စတင်ဖမ်းဆီးစဉ် ရဲစခန်းများတွင် လူခွဲကာထိန်းသိမ်းခဲ့သော်လည်း တရားရုံးတင်ပို့ပြီးသည့်အတွက် ၎င်းတို့အား ရန်ကုန် အင်းစိန်ထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်မည်ဖြစ်သည်။
လူမှုကွန်ရက် ဟာသသရုပ်ဆောင် အောင်ရဲထွေးအမှုတွက် အဂတိလိုက်စားကြောင်း စွပ်စွဲခံခဲ့ရသည့် ရဲနှင့် ဥပဒေအရာရှိများအား မူလသတ်မှတ်ရက်ထက် နှစ်ရက်စောကာ ရန်ကုန်တိုင်း တရားလွှတ်တော်တွင် ယနေ့(စက်တင်ဘာ ၂၅) ရုံးထုတ်ခဲ့သည်။
အမှုတည်ဆောက်ပြီးသွား၍ မြန်မြန်ဆန်ဆန် ရုံးတင်လိုက်ရသည်ဟု ရန်ကုန်တိုင်း တရားလွှတ်တော် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ဦး ကပြောသည်။

ယနေ့ ရုံးထုတ်ရာတွင် စွပ်စွဲခံရသူများကို မျက်နှာမမြင်စေရန် ထီးများဖြင့်ကွယ်၍ ရုံးထုတ်ခဲ့သည်ကို တွေ့ရသည်။
အောင်ရဲထွေးအမှုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်း ဥပဒေချုပ်ဦးဟန်ထူး ရန်ကုန်တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင် တရားသူကြီး ဦးအောင်ကြည်နှင့် အဆိုပါအမှုဖြစ်ပွားချိန် တာဝန်ရှိခဲ့သည့် သုဝဏ္ဏနယ်မြေ စခန်းမှူးဟောင်း(ယခု ရွှေပေါက္ကံနယ်မြေ စခန်းမှူး) ရဲအုပ် ချစ်ကိုကို တို့သည် စက်တင်ဘာ ၁၃ တွင် ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။


စတင်ဖမ်းဆီးစဉ် ရဲစခန်းများတွင် လူခွဲကာထိန်းသိမ်းခဲ့သော်လည်း တရားရုံးတင်ပို့ပြီးသည့်အတွက် ၎င်းတို့အား ရန်ကုန် အင်းစိန်ထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်မည်ဟု ဒေါ်နွဲ့နွဲ့ဦး ကပြောသည်။
၎င်းတို့အနက်မှ ဦးဟန်ထူးအပါအဝင် ဥပဒေအရာရှိများအား အောက်တိုဘာလ ၄ ရက်တွင် ထပ်မံရုံးထုတ်မည်ဖြစ်ပြီး ရဲအရာရှိအား နောက်တစ်ရက်တွင် ရုံးထုတ်မည်ဖြစ်သည်။


လူစိတ်ဝင်စားသည့် အမှုကို မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်ပြီး တရားရုံးသို့တင်ပို့ခဲ့သည်ကို ကြိုဆိုကြောင်း အောင်ရဲထွေးအမှုတွင် တက်တက်ကြွကြွ ဝေဖန်လေ့ရှိသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
“တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့ကိစ္စမှာ ဒါကအောင်ပွဲတစ်ခုပါပဲ ဒါမှ အမှန်တရားအတွက် ပေါ်မယ်” ဟု ၎င်းက ပြောသည်။
အသက် ၂၅ နှစ်အရွယ် အောင်ရဲထွေးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့ညပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်း ကျွန်းမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment Park တွင် ပြုလုပ်သည့် နှစ်သစ်ကူး ပွဲတော် အတွင်း ရန်ဖြစ်ကာ လူအုပ်စုလိုက် ဝိုင်းရိုက်ကြသဖြင့် ဇန်နဝါရီလ ၂ ရက်နေ့တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
သူ၏ သေဆုံးခဲ့မှုအတွက် ရန်ပွဲအတွင်း ပါဝင်ရိုက်နှက်သည်ဟု စွပ်စွဲခံခဲ့ရသော ကျော်ဇောဟန်(ခ) ကျော်ဇော၊ သန်းထွန်းအောင်(ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ သုံးဦးသည် သုဝဏ္ဏရဲစခန်းတွင် သွားရောက်အဖမ်းခံခဲ့သည်။ ကိုအောင်ရဲထွေး သေဆုံးမှုတွင် တရားစွဲဆို ခံခဲ့ရသူများအား ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးက ဇူလိုင် ၂၅ ရက်က အမှုစွဲချက်မတင်မီ ပြန်လွှတ်ပေးခဲ့သည်။
လူထုအကြားဝေဖန်ခဲ့သည့် အဆိုပါအမှုကို ပိတ်သိမ်းရန် တရားရေးနှင့်ရဲအရာရှိများက လာဘ်ယူငွေ ပမာဏစုစုပေါင်းမှာ ကျပ်သိန်း ၇၂၀ နှင့် ဆက်စပ်ပစ္စည်းများရယူခဲ့သည်ဟု အဂတိတိုက်ဖျက်ရေးကော်မရှင်က စွပ်စွဲထားပြီးနောက် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါအရာရှိများသည် အမြင့်ဆုံးပြစ်ဒဏ် ထောင် ၁၀ နှစ်မှ ၁၅နှစ်အထိ ကျခံရနိုင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅၊ ၅၆ တို့ဖြင့် တရားရင်ဆိုင်နေရသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












