သတင်း

တပ်သားသစ်ရရှိရန် လူမျိုးစုငယ်များကို စစ်ကောင်စီ ပစ်မှတ်ထား

စစ်တပ်အတွင်း အောက်ခြေစစ်သည်အင်အား ဖြည့်တင်းရန် တိုင်းရင်းသားဒေသ လူမျိုးစုငယ်များကို ပစ်မှတ်ထားစည်းရုံးနေကြောင်း စစ်ကောင်စီကို စွန့်ခွာလာသည့် တပ်အရာရှိသုံးဦးက ပြောသည်။

ထို့အတူ အခြေခံစစ်ပညာသင်တန်းတက်၍ တပ်သားသစ်အဖြစ် တာဝန်ထမ်းဆောင်ရန် လူမှုကွန်ရက်စာမျက်နှာအချို့တွင် မက်လုံးပေး ဆွဲဆောင်နေသည့် အဖွဲ့တစ်ခုထံ Myanmar Now က ဆက်သွယ် မေးမြန်း အတည်ပြုနိုင်ခဲ့သည်။

တပ်သားသစ်စုဆောင်းရေးလုပ်ငန်းများတွင် ကိုယ်တိုင်ကိုယ်ကျ ကြိမ်ဖန်များစွာ လုပ်ဆောင်ခဲ့ရသည်ဟု မြန်မာစစ်တပ်တွင် ဆယ်စုနှစ်တစ်ခုကျော် တာဝန်ထမ်းဆောင်ခဲ့ရာမှ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေကြသည့် ထိုအရာရှိများက တညီတညွတ်တည်းပြောသည်။

စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၅၁ ဆင်း ဗိုလ်ကြီးနေမျိုးသက်က ရခိုင်ပြည်နယ်အတွင်း ခမီနှင့် ဒိုင်းနက်လူငယ်များကို စစ်တပ်ထဲဝင်ရန် စည်းရုံးသိမ်းသွင်းခဲ့ရကြောင်း ပြောသည်။

ရခိုင်ဒေသကို စစ်တပ်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ထားခဲ့ရာ ထိုပြည်နယ်အတွင်း လူများစုဖြစ်သည့် ရခိုင်တိုင်းရင်းသားများကို မြန်မာစစ်တပ်ထဲသို့ ဝင်ရန် မစည်းရုံးနိုင်၍ ဒေသတွင်းရှိ လူမျိုးစုငယ်များကို ထိုသို့ ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ်အခြေစိုက် အမှတ် ၂၃၃ ခြေလျင်တပ်ရင်း (ခလရ ၂၃၃) တွင် ၇ နှစ် တာဝန်ထမ်းဆောင်ဖူးသည့် ၎င်းက အတည်ပြုသည်။

“ဘယ်လောက်ထိအောင် ရခိုင်မှာ ဖြစ်လဲဆိုတော့ ရခိုင်လူမျိုးတစ်ယောက်မှ စစ်ထဲမဝင်တော့ဘူး။ ဝင်မဲ့လူ လုံးဝကို Zero (သုည) ရာခိုင်နှုန်း အဲဒီလိုမျိုးကို ဖြစ်သွားတာ” ဟု ဗိုလ်ကြီးနေမျိုးသက်က ပြောသည်။

“သူ (စစ်တပ်) က ဘယ်ဟာတွေကို ဦးတည်လဲဆိုတဲ့အခါကျတော့ ဒီမျိုးနွယ်စုငယ်လေးတွေကို ဦးတည်တာပေါ့ဗျာ။ မြိုတို့ ခမီတို့ ဒိုင်းနက်တို့ ဘာတို့။ ကျွန်တော် မှတ်မှတ်ရရ နောက်ဆုံးအပ်ခဲ့တဲ့ ရဲဘော်သစ်တစ်ယောက်က ခမီတိုင်းရင်းသားလူငယ်တစ်ယောက် အပ်ခဲ့တာ”

CDM မဝင်မီ နောက်ဆုံးစုဆောင်းပေးခဲ့သည့် လူငယ် ၅ ဦးမှာ ခမီနှင့် ဒိုင်းနက်လူမျိုးများဖြစ်ကြောင်း၊ ဆေးစစ်ချက်မအောင်၍ စုဆောင်းရေးတပ်က လက်မခံဘဲ အပယ်ခံလိုက်ရသော ဖြစ်စဉ်အချို့လည်းရှိကြောင်း ဗိုလ်ကြီးနေမျိုးသက်က ပြောသည်။ အသေးစိတ်ကိုမူ ၎င်းက ထုတ်မပြောပေ။

