သတင်း

ပေါက်မြို့ ရေပြာရဲစခန်းကို PDF ၃ ဖွဲ့ ဝင်တိုက်၊ စခန်းမှူးအပါအဝင် ၅ ဦး သေ

မကွေးတိုင်း၊ ပေါက်မြို့နယ် ရေပြာရွာရဲစခန်းကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၃) ညနေက ဝင်ရောက်တိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ရဲ ၅ ဦး သေဆုံးသွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။

ပေါက်မြို့နယ်အရှေ့ဘက် ၁၂ မိုင်အကွာရှိ ထိုစခန်းကို ပေါက်၊ မြိုင်၊ ရေစကြိုမြို့နယ်တို့မှ PDF အဖွဲ့များ ၄၅ မိနစ်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စခန်းရှေ့ပေါက်မှ PDF ၃ ဖွဲ့ ဝင်ရောက်တိုက်ခိုက်စဉ် အင်အား ၂၀ ကျော်ရှိသည့် ထိုစခန်းမှ ရဲတချို့က ပြန်ခုခံပြီး ပြန်မခုခံဘဲ ထွက်ပြေးသွားကြသည့် ရဲများလည်းရှိကြောင်း ရေစကြိုမြို့နယ် PDF ခေါင်းဆောင် ကိုဝေကြီးက ပြောသည်။ 

“စပစ်ပစ်ချင်း ပြေးကြသူတွေလည်းရှိတယ်။ ပြေးတဲ့သူတွေကိုတော့ ကျွန်တော်တို့ လိုက်မပစ်တော့ဘူးပေါ့ဗျာ။ စခန်းမှူးကျပြီးမှ ပြေးတဲ့သူတွေလည်းရှိတယ်” ဟု ကိုဝေကြီးက ပြောသည်။

“ကျွန်တော်တို့ စပစ်တဲ့အချိန်မှာတုန်းက စခန်းမှူးက အပြင်ရောက်နေတာ။ ပစ်တော့ ကားနဲ့ ဝင်ချလာတဲ့အချိန်မှာ ကျွန်တော်တို့နဲ့ ထိပ်တိုက်တွေ့ပြီး အဆုံးသတ်ပေးလိုက်တာ”

ပေါက်မြို့နယ် PDF တာဝန်ရှိသူကလည်း စခန်းရှေ့ပေါက်မှ ဝင်တိုက်နေသည့် PDF များအနီး ကားနှင့် ရောက်လာသည့် စခန်းမှူး ပစ်ခတ်ခံရကြောင်း ပြောသည်။

“ဘေးပတ်ပတ်လည်မှာ ပြည်သူအိမ်တွေရှိတယ်။ ခြံစည်းရိုးပဲ ခြားတာ။ မီးရှို့လိုက်ရင် ပြည်သူအိမ်တွေ ကူးမှာစိုးလို့ ဝန်ထမ်းအိမ်ရာတွေကို မီးမရှို့ခဲ့ဘူး” ဟု ၎င်းက ပြောသည်။

ရေပြာရွာသည် အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိပြီး ပခုက္ကူ-မင်းတပ်လမ်းပေါ်တွင် တည်ရှိသည်။ 

မြိုင် PDF က ထုတ်ပြန်သည့် စခန်းတိုက်ခိုက်မှု ရုပ်သံဖိုင်တစ်ခုတွင် PDF များ ပစ်ခတ်နေစဉ် စခန်းဝင်ပေါက်ကို စခန်းမှူး၏ အရပ်သုံးကား ထိုးရပ်လာသည်ကို တွေ့ရပြီးနောက် PDF များက ဝိုင်းဝန်းပစ်ခတ်ခဲ့သည်။ 

ထိုကားပေါ်တွင် စခန်းမှူးနှင့် သူ၏ ယာဉ်မောင်းလိုက်ပါလာပြီး ဝိုင်းဝန်းပစ်ခတ်မှုကြောင့် သေဆုံးသွားသည်ဟု အထက်ပါ PDF ၂ ဖွဲ့မှ ခေါင်းဆောင်များက ပြောသည်။ စခန်းမှူးအပါအဝင် ရဲ ၅ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

၄၅ မိနစ်ကြာ ထိုတိုက်ပွဲအတွင်း ရေစကြို PDF အဖွဲ့ဝင် ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု PDF အဖွဲ့များက ထုတ်ပြန်ခဲ့သည်။ 

ယမန်နေ့တိုက်ပွဲတွင် ပေါက်မြို့ပေါ်မှ စစ်ကောင်စီတပ်က စစ်ကူရောက်လာသဖြင့် ပြန်ဆုတ်ခဲ့သည်ဟု ကိုဝေကြီးက ပြောသည်။

“တကယ်လည်း တိုက်နိုင်တဲ့အဖွဲ့ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အခက်အခဲတွေကြုံနေရပြီ။ လက်နက်လိုအပ်ချက်တွေ၊ ကျည်လိုအပ်ချက်တွေ အများကြီးကြုံနေရပြီ” ဟု ၎င်းက ဆိုသည်။

ရေပြာရဲစခန်းသည် အရှေ့ဘက်ရှိ ကုက္ကိုစုရွာခံ ပျူစောထီးလက်နက်ကိုင်များကို စစ်သင်တန်းပေးသည့် နေရာဖြစ်ပြီး ကျေးရွာများကို စီးနင်းမှုများ၌ ပါဝင်ကြောင်း ပေါက်မြို့နယ် ပြောက်ကျားကာကွယ်ရေးအဖွဲ့ဖြစ်သည့် Annyomous Special Task Force တာဝန်ရှိသူတစ်ဦးက ယခုလအစောပိုင်းတွင် ပြောဆိုသည်။

ကုက္ကိုစုရွာခံ ပျူစောထီးလက်နက်ကိုင်များသည် ဇန်နဝါရီလကုန်ပိုင်းက ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အိမ်ခြေ ၂၀ ကျော်ကိုလည်း ဖျက်ဆီးခဲ့သည်ဟု ထိုအဖွဲ့ထံမှ သိရသည်။ 

ပေါက်မြို့နယ်နှင့် နယ်မြေချင်းထိစပ်နေသည့် မြိုင်မြို့နယ်မြောက်ပိုင်းရှိ လင်းကတောနယ်မြေရဲစခန်းကို မြိုင် PDF ၊ ရေစကြို PDF နှင့် ဆားလင်းကြီး PDF တို့ ပူးပေါင်း၍ ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ၌ ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကို မီးရှို့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းခဲ့သည်။ 

ထိုစဉ်က ဖမ်းဆီးရမိသည့် ရဲမိသားစုဝင် ၁၃ ဦးကို PDF များက ပြန်လွှတ်ပေးခဲ့သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button