သတင်း

ထီးချိုင့်တွင် စစ်ကားများအတိုက်ခံရသော နေရာအနီး အိမ်များ မီးရှို့ခံရ

လက်နက်ကိုင်ခုခံမှု အားကောင်းသော စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီကားများ ၃ ရက်ဆက်တိုက် မိုင်းခွဲတိုက်ခိုက်ခံရသော နေရာအနီးရှိ သခွတ်ချောင်ကျေးရွာမှ နေအိမ် ၁၂ လုံး မီးရှို့ခံရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ထံမှ သိရသည်။

မတ် ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ထီးချိုင့်-အင်းတော်လမ်းတွင် နေ့စဉ် တိုက်ခိုက်ရာ စစ်ထရပ်ကားတစ်စီး ပျက်စီးခဲ့ကြောင်း၊ ၆ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများက မီးလာရှို့ခြင်းဖြစ်ကြောင်း ထီးချိုင့်ပကဖအဖွဲ့ဝင် ကိုဒေါင်းနီက ပြောသည်။

“အိမ်ပေါ်တွေ တက်ပြီးတော့မှ သူတို့ဝင်မွှေတဲ့အချိန်မှာ ဆန်အိတ်တွေ ဆီပုံးတွေကို အရင်မီးရှို့တာ” ဟု သူက Myanmar Now ကို ပြောသည်။ 

“ပထမက သုံးအိမ်တည်း ရှို့တာ၊ နောက်တော့ အဲဒီအတန်း(ရွာအိမ်တန်း)တစ်တန်းလုံး မီးရှို့သွားတော့တာ”

မီးရှို့ခံလိုက်ရသော အိမ်များ၏ ပိုင်ရှင်များမှာ ဦးကျော်လတ်၊ ဦးကျော်စိုးလွင်၊ ဦးသိန်းဇော်၊ ဦးကျော်မိုးဝင်း၊ ဦးတင်ထွန်းအောင်၊ ဦးမြင့်ထွန်း၊ ဦးသိန်းနိုင်၊ ဦးရဲလင်း၊ ဦးနိုင်ထွန်း၊ ဦးစိုင်းမင်းထွန်း၊ ဦးအောင်မင်းထွန်း၊ ဦးထွဋ်တို့ ဖြစ်သည်ဟု သိရကြောင်း၊ မီးရှို့သူတို့က ရွာသားများကို ဖမ်းဆီးခြင်း မရှိကြောင်း ၎င်းက ပြောသည်။

သို့သော် ထိုအိမ်ပိုင်ရှင်များကိုမူ Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ထီးချိုင့်မြို့မြောက်ဘက် တစ်မိုင်ခန့်အကွာမှ သခွတ်ချောင်ရွာသည် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး ထီးချိုင့်-အင်းတော် ကားလမ်းဘေး မေးတင်ရှိသော ရွာဖြစ်သည်။

ဖျက်ဆီးခံရသည့်အထဲတွင် နှစ်ထပ် ပျဉ်ထောင် သွပ်မိုး သုံးခန်းပတ်လည် အိမ်များလည်း ပါဝင်ကြောင်း Hteegyaint Revolution Force Facebook စာမျက်နှာရှိ ဓာတ်ပုံများတွင် တွေ့ရသည်။

သခွတ်ချောင်ရွာအနီးတွင် မကြာခဏ ပြောက်ကျားတိုက်ခိုက်ခဲ့သည်ဟု ကိုဒေါင်းနီက ပြောသည်။

“အဲဒီနားက လမ်းကြောကျတော့ ခဏခဏ တဂျိန်းဂျိန်းနဲ့ ဆွဲနေတာ။ သူတို့ဖြတ်သွားတိုင်း ဆွဲခံရတယ်။ အထိအခိုက်နည်းတာနဲ့ များတာပဲ ကွာတာ” ဟု ကိုဒေါင်းနီက ပြောသည်။

“ကျွန်တော်တို့နယ်မှာ လက်နက် ရှားတယ်၊ မိုင်းပဲရှိတာ။ မိုင်းဆွဲပြီးရင် ဆက်တိုက်လို့မရဘူး၊ ပြေးရတာ”

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူများထံမှ တုံ့ပြန်ချက် ရယူလိုသော်လည်း Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီသတင်းထုတ်ပြန်ချက်များတွင်လည်း ထိုအိမ်များမီးလောင်မှုအကြောင်း ဖော်ပြမထားပေ။

အာဏာသိမ်းပြီး ၁၃ လအတွင်း စစ်တပ်က မီးရှို့ခဲ့သည့် အိမ်ပေါင်း ၆,၁၅၈ လုံးရှိကြောင်း မြန်မာနိုင်ငံတွင်းဖြစ်စဉ်များကို စောင့်ကြည့်နေသည့် Data For Myanmar အဖွဲ့၏ မတ် ၂ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စစ်တပ်ထိုးစစ်ဆင်သော ဒေသတွင် နေအိမ်များ မီးရှို့ခြင်း၊ ဒေသခံတို့ကို ဖမ်းဆီးကာ ညှဉ်းဆဲသတ်ဖြတ်ခြင်း၊ စားနပ်ရိက္ခာများ မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်မှုများမှာ အာဏာသိမ်းစစ်ခေါင်းဆောင်အဆက်ဆက် နှစ် ၇၀ ပြည်တွင်းစစ်အတွင်း ကျူးလွန်လေ့ရှိသော အကြမ်းဖက်မှုပုံစံများဖြစ်သည်ဟု လေ့လာသူတို့က ပြောသည်။

ထိုပြောဆိုချက်များကို ပယ်ချလေ့ရှိသည့် စစ်ဗိုလ်ချုပ်များကမူ ၎င်းတို့က လူထုကို အကာအကွယ်ပေးနေသည်ဟု တုံ့ပြန်လေ့ရှိသည်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအစပ်ရှိ ထီးချိုင့်နယ်အတွင်း စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၁ မှစ၍ စစ်ကြောင်းထိုးခဲ့ပြီးနောက် နယ်မြေခံပြောက်ကျားတော်လှန်ရေးတပ်များနှင့် မကြာခဏဆိုသလို တိုက်ပွဲဖြစ်လေ့ရှိသည်။

ထီးချိုင့်မြို့နယ် အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာတွင် ဖြစ်ပွားခဲ့သော မရသိမ်ကျေးရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အဖွဲ့ဝင် လူငယ် ၅ ယောက် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။

ထိုရွာစာသင်ကျောင်းတွင် PDF များ တပ်စွဲထားခြင်းကြောင့် ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထိုအချိန်က ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button