ရခိုင်ပြည်နယ်အတွင်း မင်းပြားမြို့နယ်၊ အမှတ် (၉) တိုင်းဗဟိုစစ်သင်တန်းလေ့ကျင့်ရေးကျောင်းရှိ အခြေခံစစ်ပညာသင်တန်းမှာလည်း တပ်သားသစ်ဦးရေမပြည့်မီ၍ ဆက်မဖွင့်နိုင်တော့ဟု ဗိုလ်ကြီးနေမျိုးသက်က ပြောသည်။

မြန်မာနိုင်ငံအနောက်ဘက်အစွန်ဆုံးရှိ ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားအများစုနှင့် ချင်း၊ မြို၊ ခမီ၊ ဒိုင်းနက်၊ မရာမာကြီး၊ ကမန်နှင့် နိုင်ငံသားဖြစ်ခွင့် အငြင်းပွားနေသော ရိုဟင်ဂျာလူမျိုးစုများ စသည့် လူမျိုးစုငယ်များ နေထိုင်ကြသည်။

ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (KMNDP) တာဝန်ရှိသူကမူ ၎င်းတို့ လူမျိုးစုငယ်များကို တပ်သားသစ်စုရန် ပစ်မှတ်ထားခံလာရခြင်းမှာ ၎င်းတို့ဒေသတွင် နေထိုင်သူတို့ လူမှုဘဝနိမ့်ကျမှုကြောင့်ဖြစ်ကြောင်း ပြောသည်။

“အဓိကကတော့ဗျာ ပညာရေးနိမ့်ကျမှု၊ စီးပွားရေးနိမ့်ကျမှု၊ အတွေးအခေါ်နိမ့်ကျမှု အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုတွေကြောင့်ပေါ့။ အဲဒီအားနည်းချက်တွေကြောင့် ဒီဟာတွေက ဖြစ်လာတာ” ဟု ပြောရေးဆိုခွင့်ရှိသူ ဦးစံဌေးက ပြောသည်။

လူငယ်များသည် ၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ရှိသော်လည်း ပစ်မှတ်သဖွယ်ဖြစ်လာသည်ကို လက်မခံနိုင်ကြောင်း၊ ၎င်းတို့၏ မျိုးနွယ်ဝင် လူငယ်များကို နိုင်ငံရေး၊ ပညာရေး အသိပညာများ လက်ဆင့်ကမ်းပြောပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ကမ်းရိုးတန်းရှိသည့် ရခိုင်ပြည်နယ်တွင် ပြည်ပဝင်ငွေရ သဘာဝဓာတ်ငွေ့၊ ရေနံတို့ ထွက်သော်လည်း စစ်တပ်က အာဏာသိမ်းလေ့ရှိသည့် မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးမှုအနည်းဆုံးသော ဒေသများထဲတွင် ပါဝင်သည်။

၂၀၂၀ တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ ရေတပ်သားသစ်ရွေးချယ်ပွဲ။ ဓာတ်ပုံ – ပေးပို့

DSA အပတ်စဉ် ၅၂ ဆင်းသူ CDM ဗိုလ်ကြီးအောင်မျိုးထက်ကလည်း မြန်မာစစ်တပ်က ထိုသို့ ဖွံ့ဖြိုးမှုနည်းသော တိုင်းရင်းသားဒေသများမှ လူမျိုးစုငယ်များကို ပစ်မှတ်ထားစုဆောင်းနေကြောင်း အတည်ပြုသည်။

“ရှမ်းပြည်နယ်ဘက်ဆိုရင် လားဟူ၊ အာခါ၊ အားခေ၊ ပလောင် လူမျိုးလေးတွေကို စည်းရုံးတာရှိတယ်။ အဲဒီဘက်က ဆင်းရဲကြတော့ ဆန်ပေးမယ်၊ ဆီပေးမယ်၊ ပိုက်ဆံပေးမယ်နဲ့ စည်းရုံးကြတာ။ စစ်သားဖြစ်သွားရင် လစဉ် ဘယ်လောက်ပေးမယ်ဆိုတာလည်း ပါတယ်။ တကယ် စစ်သားဖြစ်ရော တစ်ပြားမှကို မပေးတော့တာမျိုးလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။

“ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ ခုနကပြောတဲ့ စည်းရုံးမှုတွေနဲ့ စည်းရုံးကြတယ်။ တစ်ချို့ကျ ဆေးစွဲနေတဲ့ ကလေးတွေ ရွာမှာ ဆိုးပေနေတဲ့ ကလေးတွေကို အကြောက်တရားနဲ့ ဖြဲခြောက်ပြီး စုဆောင်းခဲ့တာတွေလဲ ရှိတယ်။ တချို့ဆို (အသက်) ၁၆ ကို ၁၈ နှစ်ဆိုပြီး အသက်တွေပါ လိမ်ကြတာ”

