သတင်း

လေတပ်ဗုံးကြဲသည့် နန်းမယ်ခုံတွင် ဒေသခံ ၃ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

ယနေ့ (ဖေဖော်ဝါရီ ၂၃) ညနေက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့တွင် စစ်ကောင်စီလေတပ် လာရောက် ဗုံးကြဲသဖြင့် အရပ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးကာ ၅ ဦး ဒဏ်ရာရသွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ညနေ ၆း၁၁ နာရီတွင် ဒေါကမီးနှင့် ဆီးလီဒုန်းရွာတို့ကို ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်နေသည့် လူငယ်တစ်ဦးက Myanmar Now ကို ပြောသည်။

“သုံးယောက်တော့ ဆုံးသွားတာပေါ့၊ ပြည်သူပဲ၊ အဒေါ်ကြီးတစ်ယောက်လည်း သတိမေ့သွားတယ်။ အဲဒါ သူလည်း နည်းနည်းတော့ စိုးရိမ်ရတာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ၎င်းက ဆိုသည်။  

“ကျွန်တော်လည်း သူတို့ ပို့ထားတဲ့နေရာ (ကုသမှုခံယူနေသည့် နေရာ) လိုက်မကြည့်နိုင်သေးတော့ အခြေအနေကို ကောင်းကောင်းမသိရသေးဘူး”

သေဆုံးသူများမှာ ဒေါကမီးရွာရှိ နေအိမ်တစ်လုံးထဲမှ အသက် ၂၀ ကျော်နှင့် ၃၀ ကျော်အရွယ် အမျိုးသားနှစ်ဦး၊ အဆိုပါနေအိမ်အနီးသို့ ဆိုင်ကယ်နှင့် ရောက်လာသော အမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်ဟု ၎င်းက ပြောသည်။

“မိန်းလမ်းအတိုင်း မောင်းလာတာပေါ့ ဆိုင်ကယ်က။ စစ်ကောင်စီဘက်ကလည်း မိန်းလမ်းကို ရွေးပြီးမှ (ဗုံး)ကြဲသွားတာ။ ဆိုင်ကယ်မောင်းရင်းနဲ့ ထိတာပေါ့” ဟု ၎င်းက ပြောသည်။

ဒဏ်ရာရသူ ငါးဦးထဲတွင် သတိလစ်မေ့မြောသွားသည့် အသက် ၆၀ ခန့် အမျိုးသမီး၊ အသက် ၄၀ ခန့် အမျိုးသားတို့ ပါဝင်ပြီး ကျန် ၃ ဦး မည်သူမည်ဝါဖြစ်သည်ကို မသိရသေးဟု ၎င်းက ဆက်ပြောသည်။

ဒဏ်ရာရသွားသည့် ဒေသခံတစ်ဦးအား ဆေးကုသပေးနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-KNDF) 

ဒေါကမီးရွာတွင် နေအိမ်တစ်လုံးနှင့် ဆီးလီဒုန်းရွာတွင် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ အဆိုပါ ရွာနှစ်ရွာမှာ ကားလမ်းမတစ်ခုသာခြားသည့် ကပ်လျက်ရွာများဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“စစ်မီးက မိုးဗြဲကနေ စလာတာပေါ့နော်။ စလာပြီးတော့ နန်းမယ်ခုံထိ အခု ကူးလာတာပေါ့နော်။ (ဒေါကမီးရွာက) လွိုင်ကော်ဘက်လည်း လမ်းပေါက်တယ်၊ ဒီးမော့ဆိုဘက်လည်း လမ်းပေါက်တယ်။ ဒီးမော့ဆိုနဲ့ မိုးဗြဲကို ချိတ်ထားတဲ့ နေရာပေါ့” ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၁၆ က ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များအကြား တိုက်ပွဲစတင်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။

အာဏာသိမ်းစစ်ကောင်စီက ထိုဒေသဖြစ်ရပ်များကို သတင်းအမှောင်ချထားသည်။

ယနေ့အထိပါဆိုလျှင် တိုက်ပွဲကာလ ၈ ရက်ကြာမြင့်လာခဲ့ပြီဖြစ်ပြီး စစ်ကောင်စီဘက်က ၆၁ ဦး သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်များဘက်ကလည်း ၂၀ ကျော်သေဆုံးခဲ့သည်ဟု သက်ဆိုင်ရာတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button