သတင်း

ကောင်းမှုတော်စေတီမှ စည်တော်ကို ဖယ်ရှားရန် စစ်ကောင်စီ ကြိုးပမ်း

အာဏာသိမ်းဗိုလ်ချုပ်ကြီးများကြောင့် အပြောင်းအလဲများစွာ ဆက်တိုက်ပေါ်ပေါက်နေရာ များမကြာမီ ဖြစ်ပေါ်လာမည့် ပြောင်းလဲမှုမှာ နာမည်ကျော်စေတီတစ်ဆူနှင့် ပတ်သက်နေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်က စစ်ကိုင်းမြို့အနီး ရာဇမဏိစူဠာ ကောင်းမှုတော်စေတီပရိဝုဏ်အတွင်း တည်ထားခဲ့သော စည်ကြီးတစ်လုံးကို ဖြုတ်ချဖယ်ရှားရန် စစ်ကောင်စီက ပြင်ဆင်နေခြင်း ဖြစ်သည်။

ပန်းပုဆရာတစ်ဦးက ကမ္ဘာ့အကြီးဆုံးဖြစ်ဖွယ်ရှိသော သစ်တစ်လုံးထွင်းစည်ကြီးကို သီတဂူဆရာတော် ဦးဉာဏိဿရ၏ ၈၂ နှစ်မြောက် မွေးနေ့လက်ဆောင်အဖြစ် ထွင်းထုလှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆရာတော်က ထိုစည်ကို မဟာဘေရီ ခေါ် အဓိကဒုန္ဒုဘ စည်တော်ကြီးဟု အမည်တပ်ခဲ့ပြီး ကောင်းမှုတော်စေတီ၏ အနောက်တောင်ထောင့်တွင် ညောင်ရမ်းခေတ်ပုံစံ အဆောက်အအုံတစ်ခုဆောက်လုပ်၍ ၂၀၁၉ မတ် ၁၉ တွင် ထားရှိခဲ့သည်။

၂၀၁၉ နှစ်ဆန်းပိုင်း ကောင်းမှုတော်စေတီတွင် ထားရှိမည့် စည်တော်ကို နေရာချထားရန် ပြင်ဆင်နေကြပုံ (ဓာတ်ပုံ – Myanmar Digital News)

အာဏာသိမ်းစစ်ကောင်စီက ထိုစည်ကို ဖြုတ်ချ၍ အလှူရှင်နေထိုင်ရာ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်သို့ ပို့ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

အင်းတော်မြို့နယ်၏ မြို့နယ်ကောင်စီအဖွဲ့က စည်တော် ပြန်သယ်ယူရေးကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် အသိပေးခဲ့ကြောင်း ကိုယ်တိုင်ထွင်းထုခဲ့သော အလှူရှင် ဦးကျော်ညွန့်က Myanmar Now ကို ပြောသည်။

“မြို့နယ်(ထွေအုပ်)ကတော့ လာခေါ်တယ်၊ ဒါ သယ်ချင်တယ်ပေါ့။ အဲဒါ ဆရာတော်ကြီးသဘောပါ၊ သယ်ချင်သယ်ပေါ့၊ ကျွန်တော့်အနေနဲ့ ဘာမှပြောစရာမရှိဘူး၊ ဆရာတော်ကြီးခွင့်ပြုတယ်ဆိုရင်” ဟု ၎င်းက ပြောသည်။

သို့သော် ပြန်သယ်ယူရေးကိစ္စနှင့် ပတ်သက်၍ သီတဂူဆရာတော်အပါအဝင် ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ဝင်များက ဆက်သွယ်အသိပေးလာခြင်း မရှိသေးကြောင်း ဦးကျော်ညွန့်က ပြောသည်။

