"ကျွန်မတို့က အကြံပြုပေးတာပဲ လုပ်လို့ရတယ်"

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဝင်း (ဓာတ်ပုံ - ထက်ခေါင်လင်း/ Myanmar Now)
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဝင်း (ဓာတ်ပုံ - ထက်ခေါင်လင်း/ Myanmar Now)

ရန်ကုန် – ဒေါ်ခိုင်ခိုင်ဝင်းသည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် မကြာသေးမီက စတင်ပေါ်ပေါက်လာသော ထိုကော်မရှင်တွင် တာဝန်ယူလိုသောကြောင့် ဝင်ငွေကောင်းသော ဂျပန်ဘာသာပြန်အလုပ်၊ ပြည်ပအဖွဲ့အစည်းအလုပ်အကိုင်တို့ ကို စွန့်လွှတ်ခဲ့သည်ဟု ဒေါ်ခိုင်ခိုင်ဝင်းက ပြောသည်။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး ဂျပန်နိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ ပါရဂူဘွဲ့ ရရှိခဲ့သူ၊ စာနယ်ဇင်းနှင့်ရင်းနှီးကျွမ်းဝင်သူ  ၄၁ နှစ် အရွယ် ဒေါ်ခိုင်ခိုင်ဝင်းက မကြာသေးမီရက်ပိုင်းအတွင်း Myanmar Now နှင့် တွေ့ဆုံစဉ် ပြည်တွင်း လူ့အခွင့်အရေးအခြေအနေ၊ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု၊ ပဋိပက္ခဒေသ အနေအထားတို့အကြောင်းကို ပြောပြထားသည်။ Myanmar Now သတင်းအဖွဲ့ တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မေး - ဌာနဆိုင်ရာ မှတ်တမ်းမှတ်ရာတွေက ကန့်သတ်ထားတာတွေ များတယ်။  ကော်မရှင်ရဲ့ စုံစမ်းမှုမှာ လိုအပ်ချက်အရ အစိုးရဌာနကို စာရွက် စာတမ်း တောင်းယူတဲ့အခါ အခက်အခဲတွေ့ရပါသလား။  

ဖြေ -   လက်ရှိအထိတော့ အဲဒီလိုအနေအထားမျိုး လုပ်ရမယ့်အမှု မရှိသေးဘူး။ ဥပမာ   အုပ်ချုပ်ရေးမှူးတစ်ယောက်ကို လာတိုင်တယ်ပေါ့။ သူ့ကြောင့်လူ့အခွင့်အရေးဆုံးရှုံးတယ်ဆိုရင် … ကျွန်မတို့က လိုက်တယ်၊   အထောက်အထားတွေနဲ့ ဥပဒေပညာရှင်တွေက သုံးသပ်ပြီး နောက်ဆုံးထွက်လာတဲ့ သုံးသပ်ချက်တွေကို အဲဒီအထွေထွေ အုပ်ချုပ်ရေးရုံးထက်မြင့်တဲ့ ပြည်ထဲရေးကို ပို့တယ်၊ ဘယ်နေ့က၊ ဘယ်မြို့က၊ ဘယ်သူဟာ ဘာလုပ်ခဲ့တာကို ကော်မရှင်တွေ့ရှိချက်က ဒီလိုဖြစ်နေတယ်၊ ဒီလိုဖြစ်သင့်ပါတယ်လို့ အကြံပြုလိုက်တယ်၊  ဘယ်လိုလုပ်ပါလို့ မပြောဘူး။ ဟိုဘက်ကလည်း  ကော်မရှင်ဥပဒေအတိုင်း ရက်ပေါင်း ၃ဝ အတွင်းမှာ အကြောင်းပြန်ရမယ်။ အဲဒီအကြောင်းအရာကို ဌာနအနေနဲ့ရတယ်၊ စုံစမ်းလိုက်တာမှန်တယ်၊ သူ့ကိုအရေးယူပြီးသွားပြီဆိုတဲ့စာ ပြန်လာတယ်။ ပြန်စာရတဲ့အခါ ကျွန်မတို့ဆီ တိုင်ခဲ့တဲ့သူကို ဒီစာပြန်ပို့ပေးတယ်၊ တိုင်ထားတဲ့ကိစ္စ ဒီလိုဖြစ်သွားတယ်ပေါ့။ နောက် ရှေ့နေလိုင်စင် အသိမ်းခံရတယ်ပေါ့၊ ဒါဟာ သူ့ရဲ့လူ့အခွင့်အရေးကို ချိုးဖောက်တာ။ ကျွန်မတို့က လိုက်တယ်၊ မှန်ကန်တယ် ဆိုရင် ရှေ့နေ လိုင်စင် ပြန်ရသွားတဲ့သူတွေရှိတယ်။ ဒီနေ့ဒီအချိန်အထိတော့ နိုင်ငံတော်လုံခြုံရေးနဲ့ဆိုင်တဲ့ကိစ္စ ဘယ်ဌာနနဲ့မှ မရှိသေးဘူး။ (မွန်ပြည်နယ်ရှိ တပ်မတော် စခန်းတစ်ခုတွင် ထိန်းသိမ်းခံရစဉ် ပစ်ခတ်ခံရပြီး သေဆုံးသူ) ကိုပါကြီး အမှုမှာ ဗိုလ်ချုပ်တွေ ကပါ လာအစစ်ခံတယ်။  ဒီနေ့အထိကတော့  ကန့်သတ်ဆိုတဲ့ဟာတွေနဲ့ မတွေ့ဖူးသေးဘူး။

