သတင်း

စစ်တပ်ကို စွန့်ခွာပြီး KNU ထံ ခိုလှုံလာသည့် တပ်ရင်းမှူး ၃ ဦးထက်မနည်းရှိ

အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လို၍ ခိုလှုံလာသူများအနက် တပ်ရင်းမှူးအဆင့် ဒုတိယဗိုလ်မှူးကြီး ၃ ဦးထက်မနည်းရှိပြီဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူက ပြောသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်လာသည့် စစ်တပ်အဆင့်မြင့်အရာရှိများအနက် တစ်ဦးမှာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အမှတ် (၃၅၁) ခြေမြန်တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်း ဖြစ်သည်ဟု KNU နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးထံမှ သိရသည်။

ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းသည် စစ်တပ်က အဆက်မပြတ်ဝင်ရောက်စီးနင်းကာ ရွာလုံးကျွတ်မီးရှို့ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေသော စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ဇာတိဖြစ်သည်။​

“အကိုတို့အနေနဲ့ စစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်နေရတာ အမေ့အိမ်ပြန်ဖို့တောင်မှ ခွင့်ပြန်လို့မရတော့တဲ့ အနေအထားတွေ။ အခုက ပြန်သူနဲ့ ပြန်တိုက်နေရတော့ ကိုယ်က အရင်ကတော့ စစ်သားပေါ့။ အခုက သူပုန်ဖြစ်နေတယ်” ဟု CDM စစ်သားများကို ချိတ်ကူနေသည့် ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် အင်တာဗျူးတွင် ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောထားသည်။

ထိုအရာရှိမှာ ဖေဖော်ဝါရီလကုန်ပိုင်းက ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ KNU တပ်မဟာ ၅ နယ်မြေသို့ ခိုလှုံလာခြင်းဖြစ်ကြောင်း၊ CDM ဝင်လာသည့် အခြားတပ်ရင်းမှူးများကိုမူ လုံခြုံရေးအခြေအနေအရ နောင်မှ အသေးစိတ်ထုတ်ပြန်မည်ဟု ၎င်းက ဆက်ပြောသည်။

“သင့်လျော်တဲ့အချိန်ကျရင်တော့ ထုတ်ပြန်သွားမဲ့ အနေအထားတော့ရှိတာပေါ့။ ဒါကတော့ သေချာသလောက်ရှိပါတယ်။ မလွဲပါဘူး။ အနည်းဆုံးကတော့ ၂ ယောက်၊ ၃ ယောက် ရှိနေပြီ” ဟု ပဒိုစောတောနီးက ဆိုသည်။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေသည့် တစ်နှစ်ကျော်အတွင်း တပ်ကို စွန့်၍ ထောင်နှင့်ချီ CDM ဝင်ကြသူများအနက် ဒုဗိုလ်မှူးကြီးအဆင့်သည် အမြင့်ဆုံးရာထူးဖြစ်သည်။

တပ်ရင်းမှူးအဖြစ် တာဝန်ပေးခံရလေ့ရှိသူ ဒုဗိုလ်မှူးကြီးများသည် တပ်ကွပ်ကဲမှုနှင့် စစ်ရေးလှုပ်ရှားမှုများတွင် အခရာကျပြီး မြေပြင်စစ်ကြောင်းများတွင် အဆင့်မြင့်ဆုံးအရာရှိများဖြစ်သည်ဟု သိရသည်။ 

ပြည်သူ့ထံသို့ ဘက်ပြောင်းလာသည့် တပ်မတော်သားများကို ဩစတြေးလျနိုင်ငံက ခိုလှုံခွင့်ပြုသည်ဆိုသော သတင်းများ ကျယ်ပြန့်စွာထွက်လာချိန် မတ်လလယ်မှစ၍ တာဝန်ထမ်းဆောင်ဆဲ အရာရှိ၊ စစ်သည် ရာနှင့်ချီ၍ ဆက်သွယ်စုံစမ်းမှုများရှိသည်ဟု CDM ဗိုလ်ကြီး ခန့်ကိုက ပြောသည်။

“ဩစီသတင်း ထွက်လာပြီးတဲ့နောက်ပိုင်း တောက်လျှောက် လာဆက်သွယ်တာပေါ့။ သူတို့သိချင်တာ လာမေးကြတာ စုံနေတာပဲ။ ထွက်လာလို့ရှိရင် တန်းပို့ပေးတာလားတို့၊ မိသားစုပါ ခေါ်လို့ရလားတို့ ကျွန်တော်တို့တစ်ယောက်တည်းကို လာမေးတာ လူတစ်ရာလောက်တောင် ရှိနေပြီ” ဟု ၎င်းက ဆိုသည်။

စစ်မှုထမ်းသက် ၇ နှစ်ရှိ ဗိုလ်ကြီးခန့်ကိုမှာ ပြီးခဲ့သည့်နှစ် မေလအတွင်း တပ်ကို စွန့်ခွာလာသူဖြစ်ကာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး(ကပစ) စက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။​

CDM စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ဩစတြေးလျနိုင်ငံက အခြေချနေထိုင်ခွင့်ပေးနေပြီ၊ လက်ရှိတွင် CDM တပ်အရာရှိနှစ်ဦး ရောက်နေပြီဟု မဲလ်ဘုန်းမြို့အခြေစိုက် The Age သတင်းဌာနက မတ်လ ၁၈ ရက်တွင် ဖော်ပြသည်။

အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရန် ကြွေးကြော်ထားပြီး စစ်ကောင်စီကို အာခံနေသည့် အဖွဲ့အစည်းများနှင့် အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်နေသည့် KNU ကလည်း ယခုအချိန်သည် ပြည်သူနှင့် ပူးပေါင်းရန် အချိန်ကောင်းဖြစ်သည်ဟု တပ်မတော်သားများကို တိုက်တွန်းသည်။