အလျား ၁၂၈ လက်မ၊ အမြင့် ၆၄ လက်မနှင့် မျက်နာဝအကျယ် ၅၄ လက်မရှိသော ထိုစည်ကြီးကို NLD လက်ထက်က ယတြာအစီအမံများဖြင့် ပြုလုပ်ခဲ့သည်ဆိုကာ ဖယ်ရှားရန် ကြိုးပမ်းနေခြင်းဟု ကြားသိရကြောင်း စစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် ကပ်ဘေးကာလ ခရီးသွားများ လည်ပတ်ခွင့်ပိတ်ထားချိန်မှာ စစ်ကောင်စီတပ်က နှစ်ကြိမ်လာ၍ ထိုစည်ကို ဖွင့်ဖောက်စစ်ဆေးခဲ့သေးကြောင်း ဂေါပကအဖွဲ့ဝင်များနှင့် နီးစပ်သော အထက်ပါ အမျိုးသားက ပြောသည်။

စည်ကို ဖြုတ်ချဖယ်ရှားရန် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်မြတ်ထွန်းဦး၊ စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်၊ သီရဂူဆရာတော် အရှင်ဉာဏိဿရတို့ ယခုလ ၉ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထိုတွေ့ဆုံပွဲကို ကောင်းမှုတော်စေတီတွင် ပြုလုပ်သော်လည်း ဂေါပကများ တက်ရောက်ခွင့် မရခဲ့ကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“အစည်းအဝေးလုပ်တယ် ကြားတယ်။ ကိုယ်တို့ ဂေါပကတွေ မပါဘူး။ ဂေါပကတွေ တစ်ယောက်မှ ဝင်ခွင့်မရဘူး၊ လုံးဝ အဝင်မခံဘူး”ဟု ၎င်းက ပြောသည်။

NLD အစိုးရလက်ထက်တွင် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာမြင့်နိုင်၊ သီတဂူဆရာတော်နှင့် ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ဝင်များ ပူးပေါင်း၍ စည်ကို နေရာချထားခဲ့ခြင်းဖြစ်သည်။

ထိုစည်ကို အလှူရှင်ထံ ပြန်ပို့မည်ဆိုသော်လည်း ဖြတ်ချဖယ်ရှားမည့်ရက် အတိအကျ မသိရသေးပေ။

စည်အတွင်းပိုင်းတွင် တရားဒေသနာတော်နှင့် ဂါထာတော်များ၊ ဗားမဲ့ဆရာတော်၏ ဂါထာတော်နှင့် လောကီအစီအမံများ၊ စည်လုံးပတ်အပြင်ဘက်တွင် ဗုဒ္ဓ၏ ခြေတော်ရာပါ ပုံပန်းသဏ္ဌာန်များကို ထည့်သွင်း ထုလုပ်ထားကြောင်း အစိုးရနှင့် ပုဂ္ဂလိကသတင်းဌာနများက ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။

တစ်နှစ်နီးပါးကြာ ကိုယ်တိုင်ထွင်းထုခဲ့ရသော အလှူရှင် ဦးကျော်ညွန့်က နိုင်ငံကောင်းကျိုးအတွက် ရည်ရွယ်ခဲ့သည်ဟု ပြောသည်။

“ဗေဒင်၊ ယတြာရယ်တော့ မဟုတ်ပါဘူးဗျာ။ ဘုရားဟောတဲ့ ဒေသနာတွေနဲ့ပဲ ထုထားတာပါဗျာ။ အကောင်းဆုံးပေါ့နော်။ အသံကို မြည်စေတယ်ပေါ့။ အဲဒီလိုမျိုး ဂါထာတွေပဲ ပါတာပါ။ ဒီပြင်ဟာတော့ မရှိပါဘူး။ အကောင်းဆုံး ကိုယ့်နိုင်ငံ ချမ်းသာစေချင်တယ်ဆိုတာမျိုး အဲဒီလိုဟာမျိုးတွေပဲ ပါတာပါ” ဟု ၎င်းက ပြောသည်။

ဧရာဝတီမြစ်ဘေးရှိ စစ်ကိုင်းမြို့နယ်အတွင်း ကြီးမားသော ကြေးခေါင်းလောင်း၊ သစ်တစ်လုံးထွင်းစည်၊ ရှေးဟောင်းစေတီပုထိုးများမှာ ပြည်တွင်းပြည်ပဧည့်သည်များကို အထူးဆွဲဆောင်နေသည်။  