မေး - ၂ဝ၁၅  ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြပွဲတစ်ခုမှာ လက်ပတ်နီဝတ်  စွမ်းအားရှင်ဆိုတဲ့သူတွေက ဝင်ပြီး အကြမ်းဖက် ကိုင်တွယ်ခဲ့တယ်။ ဒီဖြစ်ရပ်အကြောင်း ကော်မရှင်က  ကိုင်တွယ်စုံစမ်းခဲ့တာရှိပါသလား။

ဖြေ -   ကျွန်မသိသလောက်တော့ မလုပ်ဘူးရှင့်။ စောင့်တော့စောင့်ကြည့်တာပေါ့။   

မေး -   ကော်မရှင်ဥပဒေမှာပါတဲ့ တချို့အချက်တွေက ကော်မရှင်ရဲ့ အလုပ်တွေကို အဟန့်အတားဖြစ်နေတာမျိုး ရှိပါသလား။ ဥပမာဆိုရရင်  တရားရုံးမှာ စီရင်ဆဲနဲ့ စီရင်ချက်ချပြီး သားအမှုတွေကို ကော်မရှင်က ကိုင်တွယ်ပေးလို့ မရဘူး။

ဖြေ - ဆုံးဖြတ်ပြီးသားအမှုတွေကို မကိုင်ရဘူးဆိုရင် ဒီတရားရုံးကဆုံးဖြတ်တာဟာ တရားမျှတမှုဖြစ်ပါတယ်လို့ ဘယ်သူပြောနိုင်မလဲ၊ တရားသူကြီးက တရားမျှမျှတတနဲ့ အမှုကို ကိုယ်တွယ်ပါတယ်လို့ ကော်မရှင်က ဆိုနိုင်မလားဆိုတာမျိုး ရောက်တဲ့နေရာတိုင်းမှာ အမေးခံရတယ်။ ကော်မရှင်က လူကြီးပိုင်းတွေ သုံးသပ်ထားတာ ရှိတယ်၊ နောက်ပိုင်း ဒါမျိုးတွေ သိပ်များလာလို့ လိုအပ်လာရင် ဥပဒေပြင်တဲ့လမ်းကြောင်းအတိုင်း တစ်မျိုးတစ်ဖုံလုပ်ကြဖို့ပေါ့။ ဆုံးဖြတ်ထားပြီးသား အမှုတိုင်းမှာလည်း တရားမျှတပါတယ်လို့ ပြောလို့မရဘူးရှင့်။ အခုလွှတ်တော်ထဲမှာ ကော်မတီတွေရှိပါတယ်၊ ဥပဒေတိုင်းကို သုံးသပ်ပြီး အားနည်းတယ်ထင်ရင် ပြင်လို့ရတဲ့အပိုင်းတွေရှိတော့ လူ့အခွင့်အရေးကော်မရှင်မှာ ဒါမျိုးတွေ ဖြစ်နေသေးတယ် (ဆိုပြီး) ပြည်သူတွေရဲ့အားနဲ့၊ ပြည်သူတွေရဲ့ အသံတွေနဲ့ သွားရင် ဖြစ်လာနိုင်ပါတယ်။  

