သတင်း

ပန်းခြံငှားရမ်းမှုများအတွက် တာဝန်ရှိသည်ဟူသော စွပ်စွဲချက်ကို ဒုသမ္မတ ငြင်းဆို

ရန်ကုန် – ဒုတိယသမ္မတ ဦးမြင့်ဆွေက ယခင်အစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ယူခဲ့စဉ် ပန်းခြံများကို လုပ်ငန်းရှင်တို့ထံ အလွန်နည်းပါးသော နှုန်းထားဖြင့် ငှားရမ်းခြင်းနှင့် ပတ်သက်ပြီး တာဝန်ရှိသည်ဟူသော စွပ်စွဲချက်ကို မကြာသေးခင်က ပယ်ချလိုက်သည်။

ရန်ကုန်မြို့ ပန်းခြံများရှိ မြေနေရာ၊ ဆိုင်ခန်း၊ အဆောက်အအုံ ငှားရမ်းခဲ့ပုံအကြောင်း မေးခွန်းများကို Myanmar Now က မေ ၃၁ရက်နေ့တွင်  ဦးမြင့်ဆွေထံ စာပေးပို့ခဲ့ရာ သူက ဇွန် ၅ ရက်နေ့တွင် တယ်လီဖုန်းဖြင့် ပြန်လည်ဖြေကြားစဉ် ထိုသို့ ပယ်ချလိုက်ခြင်း ဖြစ်သည်။

၂ဝ၁၁ နှစ်ဆန်းပိုင်းအထိ အုပ်ချုပ်ခဲ့သည့် တပ်မတော်အစိုးရလက်ထက်ပင် ပန်းခြံများကို ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် အစိုးရ လက်ထက် ထပ်မံငှားရမ်းမှုများမှာလည်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် မြို့တော်ဝန်တွင်သာ တာဝန်ရှိကြောင်း ဦးမြင့်ဆွေက ပြောသည်။

“နောက်တစ်ခုကလွဲနေတာ မြကျွန်းသာ (ပန်းခြံ) တို့က ကျွန်တော်တို့ အစိုးရလက်ထက်မှာ အဲဒါတွေက လုံးဝမကျန်တော့ဘူး။ ဟိုးအရင် တပ်မတော် အစိုးရ လက်ထက်မှာကတည်းက အဲဒါလေးတွေက ပေးထားပြီးသားဟာတွေ” ဟု ဦးမြင့်ဆွေက ပြောသည်။

ပန်းခြံအတွင်း နှစ်ရှည် လုပ်ငန်းလုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး တိကျသည့် သတင်းအချက်အလက်များမှာ မကြာသေးခင်က  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဧပြီ  ၅ ရက်နေ့က  ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက တိုင်းဒေသကြီးလွှတ်တော်သို့ ပေးပို့သည့် အစီရင်ခံစာတွင် ပန်းဥယျာဉ်နှင့်ကစားကွင်း ငှားရမ်းခ နည်းပါးလွန်းသဖြင့် ပြည်သူ့ဘဏ္ဍာ ဆုံးရႈံးနစ်နာခြင်း၊ ကုမ္ပဏီများက စာချုပ်ပါ အချက် လိုက်နာမှု မရှိခြင်း၊ လုပ်ငန်းလုပ်ပိုင်ခွင့်ကို တင်ဒါမခေါ်ယူဘဲ လက်သိပ်ထိုး ပေးအပ်ခြင်း စသည့် အကြောင်းအရာများ ပါဝင်သည်။

Natural World ကုမ္ပဏီက ရွှေတိဂုံအနီး ပြည်သူ့ဥယျာဉ်အတွင်းမှ မြေဧက ၈ဝ နီးပါးကို တစ်ပေ ၆ ကျပ်ခန့်နှုန်းဖြင့် ၂၅ နှစ်ကြာ ငှားရမ်းခွင့် ရထားသည်။ ၂ဝ၁၁ ခုနှစ်မှ စတင်ခဲ့သော ထိုသဘောတူညီမှုအတွက် နိုင်ငံတော်က ၁၄,၂၈၁ သန်း နှစ်စဉ် ဆုံးရှုံးနစ်နာရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာအေးဘုရားလမ်း၊ မြကျွန်းသာပန်းခြံအတွင်း ကုမ္ပဏီ ၈ ခု ငှားရမ်းမှုမှာ တစ်ပေ ၂၅ ကျပ်နှုန်း ဖြစ်သောကြောင့် နှစ်စဉ် ၂၁,၆၂၉ သန်း နစ်နာသည်ဟု အစီရင်ခံစာက ဆိုသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဘဝတွင် ထိုသို့ ငှားရမ်းမှုများနှင့် ပတ်သက်ခဲ့ခြင်း မရှိဟု ဦးမြင့်ဆွေက ဆိုသည်။

“ကျွန်တော်တို့က ပတ်သက်တယ်ဆိုရင်တော့ ကျွန်တော်က ခေါင်းမရှောင်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်လုပ်တဲ့ဟာပဲ ကိုယ်တာဝန်ယူရမှာပေါ့။ လုပ်ရဲရင်ခံရဲရမှာပေါ့။ ကျွန်တော်တို့က စစ်သားပဲလေ။ ဘာမှမကြောက်ဘူး” ဟု တပ်မတော်က တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောသည်။

ကာလပေါက်ဈေးနှင့် အလွန်ကွာဟနေသော ပန်းခြံငှားရမ်းခများကြောင့်  နှစ်စဉ် ပြည်သူ့ဘဏ္ဍာ သန်းပေါင်းများစွာ ဆုံးရှုံးနေရခြင်းအတွက် မှတ်ချက်ပေးရန် အချိန်မတန်သေးဟု ဒုသမ္မတက ဆိုသည်။

ဒဂုံမြို့နယ် ကိုယ်စားပြု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန်ပန်းခြံ ငှားရမ်းမှု အရှုပ်တော်ပုံနှင့် ဆက်စပ်ပြီး လွှတ်တော်တွင် အဆိုတင်သွင်းရန် ကြိုးစားခဲ့သူ ဖြစ်သည်။

ရန်ကုန်ပန်းခြံတို့ကို မဖြစ်နိုင်သည့် ဈေးနှုန်းများဖြင့် ငှားရမ်းထားခြင်း နောက်ကွယ်တွင် အဂတိလိုက်စားမှုများလည်း ရှိနေနိုင်သည်ဟု မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တွင် ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ဖူးသူ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးကျော်ဇေယျက သုံးသပ်သည်။

“ (အဂတိလိုက်စားမှုတွေ) ပါနိုင်တာပေါ့ဗျာ။ တင်ဒါစနစ်လည်း မရှိဘူး။ ပြီးတော့ ပြည်သူ့ရင်ပြင်ဆိုရင် စစချင်းငှားတဲ့ ၂ဝဝ၉-၂ဝ၁ဝမှာ စာချုပ်တောင် မရှိဘူး” ဟု စစ်အရာရှိဟောင်း လွှတ်တော်အမတ်  ဦးကျော်ဇေယျက Myanmar Now ကို ပြောသည်။

Show More

Related Articles

Back to top button