“စစ်တပ်ထဲမှာရှိတဲ့ အသိုင်းအဝိုင်းကလည်း ပြည်သူနဲ့အတူ ပူးပေါင်းဖို့ အသင့်တော်ဆုံးအချိန်ဟာ ဒီအချိန်၊ ဒီကာလပဲ ဖြစ်တယ်ဆိုတာ ကျနော်တို့ ထပ်ပြီး ပြောလိုပါတယ်။ ဒီအတွက် ဘာမှ သံသယရှိစရာမလိုဘူး” ဟု ပဒိုစောတောနီးက ပြောသည်။

“နာမည်ကောင်းလည်း ပိုရနိုင်သလို လူထုဘက်ကလည်း အများကြီးဝမ်းသာမယ်ဆိုတာ ပြောစရာကို မလိုတော့ဘူး။ ကိုယ့်ရဲ့သမိုင်းကလည်း တစ်သက်လုံးကောင်းသွားမယ်” ဟု ၎င်းက ဆက်ပြောသည်။

ဝါရင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ KNU သည် ၎င်းတို့၏ နယ်မြေများအတွင်း စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်သားနှင့် ဝန်ထမ်းများကို နုတ်ထွက်ရန်၊ ဒေသတွင်းမှ ထွက်ခွာသွားရန် ယခုလပိုင်းအတွင်း ခပ်စိပ်စိပ် သတိပေးမှုများပြုလုပ်နေသည်။

လွန်ခဲ့သည့် သုံးရက် (မတ်၁၇)ကပင် ကော့ကရိတ်မြို့နယ်အတွင်း ထိုသို့ သတိပေးထားပြီး မလိုက်နာပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို တာဝန်ယူမည်မဟုတ်ဟု ထိုမြို့နယ်၏ KNU အမြဲတမ်းကော်မတီက စာထုတ်ပြန်ထားသည်။

“ဒီနေ့ ဒီအချိန်အခါဟာ ကျနော်တို့ တိုက်ပွဲဝင်ဖို့ အသင့်ပဲ” ဟု ပဒိုစောတောနီးက ပြောသည်။

စစ်ကောင်စီကလည်း KNU နယ်မြေများအတွင်း ဗုံးကြဲတိုက်ခိုက်မှုများ၊ စစ်ရေးလှုပ်ရှားမှုများကို တိုး၍ လုပ်နေပြီး နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။

ထိုအခြေအနေတွင် စစ်ကောင်စီကို လက်နက်ကိုင်၍ ခုခံမှုကဏ္ဍတွင် ပါဝင်ထမ်းဆောင်နေသူများ၊ စစ်လက်နက်ထုတ်ရာတွင် ကူညီနေသူများအပြင် တပ်ကို စွန့်ခွာကာ ကိုယ်ယောင်ဖျောက်နေသည့် စစ်သားများစွာ ရှိသည်ဟု ရေတပ်တွင် ၁၃ နှစ်ကြာ တာဝန်ထမ်းခဲ့သူ အုပ်ခွဲတပ်ကြပ်ကြီး မြတ်မင်းသူက ပြောသည်။

“ဒီဘက်ခွင်(ကရင်) တွေမှာဆိုရင် ဘယ်ကိုမှ စာရင်းမပေးဘဲ ဖျောက်နေတဲ့သူတွေက ကျွန်တော့်အသိထဲမှာတင် ဆယ့်လေးငါးယောက်ရှိတယ်။ ဆိုတော့ မြေပြင်မှာ ပိုများမယ်ဆိုတာ သေချာသလောက်ရှိတယ်” ဟု ၎င်းက ပြောသည်။

အသက် ၃၃ နှစ်အရွယ် ကိုမြတ်မင်းသူသည် စစ်ကောင်စီကို ပြန်တိုက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ချိတ်ဆက်ပြီး လွတ်မြောက်နယ်မြေတစ်နေရာတွင် လူငယ်များကို စစ်ရေးလေ့ကျင့်ပေးနေသည်။

ထိုသို့ တပ်ကို စွန့်ခွာသည့် အခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ Myanmar Now က တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီး စစ်ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်အုန်းကမူ တပ်ကို စွန့်ခွာပြီး ဘက်ကူးပြောင်းသွားသူ တစ်ယောက်နှစ်ယောက်သာ ရှိသည်ဟု ဖေဖော်ဝါရီ ၂၃ ရက်က တရုတ်နှင့် ဂျပန်သတင်းဌာနများကို ပြောဆိုထားသည်။​

သို့သော် တပ်မတော်မှ CDM လုပ်လာသူအချို့က ဦးမောင်မောင်အုန်း၏ ပြောဆိုချက်မှာ အခြေအမြစ်မရှိ၊ စစ်ပြေးစာရင်းကို လျှော့ပြ၍ အရာရှိပိုင်းက လစာထုတ်ကာ အလွဲသုံးမှုများရှိသည်ဟု ထောက်ပြဝေဖန်ကြသည်။

NUG ၏ ၂၀၂၁ နှစ်ကုန်တွင် ထုတ်ပြန်သောစာရင်းအရ တစ်နှစ်အတွင်း တပ်မတော်သား ၂၀၀၀ ကျော်နှင့် ရဲတပ်ဖွဲ့ဝင် ၆၀၀၀ ကျော် CDM ဝင်ထားသည်ဟု သိရသည်။

လက်ရှိတွင် ဒေသအလိုက်ဖွဲ့ထားသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ဦးဆောင်နေသည့် တပ်ဖွဲ့များ၊ KNUနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကဲ့သို့သော ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button