မေး -  အစိုးရကို အကြံ ဉာဏ်ပေးလို့ရတယ်ဆိုတော့ ဘာအကြံ ဉာဏ်တွေ ပေးထားပြီးပြီလဲ။

ဖြေ -  ဥပဒေတစ်ခုဟာ ထွက်လာပေမယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူးဆိုရင် ကျွန်မတို့က အကြံဉာဏ်တွေ ပေးလို့ရတယ်။ ဥပဒေအားလုံးတော့ ကျွန်မတို့ မလုပ်နိုင်သေးပါဘူး။ တစ်လင်တစ်မယားစနစ်ဥပဒေ ထွက်လာချိန်မှာ ကျွန်မတို့မှာ ရာဇသတ်ကြီးဥပဒေရှိပြီးသား၊ အဲဒီထဲက ပုဒ်မ ၃၉၄၊ ၃၉၅ ဆိုတာနဲ့ ထိပ်တိုက်ဖြစ်မနေ ဘူးလား၊ အဲဒီရာဇသတ်ကြီးထဲကဟာကိုပဲ ခေတ်နဲ့လျော်ညီအောင် လုပ်လို့မရဘူးလားပေါ့။  ကျွန်မတို့က လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေး၊ လူမှုရေးက ခေါင်းဆောင်တွေနဲ့ တွေ့တယ်။ သူတို့တင်ပြတဲ့ အချက်တွေကိုလည်း လွှတ်တော်ဆီကို တင်ပေးလိုက်တယ်။  

မေး - ကော်မရှင်ရဲ့ အောင်မြင်မှုတချို့ကို ပြောပြပါဦး။

ဖြေ - အောင်မြင်မှုဆိုတာ ကျွန်မအမြင်နဲ့ပဲ ပြောလို့ရမယ်ရှင့်။ ကျွန်မ ဒီကော်မရှင်ကို ၂ဝ၁၄ ကတည်းက ဝင်လုပ်တဲ့နေရာမှာ နံပါတ်တစ်အနေနဲ့ ပြောရရင် ကိုပါကြီးကိစ္စပေါ့။  ကိုပါကြီးက ဒီလိုဒီလိုဖြစ်ပြီး သေသွားတယ်။ ဟိုးအရင်အချိန်တွေကဆိုရင် ဒီလိုအဖြစ်မျိုး ဘယ်သူမှ အနားတောင်ကပ်လို့ရမှာမဟုတ်ဘူး။ ကိုပါကြီးရဲ့ အမျိုးသမီးလည်း အဲဒီလိုအလောင်းဖော်တာ တို့လို အနားတောင်ကပ်လို့ရမှာ မဟုတ်ဘူး။ သူ့ရဲ့အသံတွေလည်း မီဒီယာပေါ် တက်လာမှာမဟုတ်ဘူး။ ကျွန်မတို့ဘက်က ဒါလူ့အခွင့်အရေးချိုးဖောက်တာ၊ နိုင်ငံသားတစ်ယောက်က ဒီလိုမဖြစ်သင့်ဘူးလို့ ကျွန်မတို့ ဒုတိယဥက္ကဋ္ဌကြီးကိုယ်တိုင် စုံစမ်းမယ်ဆိုတဲ့အချိန်မှာပဲ သမ္မတဦးသိန်းစိန်က ဒီကိစ္စကို လိုက်ပါ၊ ဒါလူ့အခွင့်အရေးချိုးဖောက်တာ၊ မင်းတို့အဖွဲ့တွေ သွားသင့်တယ်လို့ တိုက်ရိုက်ဖုန်းဆက်တယ်။ ကျွန်မတို့ဥပဒေမှာလည်း ပါတယ်၊ လိုအပ်တဲ့အချိန်မှာ သမ္မတက ခိုင်းခွင့်ရှိတယ်လို့။ ဒါပေမဲ့ ဒီကိစ္စမှာ သူ့ဘက်ကိုယ့်ဘက် အမြင်မတူတာ တွေရှိတယ်၊ ပြောမှလုပ်တယ်လို့ ကျွန်မတို့ကို ထောက်ပြဝေဖန်တဲ့သူတွေ၊  မီဒီယာတွေလည်းရှိတယ်။ တကယ်တော့ နိုင်ငံတော်ကို အုပ်ချုပ်တဲ့သမ္မတ ကိုယ်တိုင်က ဒီလူ့အခွင့်အရေးကိစ္စကို စိတ်ဝင်တစားနဲ့ ဖုန်းဆက်တယ်ဆိုကတည်းက ကျွန်မတို့ဘက်ကအနိုင်လို့ ကျွန်မတော့တွက်တယ်။ သူ မဆက်လည်း ရတာပဲ။

