သတင်း

CDF တန်ခိုးထွားမှု ချင်းဝန်ကြီးချုပ် တိုင်တန်း၊ စစ်ခေါင်းဆောင် လျစ်လျူရှု

ချင်းပြည်နယ်အတွင်း ဒေသကာကွယ်ရေးအဖွဲ့များ၏ ခြိမ်းခြောက်မှု၊ အခွန်ပါကောက်နေ၍ စစ်ကောင်စီပုံရိပ်ကျဆင်းမှုတို့ကို ဝန်ကြီးချုပ် ငွန်ဆန်းအောင်က အသိပေးသော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က လျစ်လျူရှုလိုက်သည်။

Myanmar Now က ရရှိထားသည့် ၅၃ မျက်နှာပါ လျှို့ဝှက်မှတ်တမ်းအရ နေပြည်တော်တွင် ဖေဖော်ဝါရီ ၁၃ ရက်က ပြုလုပ်သည့် စစ်ကောင်စီဥက္ကဋ္ဌနှင့် တိုင်း၊ပြည်နယ်ဝန်ကြီးချုပ်များ၏ သုံးနာရီနီးပါးကြာ အစည်းအဝေးတွင် အထက်ပါအတိုင်း တွေ့ရှိရသည်။ 

အဆိုပါ အစည်းအဝေးတွင် ၎င်းနှင့် ဆွေမျိုးများ၏ အသက်အန္တရာယ်ကို ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) များက ခြိမ်းခြောက်ကာ စနိုက်ပါဖြင့် ပစ်မည်ဟု ပြောထားချိန်တွင် ထမင်းစားလေ့ရှိသည့် နေရာကို လေဆာရောင်ခြည်ဖြင့်ပင် ထိုးခံခဲ့ရသည်ဟု ချင်းဝန်ကြီးချုပ် ငွန်ဆန်းအောင်က တင်ပြခဲ့သည်။ 

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးချိတ်ဆက်ရာ ဖလမ်းမြို့နယ်၊ ရိဒ်ကုန်သွယ်ရေးစခန်းနှင့် နှစ်မိုင်ခန့်အကွာတွင် CDF က ကုန်များစစ်ဆေး၊ အခွန်ကောက်ခံနေသဖြင့် စစ်ကောင်စီပုံရိပ်ကျဆင်းနေရ၍ လုံခြုံရေးတပ်ဖွဲ့ ပြန်ထားသင့်ကြောင်းလည်း စစ်ကောင်စီခန့် ချင်းဝန်ကြီးချုပ်က အကြံပေးသည်။

လူဦးရေ ငါးသိန်းကျော်ရှိပြီး လေးသိန်းကျော်နေထိုင်သည့် ကျေးလက်တွင် အလံပင်ထောင်၍ ဒေသခံ CDF အဖွဲ့များ စိုးမိုးထားကြောင်း၊ ပြည်နယ်အတွင်းရှိ ဆရာဝန် ၉၉ ရာခိုင်နှုန်းမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေကြောင်းလည်း ၎င်းက ပြောသည်။

ထို့ပြင် ချင်းပြည်နယ်အတွင်း လမ်းများပေါ်တွင် CDF က စစ်ဆေးမှုများ လုပ်နေသည်၊ အရပ်သားတို့ကို အန္တရာယ်မပြုသော်လည်း စစ်ကောင်စီအဖွဲ့ဝင်ဖြစ်လျှင် ဖမ်းဆီး၊ ပစ္စည်းသိမ်းနေ၍ ဝန်ထမ်းတို့မှာ ရဟတ်ယာဉ်ဖြင့်သာ သွားလာနေရသည်ဟု ဆိုသည်။ 

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကား ရှည်လျားစွာပြောကြားထားသော်လည်း ချင်းဝန်ကြီးချုပ်၏ တင်ပြချက်များအပေါ် တုံ့ပြန်ထားခြင်း မရှိသည်ကို အစည်းအဝေးမှတ်တမ်းအရ သိရသည်။​

