သတင်း

ဂျပန်အထူးကိုယ်စားလှယ် ထိုင်းနယ်စပ် တိုင်းရင်းသားလက်နက်ကိုင်များနှင့်တွေ့

အာဏာသိမ်းစစ်ကောင်စီထံ အဝင်အထွက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အထူးကိုယ်စားလှယ်ဖြစ်သူ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါသည် ယနေ့ (မတ် ၁၀) တွင် ထိုင်း – မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ချင်းမိုင်မြို့တွင် တွေ့ဆုံသည်။

မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို အသေးစိတ် မသိရသော်လည်း လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေးကိစ္စ ပါဝင်ကြောင်း တွေ့ဆုံခဲ့သည့် အဖွဲ့တချို့က Myanmar Now ကို ပြောသည်။​

နီပွန်ဖောင်ဒေးရှင်းကူညီထားသည့် ပညာသင်ကျောင်းများကိစ္စနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေး ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ယနေ့တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က ပြောသည်။

“သူတို့နဲ့က ဟိုးအရင်ကတည်းက ပညာရေးလုပ်ငန်းတွေကို ချိတ်ဆက်ပြီးမှ လုပ်ထားတာ ရှိတယ်လေ။ အဲဒီအချိတ်အဆက်တွေပါ။ သူတို့က ထိုင်းနိုင်ငံကို ရောက်တုန်း ကျွန်တော်တို့နဲ့ တွေ့မယ်ဆိုပြီး ဖိတ်ကြားလာတဲ့အတွက် ကျွန်တော်တို့ လာတွေ့တဲ့သဘောပါပဲ” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါနှင့် ပထမဆုံးတွေ့ဆုံခြင်း ဖြစ်ကြောင်း၊ စစ်ဘေးရှောင်များနှင့် ပတ်သက်၍ အချက်အလက်ကောက်ယူသော်လည်း လက်တွေ့အစီအစဉ် မရှိသေးကြောင်းလည်း ဦးအောင်ဆန်းမြင့်က ဆိုသည်။​

“မြို့ရွာတွေပျက်စီး၊ လူတွေလည်း ပုန်းရှောင်နေတဲ့အခါကျတော့ ဒီအထောက်အပံ့တွေကို အလွယ်တကူရောက်ရှိဖို့အတွက် ကျွန်တော်တို့က နည်းလမ်းရှာရဦးမဲ့သဘောပဲ ရှိပါသေးတယ်။ တကယ်ကူညီဖို့ အစီအစဉ်တွေတော့ ဘာမှမရှိသေးပါဘူး” ဟု ၎င်းက ဆိုသည်။

ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က တွေ့ဆုံပွဲသို့ KNPP ပါတီမှ ဥက္ကဋ္ဌ ခူဦးရယ်၊ အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်နှင့် ကရင်နီအရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့မှ နဲနယ်ပလိုးတို့ တက်ရောက်ခဲ့သည်ဟု သိရသည်။ 

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် တာဝန်ရှိသူတချို့လည်း ဂျပန်ကိုယ်စားလှယ်နှင့် တွေ့သည်ဟု သိရသည်။ 

တွေ့ဆုံရာတွင် လတ်တလော တိုက်ပွဲပြန်ဖြစ်နေသော လေးကေ့ကော်မြို့သစ်ကိစ္စသာ ဆွေးနွေးမည်ဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