မေး - သမ္မတက ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို စုံစမ်းခိုင်းလို့ရပါလျက်နဲ့ ဘာဖြစ်လို့ ကော်မရှင်ကို အားကိုးရတာလဲ။

ဖြေ - သမ္မတတစ်ယောက်မှာ လမ်းကြောင်းတွေ အများကြီး ပိုင်ထားတာပဲလေ။ ဒါပေမဲ့   ဥပဒေမှာ သမ္မတ လိုအပ်ရင် သမ္မတပြောတဲ့ကိစ္စ သွားလို့ရတယ်ဆိုတော့  လူ့အခွင့်အရေးရှုထောင့် ကနေသွားရင် ပိုမြန်မယ်လို့ သူ သုံးသပ်လို့နေမှာပေါ့။ ကျွန်မတို့ စုံစမ်းတယ်၊ အလောင်းဖော်တဲ့ဆီမှာလည်း တောက်လျှောက်ပါတယ်။ ကိုပါကြီးအမျိုးသမီးရော၊ သူ့ရှေ့နေရော ပါတယ်။ တိုင်တဲ့သူက အမျိုးသမီးဖြစ်တော့ သူ့ရဲ့လုံခြုံရေးအရ နောက်တစ်ယောက်ကို ခေါ်ခွင့်ရှိတယ်။  ဒါပေမဲ့ သူနဲ့ပါလာတဲ့အဖွဲ့ တစ်ဖွဲ့လုံး ဝင်လို့ရမှ သူဝင်မယ်ဆိုတော့ ကျွန်မတို့ရုံးရှေ့မှာ ဆန္ဒပြတာမျိုး ဖြစ်တယ်။ ကျွန်မတို့ဘက်က သူ့ကို ဆက်သွယ်ပါတယ်။ ကျွန်မတို့အင်တာနက်စာမျက်နှာမှာ အသေးစိတ်ရေးထားတယ်၊  ကျွန်မတို့သွားတယ်၊ အလောင်းပြန်ဖော်တယ်။ အလောင်း ပြန်သယ်လာတော့ ဖြတ်ရမယ့် မြို့၊ ရွာတိုင်းက အများအားဖြင့် ဖြတ်သန်းဖို့ သဘောမတူဘူး။ မြန်မာ့ထုံးစံအရ သေပြီးတဲ့အလောင်းကို လုံးဝ မြို့ထဲအဝင်မခံဘူး။ နည်းနည်း ရုတ်ရုတ်ဖြစ်သွားတာမှာ လူ့အခွင့်အရေးကော်မရှင်ကနေဆိုပြီး ကျွန်မတို့ဆိုင်းဘုတ်တင်ပြီး ပေးသွားပါပြောပြီးတော့ ရှေ့ဆုံးကနေ ကျွန်မတို့ကား ထွက်တယ်၊ ကျွန်မတို့ ကားထွက်မှ လူအုပ်က ဖယ်ပေးပြီး အလောင်းကို ရန်ကုန်သယ်၊ ကောင်းမွန်စွာနဲ့ လူသားတစ်ယောက် ပီသစွာနဲ့ သူ သဂြိုလ်ခွင့်ရသွားတယ်။ ဆုံးရှုံးသူဘက်ကကြည့်ရင် အများကြီးဆုံးရှုံးတယ်လို့ ပြောလို့ရပေမဲ့ လူ့အခွင့်အရေးဘက်က ကြည့်မယ်ဆိုရင် ကော်မရှင်က အကောင်းဆုံးလုပ်ပေးနိုင်ခဲ့တာပဲ။ ပြည်သူတွေနဲ့ ကျွန်မတို့နဲ့ နည်းနည်း သဘောထားချင်း မတိုက်ဆိုင်တာက သူတို့က ကျွန်မတို့ကို တရားစီရင်ချက်ချလို့ရတဲ့ အဖွဲ့အစည်း ထင်နေတယ်။ ကျွန်မတို့က အကြံပြုပေးတာပဲ လုပ်လို့ရတယ်။ လိုက်ပြီး မလုပ်တာလုပ်တာက ဟိုဘက်အဖွဲ့အစည်းက လူတွေရဲ့ လူ့အခွင့်အရေးပေါ် နားလည်မှု၊ လေးစားမှုပေါ် မူတည်တာ။ သူတို့ရဲ့ လူ့အခွင့်အရေးပေါ် နားလည်တဲ့ သဘောတရား၊ စိတ်ခံယူချက်ပြောင်းသွားတဲ့အပေါ် ကျွန်မတို့ အလုပ် လုပ်ရတာ အရမ်းလွယ်တယ်။  ဟိုတလောက မိုးညှင်းမြို့က အချုပ်ထဲမှာ ရိုက်နှက်တာကို ဗီဒီယိုရိုက်ထားပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က လာတိုင်တယ်။ အဲဒီကိစ္စကို ကျွန်မတို့စုံစမ်းပြီး မှန်ကန်တဲ့အတွက် အထက်ကိုစာပို့လိုက်တာ  ဘယ်နေ့၊ ဘယ်ရက်က အဲဒီလုပ်တဲ့သူကို ဖြုတ်လိုက်ပါပြီလို့ တကူးတကနဲ့ တလေးတစား စာပြန်လာတယ်။ ဆိုလိုချင်တာက ဟိုဘက်က အရေးယူတဲ့အပိုင်း တိုးတက်လာပြီ။  အကျဉ်းထောင်၊ အကျဉ်းစခန်းတွေ သွားစစ်တာမှာလည်း အခုနောက်ပိုင်း လူ့အခွင့်အရေးရှိလာပြီ ဆိုတဲ့အသိနဲ့ အကျဉ်းသားတွေရဲ့ အခြေအနေကောင်းလာပြီ။ ကျွေးမွေးတာကအစ အဆင်ပြေလာတယ်။ ၁၉၄၈ ကနေ ၂ဝ၁၁ အထိ လူ့အခွင့်အရေးမပြောနဲ့၊ ဘာမှတောင်ပြောလို့မရတဲ့ အခြေအနေကနေ အများကြီး တိုးတက်လာတယ်လို့ ပြောလို့ရမယ်။ ကျွန်မတို့ဆီကိုလည်း တိုင်တန်းမှုတွေ အရမ်းများလာတယ်။ များလာလို့ ဂုဏ်ယူပြီး ပြောတာမဟုတ်ဘူး။ လူ့အခွင့်အရေးကော်မရှင်ကို အားကိုးလာတယ်။ (အယ်ဒီတာ မှတ်ချက် -မိုးညှင်းမြို့ အချုပ်ခန်းကိစ္စနှင့် ပတ်သက်ပြီး ဖြေရှင်းရာတွင် တာဝန်ရှိသူကို "အရေးယူလိုက်ပါပြီ" ဟု  ပြောလိုခြင်းဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်ဝင်းက နောက်ပိုင်းတွင် ဆက်သွယ် ပြောဆိုလာပါသည်)

