သတင်း

ရွှေဘိုမြို့ ငပိအိုးရွာကို စစ်တပ်ဝင်၊ အိမ် ၄၀ မီးလောင်ပြီး လူငယ် ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ငပိအိုးကျေးရွာကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၄) မွန်းလွဲပိုင်းတွင် စစ်တပ်က မီးရှို့ရာ အိမ်ခြေ ၄၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး ၂၅ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံရွာသားများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တို့က ပြောသည်။ 

ပျူစောထီးခေါင်းဆောင် ဦးမြင့်သန်းနှင့် လရောင်ဆိုသူတို့ သတ်ဖြတ်ခံရသည့် အိမ်နီးချင်း ဂွေးပင်ကုန်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုနေရာမှ အဆက်မပြတ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ငပိအိုးကျေးရွာ ပ.က.ဖ ခေါင်းဆောင်က ပြောသည်။

“ဘာမှလုပ်ချိန်မရလိုက်ဘူး။ တိုက်ပွဲက လုံးဝကို ဖော်ဆောင်ထားတာမဟုတ်ဘူး။ သူ့ဟာသူ ပျူခေါင်းဆောင် အရှင်းခံရလို့သာ လက်နက်ကြီးတွေနဲ့ ပစ်သွားတာ” ဟု ၎င်းက Myanmar Now ကို ပြောသည်။ 

“ခုခံစစ်ပြန်လုပ်ဖို့က ဘာမှကို မပြည့်စုံဘူးလေ။ သူတို့က ပစ်တာက လက်နက်ကြီးတွေနဲ့ချည်းပဲ။ ပစ်တာမှ ရက်ရက်စက်စက်ကို ပစ်တာပါ။ တကယ့်တိုက်ပွဲသဏ္ဌာန်ပဲ။ လက်နက်မဲ့ပြည်သူတွေကို” 

ည ၉ နာရီခန့်တွင် ငပိအိုးကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ပစ်ခတ်ရာ တိမ်းရှောင်လာသည့် ဆိုင်ကယ်စီး ဒေသခံ လူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ 

စစ်တပ်က ဖျက်ဆီးသဖြင့် ရွာမြောက်ပိုင်းရှိ အိမ်ခြေ ၄၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး မီးမငြှိမ်းသတ်နိုင်သေးကြောင်း၊ ဂွေးပင်ကုန်းကျေးရွာဘက်သို့ စစ်တပ် ပြန်ဆုတ်သွားသော်လည်း လက်နက်ကြီးပစ်ခတ်သံများ ကြားနေရဆဲဖြစ်ကြောင်း ၎င်းက နံနက် ၁၀ နာရီခန့်တွင် ပြောသည်။ 

“တစ်ချက်မှ ပြန်မပစ်တဲ့ရွာကို တကယ့်ကို ရှေ့တန်းစစ်မြေပြင်မှာတောင်မှ ဒီကောင်တွေ အဲဒီလောက်ပစ်မဲ့အနေအထားမျိုးမရှိဘူး။ ပစ်တာမှ အုန်းခနဲဆိုပြီးတော့ စက္ကန့် ၂၀ လောက်အကြာမှာ လက်နက်ကြီးက ကျလာရော။ ဘာမှကို လုပ်မရလို့ ဆုတ်လာခဲ့ရတယ်” ဟု ၎င်းက ဆက်ပြောသည်။  

လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသည့် ငပိအိုးကျေးရွာမှာ ရွှေဘို-ကျောက်မြောင်းကားလမ်းမဘေးရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဟန်လင်းမြို့ရိုးအနီးတွင် တည်ရှိပြီး ပစ်ခတ်မှုကြောင့် ရှေးဟောင်း ဟန်လင်းဒေသကို ထိခိုက်မည်ကို စိုးရိမ်ရသည်ဟု ထိုရွာအနောက်ဘက်တွင် နေထိုင်သူ အသက် ၆၀ အရွယ် ဦးလင်းဆိုသူက ပြောသည်။ 