အထက်ပါမှတ်ချက်များအနက် အချို့မှာ ရှမ်းပြည်နယ်တွင် တာဝန်ကျသည့် ၂၀၁၄ က တပ်သားသစ်ရှာဖွေစုရသူများနှင့် လိုက်ပါရစဉ် ကိုယ်တိုင်ကြုံတွေ့ခဲ့ရမှုများကို အခြေခံသည်ဟု ဗိုလ်ကြီးအောင်မျိုးထက်က ပြောသည်။

အသက် ၃၂ နှစ်အရွယ် ဗိုလ်ကြီးအောင်မျိုးထက်သည် ပဲခူးတိုင်း ပြည်မြို့ဇာတိဖြစ်ပြီး စစ်တပ်တွင် လုပ်သက် ၁၂ နှစ်ကျော်ပြီ ဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တြိဂံဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၂၂၇ ခြေလျင်တပ်ရင်း (မိုင်းခတ်)၊ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်အခြေစိုက် ခလရ ၈၀ ခြေလျင်တပ်ရင်းတို့တွင် ဗိုလ်ကြီးအောင်မျိုးထက် တာဝန်ထမ်းဆောင်ဖူးသည်။ မိခင်တပ်ရင်းမှာ မှော်ဘီမြို့နယ်အခြေစိုက် ခမရ ၇၀၂ ခြေမြန်တပ်ရင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော့်မိခင်တပ်ရင်းမှာတုန်းက ဒုရင်းမှူး ဗိုလ်မှူးသန့်ဇင်ဦးနဲ့အတူ လူသစ်လိုက်အပ်ဖူးတယ်။ အဲဒီဒုတပ်ရင်းမှူးက အစ္စလာမ်ဘာသာနဲ့ တစ်ယောက်ကိုတောင် ဩကာသရွတ်တတ်အောင် သင်ပြီး စစ်တပ်ထဲ ရအောင်သွင်းခဲ့တာ။ ပြောချင်တာက စစ်တပ်ထဲ လူသစ်စုရတာ ထင်သလောက် မလွယ်ဘူး”

“နောက်တစ်ခုက မှတ်ပုံတင်မရှိတဲ့ သူမျိုးဆို စစ်တပ်ထဲမှာ မှတ်ပုံတင်အတုလုပ်တယ်။ နံပါတ်တွေ လျှောက်ပေးတယ်။ ပြီးရင် စစ်တပ်ထဲ သွင်းတယ်။ သန်းခေါင်စာရင်းအတု၊ တံဆိပ်အတု၊ လက်မှတ်အတုတွေပါ သုံးခဲ့ကြတာ။ နောက်ဆုံးဗျာ ဆေးစစ်လို့ မအောင်နိုင်မဲ့ သူတောင် ပိုက်ဆံပေးပြီး အောင်အောင်လုပ်လို့ရတယ်” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီကိုယ်တိုင်ကပင် တပ်သားသစ်စုဆောင်းရာတွင် အသက်မပြည့်သေးသူများ၊ ကိုယ်တိုင်ဆန္ဒမရှိသူများကို မှားယွင်းစုဆောင်းခဲ့ကြောင်း ဧပြီ ၈ သတင်းထုတ်ပြန်ချက်တွင် ဝန်ခံထားသည်။

ထိုသို့ အသက်မပြည့်ဘဲ စုဆောင်းခံရသူများကို ၂၀၁၂ မှစ၍ မိဘအုပ်ထိမ်းသူများထံ ပြန်လွဲပြောင်းခဲ့သူ ၁၀၂၉ ဦးရှိကြောင်း၊ ဆက်လက်၍လည်း လွဲပြောင်းပေးရန် ကျန်နေသူ ၂၈ ဦးရှိကြောင်း စစ်ကောင်စီ၏ အဆိုပါ ထုတ်ပြန်ချက်တွင်ပါဝင်သည်။ သို့သော် ထိုသို့ စုဆောင်းခဲ့သည့် အရာရှိစစ်သည်များကို မည်သို့အရေးယူသည်ကိုမူ မသိရပေ။

မြန်မာစစ်တပ်အတွင်း အောက်ခြေစစ်သား ရှာရခက်သည့် အခြေအနေမှာ ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် ပိုမိုသိသာလာပြီး ဗမာတိုင်းရင်းသားအများစုနေထိုင်သော မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ မကွေးတို့မှ စုဆောင်းရရှိသည့် အရေအတွက် လျော့နည်းလာသည်ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