မေး - တိုင်တန်းရာမှာ  မအောင်မြင်တာ၊   စစ်ဘက် အရပ်ဘက် နိုင်ငံတော် ထိပ်တန်းခေါင်းဆောင်တွေနဲ့ ပက်သက်နေတာတွေ  ရှိလား။

ဖြေ - တိုင်တန်းတဲ့ကိစ္စက  ဥပဒေပါအချက်တွေ မပြည့်စုံတာမျိုးဆိုရင်တော့ ကျွန်မတို့ ကိုင်တွယ်လို့မရဘူး။ တိုင်တန်းတဲ့ကိစ္စတွေမှာ တကယ့်ထိပ်တန်းလောက်အထိတော့ မရှိဘူး။ တပ်ဘက်နဲ့ ပတ်သက်တာမှာဆိုလည်း ဒီလူတစ်ယောက်ရဲ့ အခွင့်အရေးချိုးဖောက်တာထက် လယ်မြေသိမ်းတဲ့ကိစ္စက များတယ်။ ကျွန်မတို့လုပ်လိုက်တဲ့အခါ တပ်ဘက်က တော်တော် များများလည်း ပြန်ပေးပြီးပြီ။ တချို့ဟာတွေကျတော့လည်း မြေ (ပြန်) မပေးနိုင်တဲ့အခါမှာ လျော်ကြေးပေးတာမျိုး ရှိတယ်။  ၂ဝ၁၅ ခုနှစ်မှာပဲ တိုင်တန်းချက်ပေါင်းက ၁,၇ဝဝ ကျော် သွားပြီ။ စဖွဲ့တဲ့ ၂ဝ၁၁ ခုနှစ်နဲ့ဆိုရင် တစ်သောင်းကျော်ပြီ။ ကျွန်မတို့ နှစ်စဉ်အစီရင်ခံစာထဲမှာတော့ အသေးစိတ်ရှိတယ်။ ရန်ကုန်က ဘယ်နှမှု၊ ဧရာဝတီက ဘယ်နှမှု၊ အထွေထွေ အုပ်ချုပ်ရေးကို တိုင်တာက ဘယ်နှမှုဆိုပြီးတော့။
 