“အခုလက်နက်ကြီးကျတဲ့နေရာတွေက ဟန်လင်းမြို့ရိုးနဲ့ဆိုရင် ပေ ၁၅၀၀၀ လောက်ပဲ ဝေးတယ်။ ကာကွယ်ထိန်းသိမ်းထားတဲ့ ဇုန်အထဲထိ လက်နက်ကြီးကျတယ်” ဟု ၎င်းက ပြောသည်။ 

ရှေးဟောင်း ဟန်လင်းဒေသကာကွယ်ထိန်းသိမ်းရေးဇုန်သို့ လက်နက်ကြီးကျသည်ဆိုသော ကိစ္စနှင့် စစ်တပ်က အချက်ရေမည်မျှ ပစ်သည်ကို စစ်ကောင်စီထံ မေး၍ မရသလို သီးခြားအတည်မပြုနိုင်သေးပေ။

ရွာမြောက်ပိုင်းတွင် နေထိုင်သူ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးက လက်နက်ကြီးပစ်ခတ်သံများကြောင့် ကျေးရွာမှ ထွက်ခွာခဲ့ရကြောင်း၊ ၎င်း၏ နှစ်ထပ်အိမ် ၂ လုံး၊ နွား ၆ ကောင်၊ စပါးကျီနှင့် ဆန် ၁၀တင်းအပါအဝင် ကျေးရွာမြောက်ပိုင်းရှိ အိမ်ခြေ ၄၀ ကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ပြောသည်။

“သူတို့ဘက်က စပစ်တော့ ကျွန်တော်တို့က ရွာ့နောက်ဘက်မှာ တိမ်းပြီးတော့ အသံပဲ ကြားရတာ။ အဆက်မပြတ်ပဲ ပစ်တယ်။ နောက်ကျတော့ လက်နက်ကြီးတွေနဲ့ ပစ်တယ်” ဟု ၎င်းက ပြောသည်။ 

မဲစာရင်းအကြောင်းပြအာဏာသိမ်းသည့် စစ်ကောင်စီက လက်နက်ကိုင် ခုခံသူတို့မှာ အကြမ်းဖက်သမားများဖြစ်သည်ဟု နေ့စဉ် သတင်းထုတ်ပြန်နေသည်။

ခုခံသူတို့ ရှိနိုင်သော၊ ခုခံသူတို့ကို အထောက်အကူပြုနေသည်ဟု ယူဆခံရသူတို့ နေထိုင်သော ဒေသများကို စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်မျိုးစုံသုံးပြီး ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

စစ်မျက်နှာများစွာ ဖွင့်ထားရချိန် လက်နက်ကိုင်အင်အား လိုအပ်နေသည့် စစ်တပ်က စစ်ကိုင်းတိုင်းတွင် အရပ်သားတချို့ကို လက်နက်တပ်ဆင် လေ့ကျင့်ပေးပြီး ၎င်းတို့အခေါ် အကြမ်းဖက်သမား နှိမ်နင်းရေးအစီအစဉ်တွင် ပါဝင်နိုင်ရန် ခွင့်ပြုထားသည်။ ထိုအင်အားစုကို ၎င်းတို့က ပြည်သူ့စစ်ဟု ခေါ်ပြီး ဒေသခံတို့က ပျူစောထီးအဖွဲ့ဟု ခေါ်ကြသည်။

စစ်တပ်နှင့် ပျူစောထီးတို့၏ ပစ်ခတ်မှုကြောင့် ငပိအိုးကျေးရွာအပါအဝင် အနီးအနားရှိ ကြိုးကြာ၊ ကံကြီးတော၊ ရွာသစ်ကုန်း၊ သဲကျွန်း ကျေးရွာများမှ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။ 

ယခုလအစောပိုင်းမှစ၍ ရွှေဘိုမြို့နယ် ရွာဆိုး၊ ပေါက်ချိုင်၊ ဆိပ်ခွန်ကျေးရွာများကို လက်နက်ကြီးပစ်ကူများ အသုံးပြု၍ စစ်ကောင်စီတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ဒေသခံ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button