စာရင်းဇယားအတိအကျနှင့် ထုတ်မပြောနိုင်သော်လည်း တိုင်းရင်းသားဒေသများသို့ ရှေ့တန်းထွက်ပြီး ပြန်လာသည့် တပ်ရင်းတိုင်း တပ်သားသစ် ၃ ဦးစီ မဖြစ်မနေစုဆောင်းရကြောင်း၊ တပ်ရင်းမှူးဆိုလျှင် လေးလတစ်ကြိမ် တပ်သားသစ်တစ်ဦး ရှာဖွေပေးရကြောင်း ၎င်းက ပြောသည်။

“သူ့ဟာသူ ဘယ်ကပဲ ရရ၊ ဝယ်ပဲ ရရ၊ ကောက်ပဲ ရရပေါ့။ အဲဒီလိုမျိုး” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

၎င်းသည် တပ်ထဲ၌ ရှိနေစဉ်၂၀၁၈ ခုနှစ်က ချင်းပြည်နယ်တောင်ပိုင်းသို့ ရှေ့တန်းထွက်စဉ် ခမီတိုင်းရင်းသား လူငယ်များကိုလည်း အလားတူစည်းရုံးခဲ့ရကြောင်း အတည်ပြုသည်။

“ကျွန်တော်ကိုယ်တိုင် စစ်ဆင်ရေးသွားရင်းနဲ့ ပြန်ရင် ရအောင်စည်းရုံးတာ။ တချို့ဆို အရမ်းနွမ်းပါးတယ်။ ပညာအရည်အချင်းကလည်း လုံးဝမရှိဘူး။ သူတို့ဆီမှာတော့ လေးတန်းအောင်လောက်ပဲ၊ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီမှာပဲ အလယ်တန်းအောင်နဲ့ ကျောင်းထွက်လက်မှတ်တွေလုပ်ခဲ့တာပေါ့” ဟု ၎င်းက ပြောသည်။

အသက် ၁၈ နှစ်ခန့် ခမီတိုင်းရင်းသားတစ်ဦကို တပ်ထဲခေါ်ရန် သူ၏မိသားစုထံ တပ်ရိက္ခာဆန် ၅ အိတ်ပေး၍ စည်းရုံးခဲ့သော်လည်း မအောင်မြင်ခဲ့ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

ဗိုလ်ကြီးထွန်းမြတ်အောင်ကလည်း ရာထူးတိုးလိုသူ အရာရှိအများအပြားသည် လူသစ်ရရှိရန် ငွေကုန်ခံနေကြရသည်ဟု ဆိုသည်။

“တပ်ရင်းမှူးဖြစ်ဖို့ဆိုရင် လူသစ်ဘယ်နှယောက် စုပြနိုင်ရမယ်။ အဲ့လိုမျိုးဟာတွေက ကြာလာတော့ ပျက်လာတယ်။ ကိုယ်တိုင်မစည်းရုံးဘဲနဲ့ ပိုက်ဆံပေးပြီးတော့မှ သူများနဲ့ စုခိုင်းတာတို့၊ ကျွန်လိုမျိုးဝယ်တဲ့ ပုံစံမျိုးအထိပါ ဖြစ်လာတယ်” ဟု ဗိုလ်ကြီးထွန်းမြတ်အောင်က ပြောသည်။ 

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် စစ်တပ်အတွက် လူသစ်ရရှိရေးသည် ယခင်ကထက် ပို၍ခက်ခဲလာကြောင်း၊ စစ်သင်တန်းဆင်းပါက ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခံရမည့် DSA ကိုပင် တက်ရောက်သူနည်းသွားကြောင်း အထက်ပါ CDM အရာရှိများက ပြောသည်။

DSA ကို အများဆုံးတက်လေ့ရှိသူများမှာ မန္တလေးတိုင်းမှ ဖြစ်သော်လည်း ၂၀၂၁ ခုနှစ်တွင် မန္တလေးတိုင်းမှ လျှောက်ထားသူ ၂၂ ဦးသာရှိသည်ဟု သိရကြောင်း လေတပ်ဗိုလ်ကြီး ဇေသူအောင်က ပြောထားသည်။