မေး - မြန်မာပြည် နေရာအတော်များများမှာ မြေမြှုပ်မိုင်းထောင်နေကြတာနဲ့ပတ်သက်ပြီး ကော်မရှင်က ဘာတွေ လုပ်နေပါသလဲ။

ဖြေ - မြေမြှုပ်မိုင်းက ဘာမှတော့ ကျွန်မတို့ဘက်က အထူးတလည် လုပ်ထားတာ မရှိဘူး။ ဒါဟာ မဖြစ်သင့်ဘူး။ ဒါဟာလူသားတွေ၊  ဘယ်လိုပဲဖြစ်ဖြစ် လူသားတစ်ယောက်အနေနဲ့ ဒီလိုမျိုးဟာတွေ မလုပ်သင့်ပါဘူးဆိုတာ ကြေညာချက် ထုတ်ထားတယ်။ ခက်တာက ကျွန်မတို့စကားက ဘယ်လောက်အထိ တာသွားသလဲ၊ စစ်တိုက်နေတဲ့သူတွေဆီသွားပြီး လူ့အခွင့်အရေး ပြောမယ်၊ သူတို့က ရယ်တာပေါ့။ သူတို့တွေ့ကြုံလာတာက လူ့အခွင့်အရေးလာမပြောနဲ့ သူသတ်ရင်ငါသတ်မယ်၊ ငါမသတ်ရင် သူငါ့ကိုသတ်မှာပေါ့၊ သူထောင်ရင်ငါထောင် မှာပေါ့ ဆိုတဲ့ဟာမျိုး။ သူနဲ့ငါ ဒီလိုတွေဖြစ်နေတဲ့အခါမျိုးမှာ အချိန်တစ်ခုကိုစောင့်ပြီးတော့ တဖြည်းဖြည်း ကျွန်မတို့ သွားရမှာပဲ။
 

မေး - ပဋိပက္ခဒေသတွေမှာ လက်နက်ကိုင်တဲ့ နှစ်ဖက်စလုံးက လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်လို့  အစိုးရမဟုတ်တဲ့အဖွဲ့အစည်း တချို့က ထုတ်ပြန်ထားတာနဲ့ ပက်သက်လို့ ရော  ကော်မရှင်က ဘယ်လိုဆောင်ရွက်နေပါသလဲ။

ဖြေ -   ကျွန်မတို့ အဲဒီလို ပဋိပက္ခဖြစ်နေတဲ့နေရာကို မသွားဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့အဖွဲ့ကို လုံခြုံရေး ဘယ်ဘက်ကမှ မပေးနိုင်ဘူး။ အဲဒီလိုနေရာတွေမှာ နှစ်ဖက်စလုံးက ကျူးလွန်တာတွေ ရှိတယ်။ ကျွန်မတို့လုပ်နိုင်တာက ဒါမျိုးတွေကို သတင်းထုတ်ပြန်ချက်တွေနဲ့ ထုတ်ပြန်တယ်။ ကယ်ဆယ်ရေး ဒုက္ခသည်စခန်းတွေကို သွားတယ်။ အမျိုးသမီးတွေ၊ ကလေးတွေ ဘာဖြစ်နေလဲ၊ ဘယ်မှာနေနေရလဲ၊ စာသင်ရရဲ့လား၊ ကျန်းမာရေးဆေးပေးခန်းရော ရှိလား၊ ကျန်းမာရေးမှူးတွေလာလား စသဖြင့်ပေါ့။ ကျွန်မတို့သွားတိုင်း မတွေ့တာက အမျိုးသားတွေပဲ။ သူနာပြုက တစ်ယောက်တည်း မဖြစ်ဘူးဆိုရင် ကျွန်မတို့က အဲဒီမြို့က အရာရှိကိုခေါ်၊ ဒီမှာနည်းနေတယ်၊ ဘယ်လိုဖြစ်တာလဲပေါ့။ ကျွန်မတို့က ဝန်ကြီးချုပ်ကနေ တစ်ဆင့် သွားတာဆိုတော့ ဒီလိုဖြစ်တာလေး ဘယ်တော့လောက်ကို အကြောင်းပြန်ပေးပါဆိုရင် သူတို့ သူနာပြု ပြန်ထားပေးတယ်။ ဆိုလိုချင်တာက လူ့အခွင့်အရေး ရှုထောင့်ကနေပဲ ကျွန်မတို့ ပြောလို့မရဘူး၊ စစ်ဖြစ်တဲ့နေရာကို ကျွန်မတို့သွားပြီး နင်မပစ်နဲ့၊ နင်မပစ်နဲ့ဆို ဝင်ပြောလို့မရဘူး။ ကျွန်မတို့လုပ်ပေးနိုင်တာပဲ လုပ်ပေးလို့ရတယ်။ စစ်ဖြစ်တာမကောင်းဘူး၊ ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာ နှစ်ဦးနှစ်ဖက်လုံးမှာ အတွေးအမြင်ရှိမှ ဒီပြဿနာက ပြေလည်မှာ။  

