သတင်း

ရဲဌာန ၆ ခုကို ဖျက်သိမ်းကာ စစ်တိုက်ခိုင်းရန် စစ်ကောင်စီ စီစဉ်

နိုင်ငံတစ်ဝန်း ခုခံတော်လှန်မှုများကြောင့် အင်အားပြုန်းတီးလာချိန်တွင် စစ်ကောင်စီက မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်ရှိ ရဲဌာန ၆ ခုကို ဖျက်သိမ်းကာ ရဲတပ်ဖွဲ့ဝင်များကို စစ်တိုက်ခိုင်းရန် စီစဉ်နေသည်ဟု တာဝန်ထမ်းဆောင်ဆဲ ရဲအရာရှိတစ်ဦးနှင့် CDM ရဲအရာရှိများက အတည်ပြုသည်။

ရေကြောင်းနှင့် လေကြောင်းပို့ဆောင်ရေး၊ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း၊ ရေနံမြေနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့များနှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့ကို ဖျက်သိမ်းရန် စစ်ကောင်စီက စီစဉ်နေခြင်းဖြစ်သည်။​

ထိုရဲဌာန ၆ ခုကို ဖျက်သိမ်းကာ ရဲတပ်ဖွဲ့ဝင်များကို ရဲတပ်ရင်းအသီးသီးသို့ ပြောင်းရွှေ့မည့်အစီအစဉ်ကို စစ်ကောင်စီက ယမန်နေ့ (ဖေဖော်ဝါရီ ၂၈) တွင် အတည်ပြုလိုက်ပြီး စတင်အကောင်အထည်ဖော်လျက်ရှိကြောင်း နေပြည်တော်တွင် တာဝန်ထမ်းဆောင်ဆဲ ရဲအရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။

“အကုန်လုံးကတော့ ကြောက်နေကြပြီ။ စိုးရိမ်နေကြပြီ။ အဲဒီအင်အားတွေကို လုံခြုံရေးရဲတပ်ဖွဲ့ခွဲ ( ရဲတပ်ရင်း) ပို့မယ် ကြားတယ်။ စစ်တိုက်ဖို့အတွက် အင်အားလိုတယ်လေ။ CDM လုပ်မဲ့သူကော၊ ပြေးမဲ့သူကော ထပ်များလာလိမ့်မယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုရဲအရာရှိက ဆိုသည်။

စစ်အာဏာမသိမ်းမီက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အင်အား ရှစ်သောင်းကျော်ရှိသော်လည်း အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသူ ရဲတပ်ဖွဲ့ဝင်ပေါင်း ၇၀၀၀ ခန့်ရှိသည်ဟု CDM ရဲအရာရှိများ စုဖွဲ့ထားသည့် Myanmar Police CDM Channel ထံမှ သိရသည်။ 

စစ်ကောင်စီက ဖျက်သိမ်းရန် စီစဉ်နေသည့် ရဲဌာန ၆ ခုမှာ အမှန်တကယ်မလိုအပ်ဘဲ စစ်တပ်မှ ပြောင်းရွှေ့လာသူများကို နေရာပေးနိုင်အောင် ဦးသိန်းစိန်အစိုးရလက်ထက်က တိုးချဲ့ဖွဲ့စည်းထားခြင်းဖြစ်သည်ဟုလည်း CDM ရဲအရာရှိများက ဆိုသည်။​

လက်ရှိတွင် ရဲနှင့် စစ်သားများ သေဆုံးမှုများပြားလာခြင်းကြောင့် ထိုရဲဌာန ၆ ခုကို ဖျက်သိမ်းကာ အခြားနေရာများတွင် အစားထိုးအသုံးပြုရန် စစ်ကောင်စီက တက်သုတ်ရိုက်စီစဉ်ခြင်းဖြစ်သည်ဟု CDM ရဲအရာရှိကြီးတစ်ဦးက သုံးသပ်သည်။

“အဲဒီတပ်ဖွဲ့တွေက အနည်းဆုံး လေးပုံတစ်ပုံလောက်က ထွက်ပြေးပြီး CDM လုပ်လာနိုင်ပါတယ်” ဟုလည်း လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုရဲအရာရှိကြီးက ပြောသည်။

