးကြီးကျော်ဟန်တို့ဆီက လေ့လာသင်ယူခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်” ဟု သူက ၎င်း၏ လူမှုကွန်ရက် ဖေ့ဘွတ်တွင် ယနေ့  ထုတ်ဖော်ရေးသားထားသည်။ 

ဆက်လက်၍ BPLA ကို ကူညီဝန်းရံပေးနေသော မဟာမိတ်များကို ဗမာအပါအဝင် အဖိနှိပ်ခံ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးလွတ်မြောက်ရေးအတွက် ကြိုးစားရုန်းကန်သွားမည်ဖြစ်ကြောင်း ၎င်းက ရေးသားထားသည်။ 

အလားတူ ဧပြီ ၁၀ ၌ ကျရောက်ခဲ့သည့် ရက္ခိုင့်တပ်တော်(AA) ထူထောင်သည့် ၁၃ နှစ်မြောက်အခမ်းအနားသို့လည်း BPLA အပါအဝင် နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့အများအပြားက ဂုဏ်ပြုသဝဏ်လွှာအသီးသီး ပေးပို့ခဲ့ကြသည်။ 

BPLA သည် လက်ရှိတွင် ကရင်ပြည်နယ် ဖာပွန်ခရိုင်၌ KNLA နှင့်အတူ ပူးတွဲလှုပ်ရှားနေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button