စစ်ကောင်စီ၏ အခြေခံပညာစစ်သင်တန်းတစ်ခု။ ဓာတ်ပုံ – ပေးပို့

ထိုအခြေအနေတွင် Telegram နှင့် Facebook စသည့်လူမှုကွန်ရက်များကို သုံး၍ စစ်သားစုဆောင်းနေရာ ထိုအထဲတွင် “တပ်မတော်သို့ ဝင်ရောက်မည့် ညီငယ်များ နွေးထွေးစွာ ကြိုဆိုလျက်ပါ” အမည်ရ Facebook စာမျက်နှာလည်း ပါဝင်သည်။  

တပ်ထဲဝင်ရန် လိုအပ်မည့် ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ အိမ်ထောင်စုဇယား၊ ကျောင်းထွက်လက်မှတ်များ ရရန် စီစဉ်ပေးသည်၊ အဆိုပါ စာရွက်စာတမ်းကိစ္စများအတွက် ကုန်ကျစရိတ်ကို လစာထဲမှ ပြန်ဖြတ်မည်ဟု ထိုစာမျက်နှာကိုင်တွယ်သူတို့က ဖြေကြားလေ့ရှိကြောင်း စုံစမ်းသိရှိရသည်။  

တပ်သားသစ်ဖြစ်မည့်သူသည် အခြေခံစစ်ပညာသင်တန်း ၆ လအတွင်း ရမည့် လစာငွေမှာ ဘဏ်စာရင်းထဲသို့ ရောက်မည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးချိန်မှ ငွေသားထုတ်ယူခွင့်ရှိကြောင်း သိရသည်။

မတ်လအတွင်းက တပ်ထဲဝင်ရန် လှုံ့ဆော်သည့်စာကို ၆ ကြိမ် တင်ရာတွင် တပ်သားသစ်ဖြစ်လာမည့်သူများဟု ယူဆရသူတို့၏ ပုံအနည်းငယ် အသုံးပြုထားသလို ဗိုလ်သင်တန်းကျောင်းတွင် ရိုက်ကူးထားသည်ဟု ယူဆရသည့် ပုံများလည်း ပါဝင်သည်ကို တွေ့ရသည်။ 

၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းပြီးနောက်တွင် နိုင်ငံတစ်ဝန်း စစ်မျက်နှာများစွာ၌ ခုခံမှုများကို စစ်တပ်က ရင်ဆိုင်နေရပြီး သေဆုံးမှုများနေသလို CDM ဝင်လာသည့် အရာရှိ၊ စစ်သည် ၂၀၀၀ ထက်မနည်းရှိမည်ဟု ထိုအရေးကိစ္စများကို ကူညီနေသည့် ပြည်သူ့ရင်ခွင်အဖွဲ့စာရင်းအရ သိရသည်။

ဘက်ပြောင်းလာသူ တိုးလာနေပြီး ဒုတိယဗိုလ်မှူးကြီးအဆင့် ၃ ဦးထက်မနည်းပါသည်ဟု မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်အခြေစိုက် ဝါရင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) က အတည်ပြုထားသည်။

ထိုအခြေအနေတွင် နိုင်ငံသားတိုင်း စစ်မှုထမ်းရန် စစ်ကောင်စီက ခြေလှမ်းလာပြီး ယင်းသည် စစ်တပ်၏ အင်အားလျော့နည်းနေမှုကို သိသာထင်ရှားစေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သုံးသပ်ထားသည်။ 

စစ်ကောင်စီကမူ ၎င်းတို့ကို ထောက်ခံသူအချို့ကို စစ်ရေးလေ့ကျင့် လက်နက်တပ်ဆင်ပေးကာ “ပြည်သူ့စစ်တပ်ဖွဲ့” ဟု အမည်ပေးထားသည်။ စစ်တပ်က ပျူစောထီးဟု အများသိကြသည့် ထိုအဖွဲ့နှင့် ပေါင်း၍ ရွာစဉ်လှည့်မီးရှို့မှုများအား စစ်ကောင်စီကို အပြင်းအထန်ခုခံနေသည့် စစ်ကိုင်းတိုင်းအတွင်း မကြာခဏ တွေ့ရသည်။

စစ်မှုထမ်းဟောင်းများကိုလည်း ယမန်နှစ်ကပင် တပ်သို့ ပြန်ခေါ်နေသလို ယခင်လက ပေါက်ကြားလာသည့် ဌာနဆိုင်ရာ ညွှန်ကြားချက်တစ်ခုတွင်လည်း မီးသတ်၊ ကြက်ခြေနီ၊ ဘာသာရေးအမည်ခံအဖွဲ့ YMBA တို့တွင် ပါဝင်သူများကို ပြည်သူ့လုံခြုံရေးအဖွဲ့များအဖြစ် ဖွဲ့စည်းရန် ဖော်ပြထားသည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button