“ကျွန်တော်တို့ဥက္ကဋ္ဌနဲ့ ဟိုတစ်ချိန်တုန်းက လေးကေ့ကော်ဖြစ်မြောက်ရေးအတွက် ကမကထလုပ်တဲ့သူတွေ ဖြစ်တယ်။ နောက်ပြီးတော့ နီပွန်ဖောင်ဒေးရှင်းကိုယ်၌ကလည်း အကုန်အကျတွေ အားလုံးကျခံပြီးတော့ ပါဝင်ပတ်သက်တဲ့ဟာရှိတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သွားပြောတာပဲ ရှိလိမ့်မယ်လို့ ထင်ပါတယ်။ တခြား ဘာမှ မသိရသေးပါဘူး” ဟု ၎င်းက ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အရ ငြိမ်းချမ်းရေးစံပြမြို့အဖြစ် ထူထောင်ထားသည့် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးရှိ လေးကေ့ကော်မြို့သစ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလမှစ၍ စစ်တပ်နှင့် KNU ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကာ လက်ရှိတွင်လည်း စစ်ရေးတင်းမာနေဆဲဖြစ်သည်။

မစ္စတာဆာဆာကာဝါသည် ချင်းမိုင်မြို့၌ KNU နှင့် KNPP တို့အပြင် ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့်လည်း ယနေ့၌ပင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။​

ထို့ပြင် မစ္စတာဆာဆာကာဝါသည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကိစ္စအကျိုးဆောင်များဖြစ်သော ဦးလှမောင်ရွှေ၊ ဦးအောင်နိုင်ဦးတို့နှင့် ချင်းမိုင်၌ပင် ယနေ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဓာတ်ပုံများနှင့်တကွ ရေးသားဖော်ပြသည်။

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌသည် ယခုလဆန်းပိုင်းတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ကာ ဝန်ကြီးချုပ်ဟွန်ဆန်၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့သေးသည်။

ယခုလဆန်းပိုင်းက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌတို့ တွေ့ဆုံခဲ့စဉ်။

ဝန်ကြီးချုပ်က မစ္စတာဆာဆာကာဝါကို မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးရန် အကူအညီတောင်းထားသည်ဟုလည်း Phnom Penh Post သတင်းစာက ယခုလဆန်းပိုင်းတွင် ရေးသားသည်။ 

မစ္စတာဆာဆာကာဝါ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း မြန်မာနိုင်ငံသို့ လာရောက်ကာ ရခိုင်အမျိုးသားပါတီ (ANP)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ပြည်သူ့ပါတီ (PP) တို့နှင့် တွေ့ဆုံခဲ့သည်။​

သီးခြားအတည်ပြုနိုင်ခြင်း မရှိသော်လည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သူ ဂျပန်အထူးကိုယ်စားလှယ်မှာ ယခုလ ၂၀ ရက်တွင် နေပြည်တော်သို့ ထပ်မံသွားရောက်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံရန်ရှိသည်ဟု ဆိုသည်။

အင်းစိန်ထောင်၌ ငါးလကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အမေရိကန်သတင်းသမား Denny Fenster ကို ပြန်လွှတ်ပေးရာတွင် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၏ မေတ္တာရပ်ခံချက်ပါဝင်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ဖူးသည်။​

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ မကြာခဏလာရောက်ကာ စစ်ကောင်စီထံ အဝင်အထွက်ပြုလုပ်နေသူ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၏ လှုပ်ရှားမှုများမှာ ပုဂ္ဂိုလ်ရေးဆောင်ရွက်ချက်များသာဖြစ်ပြီး ဂျပန်အစိုးရနှင့် မပတ်သက်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ 

စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ကြားဝင်ဆောင်ရွက်ပေးနေသူ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် တွေ့ဆုံရာတွင် ကျန်နိုင်ငံရေးကိစ္စများ ဆွေးနွေးရန် အစီအစဉ်မရှိကြောင်းလည်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

“ဒီအနေအထားမှာ စစ်ကောင်စီနဲ့ ဘယ်လိုမှ ဆွေးနွေးလို့ မရပါဘူး။ ကျွန်တော်တို့ ချထားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကလည်း အားလုံးလည်း သိပြီးသားပါ။ ဒီအချိန်ကာလမှာ စစ်ကောင်စီနဲ့ ဘာသွားဆွေးနွေးမှာလဲဆိုတဲ့ မေးခွန်းလည်းရှိသေးတယ်” ဟု ၎င်းက ပြောသည်။​

