သတင်း

မုံရွာမြို့စွန် ရဲစခန်းကို PDF အဖွဲ့များ ဝင်တိုက်

စစ်ကိုင်းတိုင်းမြို့တော် မုံရွာရှိ ရဲစခန်းတစ်ခုကို နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ငါးဖွဲ့က ယနေ့ (မတ် ၁၆) နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

မုံရွာမြို့စွန် စက်မှုဇုန်ရပ်ကွက်အတွင်းရှိ အမှတ် ၂ ရဲစခန်းကို မုံရွာခရိုင် ပြောက်ကျားကွန်မန်ဒိုတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့၊ Monywa The Boys, Monywa Ranger Group/ Truth Army, Northwest Plains Revolutionary Forces (NPRF) တို့က နာရီဝက်ခန့်ကြာ ဝင်တိုက်ခဲ့ရာ ရဲ ၁၀ ဦးထက်မနည်း သေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုရဲစခန်းနယ်မြေသည် စစ်ကူအလွယ်တကူမရောက်နိုင်သော နေရာဖြစ်၍ ရွေးချယ်တိုက်ခဲ့ခြင်း ဖြစ်သည်ဟု Monywa The Boys ၏ PDF အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“နာရီဝက်လောက်ကြာတော့ သူတို့စစ်ကူရောက်နိုင်တဲ့အနေအထားမို့ ကျွန်တော်တို့ ပြန်လည်ဆုတ်ခွာခဲ့တာ။ ကျွန်တော်တို့ဘက်က ကျည်ကွယ်မရှိဘူး လမ်းဘေးကနေပစ်ရတာဆိုတော့။ သူတို့ ပြန်ပစ်တာက ၄၀ မမ နဲ့ဗျ။ အဲဒါအောင်တဲ့ဟာက အောင်တယ်၊ မအောင်တဲ့ဟာက မအောင်ဘူး” ဟု ဒေါက်တာဆိတ်ဖွားဟု အမည်ပေးထားသည့်၊ တိုက်ပွဲတွင် ပါဝင်ခဲ့သည့် အသက် ၃၀ အရွယ် ထိုအမျိုးသားက ပြောသည်။

“ဒလန်ရှင်းတာလောက်နဲ့က အဆင်မပြေလို့ စစ်ဆင်ရေးတစ်ဆင့်မြင့်တဲ့ ပုံစံမျိုးပဲ။ သူတို့မိသားစုတွေလည်း အဲဒီမှာရှိတယ်ဗျာ။ ကျွန်တော်တို့ပြည်သူတွေ ခံစားရသလို သူတို့လည်း ပြန်ခံစားရအောင် ပစ်မှတ်ထားပြီးတိုက်တာ”  

ရဲစခန်းအနီး စတင်ချဉ်းကပ်နေစဉ် ခွေးဟောင်သံကြောင့် အပြင်ထွက်ကြည့်လာသော ရဲအုပ်စုအတွင်း RPG (ပခုံးထမ်းလောင်ချာ) ဖြင့် ကနဦးပစ်ခတ်လိုက်နိုင်သောကြောင့် ရဲတပ်သားတို့ သေဆုံးခြင်းဟု ဆိုနိုင်ကြောင်း ဒေါက်တာဆိတ်ဖွားက ပြောသည်။

“ခွေးဟောင်တော့အခါကျတော့ ဒီကောင်တွေ တုတ်မီးနဲ့ လိုက်ရှာတယ်ဗျ။ အဲဒီအုပ်စုကို ကျွန်တော်တို့က RPG နဲ့ ပထမဆုံးထုလိုက်တာ။ အဲဒါ ကျွန်တော်တို့ အတည်ပြုနိုင်တဲ့ ဟာပေါ့။ အဲဒီနောက် ထွက်လာသမျှကိုလည်း တောက်လျှောက် လာတဲ့ဟာကို ကျည် ၅၀၀ ကျော်လောက်နဲ့ အကုန်ထုခဲ့တယ်” ဟု ၎င်းက ပြောသည်။ 

ရဲစခန်းတည်ရှိရာ စက်မှုဇုန်သည် သံထည်ပစ္စည်းများ ပုံဖော်ပြုပြင်သော တွင်ခုံလုပ်ငန်းများ၊ ကားပစ္စည်းများ ရောင်းချပြုပြင်သော လုပ်ငန်းများ အများဆုံးလုပ်ကိုင်သည့်နေရာဖြစ်သည်။ 

ရဲစခန်း တိုက်ခိုက်ခံရသည်မှန်သော်လည်း ရဲများ သေဆုံး၊ ထိခိုက်ဒဏ်ရာရသည်ဆိုခြင်းကို မကြားသိရသေးကြောင်း ဒေသခံတို့က ပြောသည်။

“အခုမနက် ဒီဘက်က ကလေးတွေက စစ်သေနတ်လိုမျိုးနဲ့ တရစပ်ပစ်တာ ကြားရတယ်။ အခုနောက်ပိုင်း ကျွန်မတို့ မုံရွာကလူတွေက ဟာ အုန်းတဲ့ကွ၊ ဘယ်နှကောင်သေပြီလဲ မသိဘူးကွနဲ့ အုန်းဆိုရင်ကို ပျော်နေကြပြီ ကလေးပေါက်စနလေးကအစ” ဟု မုံရွာမြို့နေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရသော ရဲစခန်းမှ ရဲတပ်သားတစ်ဦး ဗုံးစထိမှန်ကြောင်း စစ်အာဏာသိမ်းမှု ထောက်ခံရေးသားနေသော လူမှုကွန်ရက်စာမျက်နှာတချို့တွင် တွေ့ရသည်။ 

စစ်ကောင်စီက စခန်းတိုက်ခိုက်ခံရမှုများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်လေ့မရှိပေ။

စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်သည့် မုံရွာမြို့မှ ရဲစခန်း တိုက်ခိုက်ခံရသော်လည်း မုံရွာမြို့ပေါ်လမ်းများတွင် အစစ်အဆေးတင်းကျပ်ခြင်း၊ လိုက်လံရှာဖွေခြင်းများ ထူးထူးခြားခြားမတွေ့ရသေးကြောင်း မုံရွာဒေသခံနှစ်ဦးထံမှ သိရသည်။

အာဏာသိမ်းစစ်ကောင်စီက အမြို့မြို့အနယ်နယ်တွင် ရေကစားမဏ္ဍပ်များဆောက်ကာ လက်နက်ကိုင်စစ်သားများ အစောင့်ချ၍ သင်္ကြန်ကာလ ပျော်ရွှင်ပွဲများ ဖန်တီးနေချိန်တွင် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ သင်္ကြန်မဏ္ဍပ်များ ပစ်မှတ်ထားတိုက်ခိုက်ခံရခြင်းဖြစ်သည်။

ယခုနှစ် ၂၀၂၂ ဆန်းပိုင်းမှစ၍ စစ်ကောင်စီက ခုခံမှုအားကောင်းသောဒေသများကို ပစ်မှတ်ထား ထိုးစစ်ဆင်နေသည်။ သို့သော် စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးစတင်သော တစ်နှစ်ပြည့်ကာလ ယခု (ဧပြီ) လဆန်းပိုင်းမှစ၍ ပြည်သူ့တော်လှန်ရေးအင်အားစုများက မြို့ပေါ်ပစ်မှတ်များကို ပြန်လည်တိုက်ခိုက်လာသည်ကို တွေ့ရသည်။ ယခုလဆန်းပိုင်းမှစ၍ ရဲစခန်း သုံးခုထက်မနည်း တိုက်ခိုက်ခံထားရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်ကောင်စီထိန်းချုပ်ထားသည့် နယ်မြေအချို့ကို မကြာမီ လွတ်မြောက်နယ်မြေများအဖြစ် ဖန်တီးနိုင်တော့မည်ဟု ယနေ့ (ဧပြီ ၁၆) နံနက်တွင် ထုတ်လွှင့်သည့်  နိုင်ငံတော်အခြေပြုမိန့်ခွန်းတွင် ထည့်ပြောသွားသည်။

“မြို့ပြတချို့ကိုလည်း ဝိုင်းပတ် စိုးမိုးထားပြီဖြစ်ပါတယ်။ …များမကြာမီ နယ်မြေတော်တော်များများကို လွတ်မြောက်နယ်မြေအဖြစ် ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။ မိစ္ဆာစစ်ကောင်စီတွေနဲ့ ယနေ့ထိ ရင်ဆိုင်ရတဲ့ တိုက်ပွဲတိုင်း ကျွန်တော်တို့ဘက်က အနိုင်ရနေသလို အဆုံးသတ်စစ်ပွဲမှာလည်း ပြည်သူလူထုကပဲ အနိုင်ရမယ်လို့ ကျွန်တော်လုံးဝယုံကြည်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ထို့ပြင် လတ်တလော NUG ထိန်းချုပ်ထားသည့် နယ်မြေအချို့တွင် ကြားကာလအုပ်ချုပ်ရေးနှင့် တရားစီရင်ရေးယန္တရားများကိုပါ စတင်အကောင်အထည်ဖော်နေပြီဟု NUG က အသိပေးထားသည်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း တစ်နှစ်ပြည့်သတင်းထုတ်ပြန်ချက်တွင်လည်း NUG နှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် ဒေသကာကွယ်ရေးအဖွဲ့ ၃၅၄ ဖွဲ့ရှိပြီဖြစ်ကြောင်း ပါရှိသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF, ဒေသတော်လှန်ရေးအဖွဲ့အစည်း LDF, တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်များ EAOs စသည့် အဖွဲ့အစည်းများ၏ နယ်မြေစိုးမိုးမှုသည် နိုင်ငံ့ဧရိယာ၏ ၅၀ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်းလည်း NUG က ထုတ်ပြန်သည်။

မြို့အသီးသီးတွင် အာဏာသိမ်းစစ်ကောင်စီကို ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်ခံရပြီးနောက် လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာသည်။

ဤအတောအတွင်း မြို့တချို့တွင် စစ်ကောင်စီကို ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button