သီတဂူဆရာတော်သည်လည်း စည်ကြီးနှင့် ပတ်သက်၍ ထိုအချိန်က ဂုဏ်ယူဝင့်ကြွားဟန်ရှိခဲ့ကြောင်း တွေ့ရသည်။

“စည်တော်ကြီးက စည်တကာတို့ထက် လွန်ကဲသော ကြီးမားသော စည်တော်ကြီးဖြစ်တယ်။ …စည်တီးရွာသားတွေ စည်တော်ကြီးကို တီးခွင့်ရကြလျှင် တစ်ပြည်လုံး တစ်ကမ္ဘာလုံး ဓမ္မစည်သံကြီး ခြိမ့်ခြိမ့်တီး သိမ့်သိမ့်ဟီးလိမ့်မည်” ဟု ဒေါက်တာ အရှင်ဉာဏိဿရက မိန့်ဆိုခဲ့ကြောင်း ဧရာဝတီသတင်းဌာန၏ ဖော်ပြချက်တွင် တွေ့ရသည်။

စစ်ကောင်စီက ထိုစည်ကို ဖြုတ်ချဖယ်ရှားရန် ကြိုးပမ်းမှုမှာ ဗေဒင်၊ ယတြာ အခါတော်ပေးများ၏ တိုက်တွန်းမှုကြောင့် လုပ်မိလုပ်ရာ လုပ်ခြင်းသာဖြစ်နိုင်ကြောင်း စစ်ကိုင်းမြို့နေ အမျိုးသားတစ်ဦးက သုံးသပ်သည်။

“ဘာလုပ်လုပ် မအောင်မြင်၊ ကျဆုံးနေတာဆိုတော့ ဓာတ်ရူး နတ်ရူး ဘုန်းကြီးတွေ၊ ဂိုဏ်းဆရာတွေ ပြောသမျှ လိုက်လုပ်၊ လိုက်ဖျက်ဆီးနေတဲ့ သဘောဗျ” ဟု ထိုအမျိုးသားက မှတ်ချက်ပြုသည်။

“ဘုရားပစ္စည်း သူတစ်ပါးကောင်းမှုကို ဖျက်ဆီးရင် ဘယ်လိုအပြစ်တွေ ခံစားရနိုင်တယ်ဆိုတာ ကျောက်စာတွေသာ ဖတ်ကြည့်ကြပေါ့”

အသက် ၆၆ နှစ် ပြည့်တော့မည့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်း၏ အောက်ခြေစစ်သည်၊ အရာရှိတို့ အကျအဆုံးများလာသည့် ကာလတွင် မွေးဇာတိကို ပြန်ပြီး ကျပ်သိန်းထောင်ချီသုံးစွဲကာ ဗေဒင်၊ ယတြာ အစီအမံများ လုပ်ဆောင်ထားသည်။

နိုင်ငံအနှံ့ စေတီများတွင် အလှူရှင်များက အရွယ်စုံ စည်၊ ခေါင်းလောင်း၊ ကြေးစည်များ လှူဒါန်းထားသည်ကို တွေ့နိုင်ပြီး ထိုအထဲမှ ကောင်းမှုတော်စေတီရှိ စည်ကြီးကို နေရပ်ပြန်ပို့ရန် စီစဉ်နေကြခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ကြီးမားလုံးဝန်းသည့်ပုံစံ တည်ထားသော အဖြူရောင် ကောင်းမှုတော်စေတီကို ယခင်စစ်ခေါင်းဆောင် ဦးသန်းရွေအလိုကျ ရွှေရောင်ပြောင်းခဲ့သေးသည်။ ၈ နှစ်အကြာ ၂၀၁၈ တွင် ကောင်းမှုတော်စေတီကို အဖြူရောင်ဆေးသင်္ကန်း ပြန်လည်ကပ်လှူခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button