အလားတူပင် KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်ကလည်း ဂျပန်အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံသည်ဆိုသော်လည်း နိုင်ငံရေးနှင့် စစ်ရေးကိစ္စများ လုံးဝဆွေးနွေးရန် မရှိကြောင်း ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်တွင် နေပြည်တော်၌ အာဏာသိမ်းခေါင်းဆောင်နှင့် မစ္စတာဆာဆာကာဝါတို့ တွေ့ဆုံခဲ့စဉ်။

“စစ်အာဏာရှင် ချုပ်ငြိမ်းရေးနဲ့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးကိုပဲ ချိတ်ဆက်နေတဲ့ လက်တွဲဖော်တွေနဲ့ ကျွန်တော်တို့ ဆက်လုပ်ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ သူတို့က မပြောပါဘူး။ ပြောရင်လည်း ကျွန်တော်တို့က လက်ခံပြီးမှ ဆွေးနွေးဖို့လဲ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။​

အာဏာသိမ်းမှုအပေါ် ကရင်နီပြည်နယ်ခေါ် ကယားပြည်နယ် ဒေသခံလူထုက အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ခဲ့သည့်နည်းတူ လက်နက်ကိုင် ခုခံတော်လှန်ရေးအတွက် ကရင်နီဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များလည်း ပေါ်ပေါက်ခဲ့သည်။

ကယားပြည်နယ်ရှိ ဒေသခံ PDF များအပါအဝင် KNPP ၏ KA တပ်မတော်ကို စစ်ကောင်စီက ပြီးခဲ့သည့်နှစ်မှစ၍ အပြင်းအထန် ထိုးစစ်တိုက်ခိုက်ခဲ့သည်။ လက်ရှိတွင်လည်း နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က အရပ်သားများကိုပါမချန် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ရှိသည်။ 

ထို့အတူ ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့အနီးရှိ လေးကေ့ကော်မြို့သစ်တွင်လည်း KNU ဦးဆောင်သော ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားနေသည်။ 

ယမန်နေ့ (မတ် ၉) တွင်လည်း စစ်ကောင်စီက လေးကေ့ကော်မြို့သစ်တစ်ဝိုက်ကို ရဟတ်ယာဉ်သုံးစီးဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်။ လေးကေ့ကော်မြို့သစ်အနီးမှ စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာရန် KNU က စစ်တိုင်းမှူးကို စာပို့ပြီးနောက် ထိုသို့လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်။​

ယမန်နေ့က ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးကာ ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း၊ MA1 အမျိုးအစား သေနတ်တစ်လက်နှင့် နင်းမိုင်းများ သိမ်းဆည်းရမိကြောင်း ထိုဒေသတွင် KNU နှင့်အတူ ပါဝင်တိုက်ခိုက်နေသည့် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။​

“ဒီကောင်တွေ ကျသွားတဲ့အလောင်း မကောက်နိုင်ဘူး။ လက်နက်ကြီးတွေနဲ့ ထုတယ်။ နောက်တော့ လေယာဉ်နဲ့ လာပစ်တာပဲ။ ကျွန်တော်တို့မြင်တာတော့ ၅ လောင်းမြင်ရတယ်” ဟု ၎င်းက ပြောသည်။

လေးကေ့ကော်မြို့သစ်တွင် ခိုလှုံနေသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများနှင့် လွှတ်တော်အမတ်များကို စစ်တပ်က အတင်းအကျပ် ဝင်ရောက်ဖမ်းဆီးရာ ဒီဇင်ဘာလလယ်ပိုင်းတွင် တိုက်ပွဲစတင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီက လေးကေ့ကော်မြို့သစ်တစ်ဝိုက်ကို မြေပြင်စစ်ကြောင်းများနှင့် လက်နက်ကြီးပစ်ကူအပြင် လေကြောင်းဖြင့်ပါ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် ထောင်သောင်းချီသော အရပ်သားပြည်သူများ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button