တပ်မတော်နှင့် ရဲတပ်ဖွဲ့ကို အထောက်အကူပြုနိုင်ရေး စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများတွင် ပြည်သူ့စစ်တပ်ဖွဲ့ ၇၇ ဖွဲ့ကို လက်နက် ၂၀၈၀ တပ်ဆင်ထားပြီးဖြစ်ကြောင်း ယခုလ ၁၃ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သော အာဏာသိမ်းခေါင်းဆောင်နှင့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ တွေ့ဆုံပွဲမှတ်တမ်းအရ သိရသည်။

ပေါက်ကြားလာသည့် ထိုအစည်းအဝေးမှတ်တမ်းအရ ထိုသို့ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းကာ လက်နက်တပ်ဆင်ပေးထားသော်လည်း ရာနှုန်းပြည့် လုံခြုံမှုမရှိသေးကြောင်း၊ အမျိုးသားဝန်ထမ်းများကို စည်းရုံးကာ စစ်ပညာသင်ပေးရန်လည်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က တင်ပြတောင်းဆိုခဲ့သည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင် ခုခံတော်လှန်မှုများအတွင်း လုပ်ကြံသတ်ဖြတ်ခံရသည့် ရဲတပ်ဖွဲ့ဝင်များ၊ ရဲစခန်းများ ဝင်ရောက်စီးနင်းခံရခြင်းနှင့် မြေပြင်တိုက်ပွဲများအတွင်း ရဲတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိသော်လည်း စစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိပေ။

၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်မှ ယခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်အထိ နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် စစ်သား ၉၀၀၈ ဦး သေဆုံးကာ ဒဏ်ရာရသူ ၅၃၀၁ ဦးရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။​

အဆိုပါ ထိခိုက်သေဆုံးစာရင်းများနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသော်လည်း ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရဲတပ်ဖွဲ့ဝင် ၄၀၀၀ ကျော်ကို ဆုတံဆိပ်အမျိုးမျိုး ချီးမြှင့်ခဲ့သည်ကို တွေ့ရသည်။

ရဲမှူးချုပ်အဆင့်မှ ရဲတပ်သားအဆင့်ထိ ရဲတပ်ဖွဲ့ဝင် ၂၄၈၇ ဦးကို ပူးတွဲတိုက်ပွဲဝင်တံဆိပ်ချီးမြှင့်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂၀၀၀ ကျော်ကိုလည်း ရဲမှုထမ်းကောင်းတံဆိပ်၊ ရဲမှုထမ်းတံဆိပ်၊ ရဲသူရတံဆိပ်၊ ရဲဗလတံဆိပ်၊ ရဲကျော်သူတံဆိပ်များ ပေးအပ်ခဲ့သည်ကို တွေ့ရသည်။ 

အသေးစိတ်အတည်ပြုနိုင်ခြင်း မရှိသော်လည်း ထိုဆုတံဆိပ် ချီးမြှင့်ခံရသည့် ထောင်ပေါင်းများစွာသော ရဲတပ်ဖွဲ့ဝင်များတွင် လုပ်ကြံသတ်ဖြတ်ခံရသူများနှင့် ခုခံတော်လှန်ရေးတိုက်ပွဲများအတွင်း ကျဆုံးသူများ ပါဝင်သည်ကို တွေ့ရသည်။ 

ရဲဌာန ၆ ခုကို ဖျက်သိမ်းကာ တိုက်ခိုက်ရေးရဲတပ်ရင်းများတွင် အစားထိုး ထည့်သွင်း ဖွဲ့စည်းမည့်ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။​

အာဏာသိမ်းစစ်ကောင်စီက CDM လှုပ်ရှားမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးအရေးယူလျက်ရှိရာ ပြီးခဲ့သည့်လကုန်ပိုင်းတွင် မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးကို ထောင်ဒဏ် သုံးနှစ်ချမှတ်သည်။ 

အဆိုပါရဲအုပ်မှာ CDM တွင် ပါဝင်နေသူများကို ကူညီခဲ့သည်ဆိုကာ ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ဖမ်းဆီးခံရခြင်းဖြစ်ကာ ရဲဝန်ထမ်းစည်းကမ်း ချိုးဖောက်မှုဖြင့် ထောင်ချခံရခြင်းဖြစ်သည်။​

သီးခြားအတည်ပြုနိုင်ခြင်း မရှိသော်လည်း ရန်ကုန်နှင့် ပုသိမ်မှ ရဲမှူးကြီးအဆင့်ရှိ အဆင့်မြင့်ရဲအရာရှိ သုံးဦးကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဖမ်းဆီးအရေးယူထားသည်ဟု ပြည်တွင်းမီဒီယာအချို့တွင် ရေးသားထားသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button