မေး - ကော်မရှင်ရဲ့ လုပ်ကိုင်မှုတွေမှာ အကန့်အသတ်တွေ ဖြစ်တာမျိုးရောရှိလား။

ဖြေ - အစိုးရပိုင်းနဲ့ ကျွန်မတို့ ဥပဒေအရဆိုရင် ရက် ၃ဝ အတွင်း အကြောင်းပြန်ပေးရမယ်လို့ ပြောထားတယ်။ အကြောင်းမပြန်ရင် ဘာလုပ်မယ်ဆိုတာ မပါဘူး။  ဥပမာ ပဲခူးက ထွေအုပ်ကို တိုင်တဲ့ကိစ္စ။ ကျွန်မတို့က ပြည်ထဲရေးကို ပို့တယ်။ ပြည်ထဲရေးက ပဲခူးတိုင်းကို ချပေးတယ်။ တိုင်းကနေ သက်ဆိုင်ရာမြို့နယ်မှူးကို မင်းလုပ်တဲ့ဟာ ကော်မရှင်က စာလာနေပြီဆို လုပ်တယ်။ ဆက်သွယ်ရေးစနစ်ကလည်း မကောင်းတော့ တချို့နေရာမှာ အကြောင်းကြောင်းကြောင့် ကြာတာတွေရှိတယ်။ တချို့ကလည်း ထားလိုက်စမ်းပါကွာ။ ကော်မရှင်က ဘာအမှု မှန်းမသိ ရှုပ်နေတယ်၊ ငါတို့လည်း ငါတို့ဘက်က ငါတို့လုပ်တာပဲဆိုတဲ့ အဖွဲ့လည်းရှိတယ်။ တချို့ လူ့အခွင့်အရေးကို အသိအမှတ်ပြုလေးစားတယ်ဆိုတဲ့ အစိုးရဌာနတွေကျတော့ တစ်လ အတွင်း စာပြန်လာတယ်။ ဟုတ်ပါတယ်၊ လုပ်ပြီးပါပြီ၊ မှန်ကန်ကြောင်းတွေ့ရပါတယ်ပေါ့။ လူ့အခွင့်အရေးကို လေးစားရကောင်းမှန်းတောင် မသိဘူး၊ ကော်မရှင်လည်း ဘာမှန်းမသိဘူး၊ မလုပ်တော့ရော ဘာဖြစ်လဲဆိုတဲ့ ဌာနမျိုးရောက်သွားရင်တော့လည်း ဘာမှကို လုပ်လို့မရဘူး။ လက်ပံတန်း (ကျောင်းသား သပိတ်စခန်း) ကိစ္စမှာ ပဲခူးတိုင်းဝန်ကြီးချုပ်က အစစ်ဆေးမခံ ဘူး၊ အဲဒီကိစ္စတွေကို နှစ်စဉ် အစီရင်ခံစာမှာ ထည့်ရေးနေတယ်၊ နောက်နှစ် လွှတ်တော်မှာ ဒီအစီရင်ခံစာ တင်ပြရင် ပါသွားမှာပါ။ လူ့အခွင့်အရေးကို လေးစားတယ်၊ အသိအမှတ်ပြုတယ် ဆိုတဲ့ အစိုးရဖြစ်လာမယ် ဆိုရင် ဒါဟာ သူတို့အတွက် ဖိအားဖြစ်လာမှာပဲ၊  အစိုးရနဲ့ ကျွန်မတို့နဲ့ အလုပ်လုပ်ရတာ ပိုမြန်လာမယ်။ (အယ်ဒီတာ မှတ်ချက် - ကျောင်းသားသပိတ်စခန်းအရေး ဖြေရှင်းမှုတွင် "သက်ဆိုင်ရာဝန်ကြီးတစ်ဦး အစစ်ဆေးမခံဘူး" ဟု ပြောလိုခြင်းဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်ဝင်းက နောက်ပိုင်းတွင် ဆက်သွယ် ပြောဆိုလာပါသည်)