ထို့အတူ အစည်းအဝေးအပြီး တိုင်းနှင့် ပြည်နယ်ရှိ ဌာနဆိုင်ရာများကို အာဏာသိမ်းခေါင်းဆောင်က လမ်းညွှန်ချက် လုပ်ငန်းစဉ် ၁၁ ခု ပေးရာတွင်လည်း ချင်းဝန်ကြီးချုပ် ငွန်ဆန်းအောင်၏ အရေးဆိုမှုများ တစ်လုံးတစ်ပါဒမျှ ပါဝင်ခြင်း မရှိပေ။

စစ်ကောင်စီတပ်ဖွဲ့ ပြန်ထားရန် ဦးငွန်ဆန်းအောင် အကြံပြုသည့် ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် အိန္ဒိယ – မြန်မာ ကုန်စည်ရောင်းဝယ်ရေးတွင် ဒုတိယမြောက်အကြီးဆုံးဖြစ်ပြီး စစ်အာဏာသိမ်းပြီး ကိုးလဝန်းကျင်အကြာ ၂၀၂၁ အောက်တိုဘာကတည်းက ပိတ်ထားရခြင်းဖြစ်သည်။

ထိုစခန်းတွင် CDF အဖွဲ့အချို့ အခွန်ကောက်နေသည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) က အတည်ပြုသော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်မပြောပေ။

သို့သော် စစ်ကောင်စီက အခြေချရန် ပြန်လည်ကြိုးပမ်းပါက တိုက်ခိုက်မည်ဟု CNDF ပြောရေးဆိုခွင့်ရှိသူက အသိပေးသည်။

“လုံခြုံရေးပြန်ချလာရင် ပစ်ခတ်မှုတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်လာမှာပဲ။ …ထိန်းချုပ်ဖို့တော့ ကြိုးစားနေတယ်။ အဲဒီနားမှာ ရိဒ်စခန်း (စစ်)တပ်စခန်းတစ်ခုရှိနေတာ။ အဲဒါကြောင့် လောလောဆယ် အခြေအနေကြည့်ပြီး လှုပ်ရှားနေရတဲ့ ပုံစံဖြစ်နေတာ” ဟု ၎င်းက ပြောသည်။

၂၀၂၁ ဒီဇင်ဘာ ၃ CNDF စစ်ရေးပြအခမ်းအနား (ဓာတ်ပုံ-CNDF)

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်ခံရချိန်တွင် နိုင်ငံအနှံ့ခုခံမှုများ ပေါ်ပေါက်လာရာ ချင်းပြည်နယ်သည်လည်း ရှေ့တန်းမှပါဝင်သည်။

စစ်ကောင်စီ၏ အုပ်ချုပ်မှုနှင့် တရားဝင်မှုကို ပြည်တွင်း၊ ပြည်ပ၌ စိန်ခေါ်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ၂၀၂၁ စက်တင်ဘာတွင် ပြည်သူ့တော်လှန်ရေးစပြီဟု ကြေညာပြီးနောက် ချင်းပြည်နယ်အတွင်း CDF နှင့် စစ်တပ်တို့၏ တိုက်ပွဲအရေအတွက် နှစ်ဆနီးပါး မြင့်တက်လာသည်။

ကုန်းကြောင်း၊ လေကြောင်း၊ လက်နက်ကြီး၊ သံချပ်ကာယာဉ်များပါ သုံး၊ ဖုန်းနှင့် အင်တာနက်လိုင်းများပါ ဖြတ်၍ စစ်တပ်က အပြင်းအထန်စစ်ဆင်နေသည်။ သို့သော် စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှာ မြို့များတွင်သာ အသက်ဝင်သည့် အခြေအနေရှိကြောင် ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် အထက်ပါအတိုင်း ဝန်ခံထားရသည်။

အရပ်သားအစိုးရလက်ထက်က အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးထားပြီးဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF)သည်ပင်လျှင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တော်လှန်နေပြီး NUG နှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်။

ထို့အတူ ချင်းပြည်နယ်အတွင်း မြို့နယ်အလိုက်၊ မျိုးနွယ်စုအလိုက် ဖွဲ့စည်းထားသည့် CDF အဖွဲ့ပေါင်း ၂၀ ဝန်းကျင်ထိရှိမည်ဟု ခန့်မှန်းရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button