ရန်ကုန် - မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီသည် ယနေ့တွင် မွန်ပြည်နယ်ရှိ အကျဉ်းသား ကျောက်ထုတ် အလုပ်စခန်းတစ်ခုသို့ သွားရောက်လေ့လာခဲ့သည်။ မစ္စရန်ဟီလီသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသော ရဲဘက်စခန်းခေါ် အကျဉ်းသားအလုပ် စခန်းသို့ ပထမဆုံးအကြိမ် သွားရောက်သည့် ကုလ အထူးကိုယ်စားလှယ် ဖြစ်သည်။
မစ္စရန်ဟီလီ သွားရောက်ခဲ့သော အကျဉ်းစခန်းမှာ ပျမ်းမျှ အမျိုးသားအကျဉ်းသား ၃ဝဝ ဖြင့် လည်ပတ်နေသော ပေါင်မြို့နယ်ရှိ ဇင်းကျိုက် အကျဉ်းဦးစီး ကျောက်ထုတ်စခန်းဖြစ်သည်။

ထိုအကျဉ်းစခန်းမှ နေ့စဉ် လိပ်သည်းကျောက် တန်ချိန် ရာချီ၍ ထွက်ရှိပြီး ထွက်ရှိလာသော ကျောက်များကို ရန်ကုန်ရှိ ထိပ်တန်းဆောက်လုပ်ရေးကုမ္ပဏီများသို့ အကျဉ်းဦးစီးဌာနက ရောင်းချလျက်ရှိသည်။
မစ္စရန်ဟီလီသည် ဇင်းကျိုက်စခန်းရှိ အကျဉ်းသားများ၊ အကျဉ်းဦးစီးဌာန အရာရှိများနှင့် တွေ့ဆုံကြောင်း၊ စခန်းအတွင်း ဝင်ရောက်လေ့လာကြောင်း ရန်ကုန်မြို့ ကုလသမဂ္ဂရုံး ပြောခွင့်ရ အရာရှိ ဦးအေးဝင်းက Myanmar Now ကို ပြောသည်။


လွန်ခဲ့သည့်နှစ်တွင် Myanmar Now သတင်းဌာနမှ သတင်းထောက်များက ထိုစခန်းသို့ သွားရောက်စဉ်တွင် သံခြေကျင်းတပ် အကျဉ်းသားအများအပြားသည် အန္တရာယ်ရှိသော ကျောက်မိုင်းလုပ်ကွက်များအတွင်း ပူပြင်းလှသော နေရောင်ခြည်အောက်တွင် အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့ရသည်။
ကုလကိုယ်စားလှယ်လာရောက်သည့် ယနေ့တွင် အကျဉ်းသားများအား ဇင်းကျိုက်အကျဉ်းစခန်း ကျောက်မိုင်းတွင် အလုပ်ခိုင်းစေခြင်း မပြုကြောင်း၊ ထိုကဲ့သို့ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ “သူတွေ့လိုသည့် အကျဉ်းသားများအား တွေ့စေရန်နှင့် အကျဉ်းသားများက ကျောက်မိုင်းများတွင် လက်နက်ကိုင်အလုပ် လုပ်ဆောင်သည့်အတွက် လုံခြုံရေးအရ ဘေးအန္တရာယ်မရှိအောင်” အလုပ် ရပ်နားခိုင်းထားခြင်းသာဖြစ်ကြောင်း၊ အခြားရည်ရွယ်ချက်များ မရှိကြောင်း အကျဉ်းဦးစီးပြောရေးဆိုခွင့်ရှိသူ ဒုညွှန်ကြားမှူးဦးမင်းထွန်းစိုးက ပြောကြားသည်။


မြန်မာနိုင်ငံ အကျဉ်းထောင်လက်စွဲဥပဒေတွင် အကျဉ်းသားများအား ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင်သာ ခိုင်းစေရန် ပြဋ္ဌာန်းထားသော်လည်း လက်ရှိတွင် ထိုအချက်ကို ချိုးဖောက်ပြီး အကျဉ်းစခန်းများတွင် ပုဂ္ဂလိကအကျိုးစီးပွားနှင့် ဆက်စပ်လုပ်ကိုင်သည့် အခြေအနေသည် လတ်တလောပြောင်းလဲသွားရန် မရှိကြောင်း၊ ဌာနတွင်းညွှန်ကြားချက်များနှင့် အကျဉ်းစခန်း များကို ဆက်လက် လည်ပတ်နေဦးမည် ဖြစ်ကြောင်း၊ အကျဉ်းစခန်းများ၏ အခြေအနေသည် အကျဉ်းစခန်းတာဝန်ခံ ထောင်ပိုင်များအပေါ်သာ မူတည်ကြောင်း သူက ဆိုသည်။
“နောက်တော့လည်း ဒီအခြေအနေ ပြောင်းလဲချင် ပြောင်းလဲသွားမှာပေါ့လေ။ အခုကတော့ လူကြီးတွေရဲ့ ညွှန်ကြားချက်တွေနဲ့ပဲ လုပ်ကိုင်နေပါတယ်” ဟု ဦးမင်းထွန်းစိုးက ဆိုသည်။
အကျဉ်းဦးစီးဌာန တရားဝင်စာရင်းများအရ ပျမ်းမျှ အကျဉ်းသား ၂ဝ,ဝဝဝ ၏ လုပ်အားကို အသုံးပြု၍ ကျောက်ထုတ်လုပ်ရေး လုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင် နေသော အကျဉ်းစခန်းများမှာ တစ်နိုင်ငံလုံးတွင် ၄၈ ခု ရှိသည်။
အကျဉ်းသားအလုပ်စခန်းများတွင် ဝန်ထမ်းများအား လာဘ်ငွေပေးနိုင်ခြင်း၊ မပေးနိုင်ခြင်းအပေါ် မူတည်၍ အလုပ်တာဝန်များ ခွဲဝေနေခြင်း၊ မပေးနိုင်သောအကျဉ်းသားများအား ရိုက်နှက်ခိုင်းစေခြင်းများ လုပ်ဆောင်နေသည့်အကြောင်း၊ အချို့သော အကျဉ်းစခန်းများတွင် အကျဉ်းသားများအား ကျွန်များကဲသို့ ပုဂ္ဂလိကလုပ်ငန်းခွင်များတွင် လုပ်အား ရောင်းစားမှု များ ရှိနေကြောင်း Myanmar Now သတင်းဌာနက ယမန်နှစ်က ရေးသားခဲ့သည်။
ထိုအကျဉ်းစခန်းများသည် အကျဉ်းသားများ လွတ်မြောက်သည့်အခါ အသက်မွေးဝမ်းကြောင်းပညာများ တတ်မြောက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်းကြောင့် ထိုစခန်းများ ပိတ်သိမ်း ရန် အစီအစဉ်မရှိကြောင်း အကျဉ်းဦးစီးဌာနကို စီမံသည့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်တွင် မနှစ်က နှစ်ကြိမ်တိုင် ပြောကြားထားသည်။
မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ လေ့လာအစီရင်ခံရန် မြန်မာနိုင်ငံသို့ ၅ ကြိမ်မြောက် ရောက်ရှိနေသော တောင်ကိုးရီးယားနိုင်ငံသူ ရန်ဟီလီးသည် မကြာခင်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ပြီး၊ ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် သူ၏ခရီးစဉ်အတွေ့အကြုံကို ရန်ကုန်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။ ။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