မေး -  ဌာနဆိုင်ရာတွေကို  အကြံပြုပေမယ့် အရေးယူဆောင်ရွက်တာမရှိဘူးဆိုရင် အလုပ်ပိုဖြစ်ဖို့ ကော်မရှင်ဥပဒေကို ပြင်ဆင်မှာလား။ ဘယ်လိုနည်းလမ်းတွေရှိလဲ။

ဖြေ - ဒါကိုတော့ နိုင်ငံတကာနဲ့ပြောရမယ်။ ထိုင်းမှာ ကော်မရှင်ရှိတယ်။ အိန္ဒိယမှာရော ကျွန်မတို့မှာရော ရှိတယ်။ ဒါပေမဲ့ သက်ဆိုင်ရာနိုင်ငံက သူတို့ပေးချင်တဲ့ လုပ်ပိုင်ခွင့်အတိုင်းအတာ ကို ပေးထားတာ။ ထိုင်းဆို ကျွန်မတို့လိုပဲ ဆုံးဖြတ်ချက်မရဘူး။ အိန္ဒိယကျတော့ ကော်မရှင်က ဆုံးဖြတ်လို့ရတယ်။ အစိုးရပေါ်မူတည်တယ်။ အဲဒီလိုလေး ဆုံးဖြတ်ပိုင်ခွင့်ပေးထားရင် ကျွန်မတို့မှာ လုပ်ပိုင်ခွင့် ပိုများသွားမယ်။ ပိုအဆင်ပြေမယ်။ ပိုပြီးတော့ သြဇာလည်းရလာမယ်။ အဲဒီ အချက်လေးတွေကို မြင်တဲ့သူတွေက ထောက်ပြနိုင်မယ်ဆိုရင်တော့ ပိုကောင်းမှာပေါ့။ ဥပမာ လူတစ်ယောက်က လူ့အခွင့်ရေးကော်မရှင်ဥပဒေက ပုဒ်မ ဘယ်လောက်က ဘယ်လိုဖြစ်နေတယ်၊ ဒါကို ဒီလိုလေး ပြင်လိုက်ရင် ဌာနဆိုင်ရာတွေအတွက်ပါ ဖိအားလေး ဖြစ်လာနိုင် မယ်၊ ပိုကောင်းသွားမယ်လို့ ထောက်ပြလာရင် ဥပဒေပြင်တာ ဖြစ်ကောင်းဖြစ်လာမှာပေါ့။ ကျွန်မတို့ဘက်က ဒါကို ပြင်သင့်ပါတယ်လို့တော့ သွားပြောလို့မရဘူးလေ။

မေး -  ပြည်ပရောက်နေတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးတစ်ခုအကြောင်း ထုတ်ပြောထားတာရှိတယ်။  အခြေခံဥပဒေက နောက်ကြောင်းပြန် အရေးယူတာမျိုး မလုပ်ရဘူးလို့ ပြဋ္ဌာန်းထားတော့ အဲဒီလို အမှုမျိုး တိုင်တန်းလာရင် စုံစမ်းတာမျိုးလုပ်မလား။

ဖြေ - ဒါက အခြေခံဥပဒေအရ နောက်ကြောင်းပြန်လို့မရတဲ့ အမှုမျိုးဖြစ်နေတာပေါ့။ ကျွန်မက ပေါ်လစီချမှတ်တဲ့ ကော်မရှင် ၁၁ ဦးအဖွဲ့ထဲက မပါတော့ သူတို့ ဆုံးဖြတ်၊ မဆုံးဖြတ်ကို မသိဘူး၊ တကယ်လို့ အဲဒီလိုကိစ္စမျိုးတက်လာရင် သူတို့ဆုံးဖြတ်ချက်ပေါ် မူတည်မယ်။ ကိစ္စရပ်တစ်ခု ကျွန်မတို့ဆီရောက်လာရင် အရင်ဆုံးကြည့်တာက နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရလား၊ မခံရလားပဲ။ ဥပဒေမှာ အချိန်ကန့်သတ်ချက် မပါတဲ့အတွက် ဘယ်သူမဆို ဘယ်တုန်းက ဖြစ်ခဲ့ ဖြစ်ခဲ့၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်လို့ ထင်ရင် တိုင်လို့ရတယ်။ ကိုယ်တိုင်မှ မဟုတ်ဘူး၊ သူများအတွက်လည်း လိုက်ပြီးတိုင်လို့ရတယ်။     ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading