အသက်မပြည့်ခင် တပ်ထဲရောက်သွားပြီး ပြန်ထွက်ခွင့်ရသူ ၇၅ ဦးတွင် မသန်စွမ်းလူငယ် ပါဝင်မည်ဟု မိသားစုက ယူဆခဲ့သည်
(ရန်ကုန်) - ဒါဇင်နှင့်ချီသော ကလေးစစ်သားများ တပ်မတော်က နှုတ်ထွက်ခွင့်ပြုခဲ့ပြီးနောက် တပ်သားသစ်အဖြစ် စုဆောင်းခံထားရသည့် ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှ မသန်စွမ်း ကလေးငယ် မကြာမီ လွတ်မြောက်လာရန် မိသားစုဝင်များက မျှော်လင့်နေကြသည်။
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် သမင်ခြံကျေးရွာဇာတိ အသက် ၁၆ နှစ် ရှိ မောင်သက်မင်းပိုင်သည် အကြားအာရုံမသန်စွမ်းသူဖြစ်ပြီး အစ်ကိုဖြစ်သူနှင့်အတူ ထားဝယ်မြို့ရှိ ရော်ဘာခြံတစ်ခြံတွင် အလုပ်လုပ်နေရင်း ၂၀၁၈ မတ်လအတွင်း စစ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရကြောင်း မိသားစုဝင်များက ပြောသည်။

သြဂုတ် ၃၁ က တပ်မတော်အတွင်းမှ ကလေးသူငယ်နှင့် လူငယ် ၇၅ဦးကို နှုတ်ထွက်ခွင့် ပြုခဲ့ရာတွင် မောင်သက်မင်းပိုင် မပါဝင်သော်လည်း အမြန်ဆုံး ပြန်လည်လွတ်မြောက်လာမည်ဟု မိသားစုဝင်များက မျှော်လင့်နေကြသည်။
ကလေးငယ်နှင့်ဆက်သွယ်ရန် တပ်မတော်က ပေးထားသည့် လက်ကိုင်ဖုန်းနံပတ်အတိုင်း မိသားစုဘက်က ခေါ်ဆိုသည့်အခါ ပြန်လည်ဖြေကြားခြင်း မရှိကြောင်း မောင်သက်မင်းပိုင်၏ အဒေါ်က Myanmanr Now သို့ ပြောသည်။


“အစ်မတို့သွားတိုင်း ကလေးက ငိုတယ်။ သားကို(ပြန်လွှတ်ဖို့) မေ့နေတာလား မသိဘူး တဲ့” ဟု မောင်သက်မင်းပိုင်၏ အဒေါ် ဒေါ်ဇင်မာထွေးက စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက ဖုန်းဖြင့်ပြောသည်။
တပ်သားသစ်အဖြစ်စုဆောင်းခံခဲ့ရသူ မောင်သက်မင်းပိုင်သည် ပုသိမ်ရှိ လေ့ကျင့်ရေးတပ်ထဲသို့ လွန်ခဲ့သည့် ၆လ ကတည်းက ရောက်ရှိနေကြောင်း မိသားစုဝင်များက ပြောသည်။


တပ်မတော်မှ နုတ်ထွက်ခွင့်ရသူ ၇၅ ယောက်တွင် ပုသိမ်လေ့ကျင့်ရေးတပ်မှ တချို့ ပါဝင်ကြောင်း၊ သို့သော်လည်း မောင်သက်မင်းပိုင် မပါဝင်သေးကြောင်း ပုသိမ်လေ့ကျင့်ရေးတပ်မှ အရာရှိတစ်ဦးက စက်တင်ဘာ ၃ တွင် ပြောသည်။
“လောလောဆယ်အနေအထားက ချက်ချင်းကို 'ရော့ ….အင့်' လို့ ပေးလို့ရတဲ့ အနေအထား မဟုတ်ဘူး။ အဲ့လောက်ထိ စိတ်မပူနဲ့။ အချိန်တန်ရင် ကျွန်တော်တို့က လွှတ်ပေးမှာ။ ဒီအသုတ် မပါရင်တောင် နောက်အသုတ်တွေထဲ ပါလာမှာ။ ကျွန်တော်တို့ကတော့ ပါမယ်ဆိုတာကို ပြောရဲတယ်” ဟု Myanmar Now သို့ ဖုန်းဖြင့် ပြောသည်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် မြန်မာအစိုးရနှင့် သဘောတူညီမှုရခဲ့သည့် ၂၀၁၂ ဇွန်လမှစပြီး ယနေ့အထိ ကလေးသူငယ်နှင့် လူငယ် ၉၂၄ဦး ကိုတပ်မတော်မှ နှုတ်ထွက်ခွင့်ပြုခဲ့သည်ဟု သိရသည်။
ယခုတစ်ကြိမ် လွှတ်ပေးခဲ့သည့် ၇၅ ဦးသည် ၂၀၁၈ အတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း UNICEF ကဆိုသည်။
ကုလအထွေထွေအတွင်းရေးမှုးချုပ်က မှတ်တမ်းတင်ထားသည့် မြန်မာနိုင်ငံရှိ ကလေးစစ်သားအသုံးပြုသည့် လက်နှက်ကိုင်တပ်ဖွဲ့ စာရင်းတွင် DKBA၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KNLA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ကရင်နီတပ်ဖွဲ့ (KA)၊ ရှမ်းပြည်နယ်တပ်ဖွဲ့တောင်ပိုင်း (SSA-S) နှင့် “ဝ”ပြည်နယ် ညီညွတ်ရေးတပ်ဖွဲ့ ( UWSA) တို့လည်း ပါဝင်သည်။
ကလေးစစ်သားများ စုဆောင်းခံရသည့် သတင်းများနှင့် မသင်္ကာစရာအချက်အလက်များ ရရှိပါက အရေးပေါ်ဖုန်းလိုင်းများဖြစ်သည့် ၀၉ ၄၂၁ ၁၆၆ ၇၀၁ နှင့် ၀၉ ၄၂၁ ၁၆၆ ၇၀၂ တို့ကို သတင်းပေးရန်လည်း UNICEF က ထုတ်ပြန်ထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












