သတင်း

မုံရွာဆန္ဒပြပွဲ လုံခြုံရေးယူပေးနေသော PDF ၅ ဦး ပစ်သတ်ခံရ

မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ဧပြီ ၁၇ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းမြို့တော် မုံရွာ၌ ဆန္ဒပြပွဲလုံခြုံရေးအတွက် ကင်းစောင့်ပေးနေသော ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (PDF) ၅ ဦးကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။​

ယနေ့ နံနက် ၇ နာရီခန့်က မုံရွာမြို့အထွက် လမ်းမပေါ်တွင် ဆန္ဒပြစစ်ကြောင်းထွက်စဉ် မြို့ပြပြောက်ကျားအဖွဲ့ဝင်များနှင့် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ဝန်းရံလိုက်ပါကာ လုံခြုံရေးရယူပေးခဲ့သည်။​

ဆန္ဒပြသပိတ်စစ်ကြောင်းကို အောင်မြင်စွာ လူစုခွဲနိုင်ခဲ့သော်လည်း မုံရွာမြို့တောင်ဘက် ၈ မိုင်ခန့်အကွာ ကူတောပလ္လင်ရွာအနီးတွင် လုံခြုံရေးကင်းစောင့်ပေးနေသည့် PDF အဖွဲ့ငါးဦးကို ပျူစောထီးအဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခြင်းဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုအာကာက ပြောသည်။

“သပိတ်စစ်ကြောင်းမှာ ဘာမှ အထိအခိုက်မရှိဘူး။ ဘာမှ ထိတွေ့ပစ်ခတ်မှု မရှိဘူး။ အောင်မြင်စွာ ပြီးဆုံးခဲ့တယ်။ အဲဒီအချိန်မှာ လုံခြုံရေးကင်းထောက်သဘောမျိုးထားတဲ့ ကျွန်တော်တို့ညီအစ်ကို ငါးယောက်က ပျူတွေနဲ့ တွေ့ပြီးတော့ ဖမ်းဆီးပစ်သတ်ခြင်းခံလိုက်ရတယ်” ဟု ၎င်းက ပြောသည်။​

ဆန္ဒပြပွဲအတွက် ကင်းစောင့်ပေးနေသော PDF အဖွဲ့ဝင်များကို နှစ်မိုင်ကျော်အကွာရှိ တောပုရွာမှ ပျူစောထီးအဖွဲ့က ဝင်ရောက်ဖမ်းဆီးကာ ပစ်သတ်ခြင်းဖြစ်သည်ဟု ဆိုသည်။​

“ကင်းပုန်းဝပ်နေရင်းနဲ့ မိသွားတဲ့ ပုံစံမျိုး။ ပွိုင့်မှာ စောင့်ရင်းနဲ့ ပျူတွေလိုက်ပစ်နေပြီလို့ ကျွန်တော်တို့ဆီကို ဖုန်းသတင်းဝင်လာတယ်ဗျ။ ကျွန်တော်တို့ လူစုခွဲတဲ့အချိန်မှာ သူတို့လွတ်ပြီလို့ ထင်လိုက်တာ။ အလောင်းပုံတွေ တွေ့တော့မှ သူတို့ ကျသွားတာကို သိတာ” ဟု ကိုအာကာက ပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသည့် PDF အဖွဲ့ဝင် ငါးဦးမှာ အသက် ၂၀ မှ ၂၇ နှစ်အရွယ် လူငယ်များဖြစ်ကြောင်း၊​ ဖမ်းဆီးသတ်ဖြတ်ထားသည့် နေရာနှင့်အနီးတစ်ဝိုက်တွင် ပျူစောထီးများက မိုင်းများထောင်ထားသည်ဟု သတင်းရသဖြင့် ရုပ်အလောင်းများကောက်ယူနိုင်ခြင်း မရှိသေးကြောင်းလည်း ၎င်းထံမှ သိရသည်။​

ဒလန်သတင်းပေးမှုကြောင့် ပျူစောထီးများက နေရာအတိအကျသိပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် တစ်ဦးလည်းဖြစ်သူ ကိုသန်းကျော်ဦးက ၎င်း၏ Facebook တွင် ရေးသားထားသည်။

“ဒလန်သတင်းပေးမှုအရ PDF ပွိုင့်နေရာအတိအကျကို သိပြီး ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ PDF  ၅ ဦး အဖမ်းခံရပြီးတော့ ချက်ချင်းပဲ ပျူစောထီးတွေက ရက်ရက်စက်စက် ပစ်သတ်ခဲ့ပါတယ်” ဟု ၎င်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

PDF အဖွဲ့ဝင်ငါးဦ ဖမ်းဆီးသတ်ဖြတ်ခံရသည့် ကူတောပလ္လင်ရွာနားတွင် အခြားလူငယ်လေးဦး ထပ်မံဖမ်းဆီးရသည်ဟု သိရသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ကိုအာကာထံမှ သိရသည်။

“လမ်းမပေါ်ထွက်တာက ကျွန်တော်တို့ လုပ်ပြနိုင်တဲ့ တော်လှန်မှုထဲက တစ်ခုပါ။ Attention တစ်ခုလိုချင်လို့  လမ်းမပေါ်ထွက်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့က စစ်ကောင်စီကို လုံးဝလက်မခံဘူး။ ဘယ်တော့မှလည်း သွေးမအေးသွားဘူးဆိုတာကို ရရာနည်းမျိုးစုံနဲ့ ပုံဖော်နေပြီးတော့ တော်လှန်နေတာဖြစ်တယ်”

နှစ်ဆန်းတစ်ရက်နေ့တွင် စစ်ကိုင်းတိုင်းအတွင်း မုံရွာတစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ်နှင့် ကလေးမြို့တွင်လည်း စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြပွဲများ ပေါ်ထွက်ခဲ့သည်။

ခုခံတော်လှန်မှု ပြင်းထန်သော စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက မတ်လဆန်းပိုင်းမှစ၍ အင်တာနက်ဖြတ်တောက်ကာ မြို့ရွာများကို ဝင်ရောက်စီးနင်းပြီး ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ သင်္ကြန်ကာလတွင်းပါမရှောင် ကျူးလွန်လျက်ရှိသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button