သတင်း

စာရေးဆရာ ထင်လင်းဦး ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရ

စစ်အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးခံရသော​ စာရေးဆရာ ထင်လင်းဦးကို ဆူပူအောင်လှုံ့ဆော်သည်ဆိုကာ စစ်ကောင်စီစွပ်စွဲသည့်​​​ ပုဒ်မ ၅၀၅-ကဖြင့် ယနေ့ (ဖေဖော်ဝါရီ ၂၂) တွင် ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ကြောင်း ၎င်း၏ ရှေ့နေ ဦးသက်နောင်က အတည်ပြုသည်။

ဖမ်းဆီးခံရပြီး နှစ်ပတ်ကျော်ကြာမှ စစ်ကောင်စီက ပြင်ဆင်သည့် ထိုပုဒ်မဖြင့် ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း မြောက်ဥက္ကလာပမြို့နယ်တရားသူကြီး ကြားနာသည့် တရားခွင်က ဦးထင်လင်းဦးကို အမိန့်ချခြင်း ဖြစ်သည်။

“(၂၀၂၁ ဖေဖော်ဝါရီ) ၁ ရက်နေ့မှာ ပြောခဲ့တဲ့စကားကို ၁၄ ရက်နေ့မှာ ပြင်ဆင်တဲ့ ဥပဒေနဲ့ တရားစွဲတယ်။ ဒါလည်း ဥပဒေနဲ့ ညီညွတ်မှုမရှိဘူး။ ကျွန်တော်တို့ကတော့ သုံးသပ်တယ်ပေါ့နော်” ဟု ဦးသက်နောင်က ပြောသည်။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နံနက်တွင် စစ်တပ်၏ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ဦးထင်လင်းဦးက သူ၏ Facebook တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်ကို စစ်ကောင်စီက အပြစ်ရှာခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးခံရပြီး တစ်လအကြာ ၂၀၂၁ မတ် ၁ ရက်တွင်မှ ထိုပုဒ်မဖြင့် တရားစွဲခံရသည့် ဦးထင်လင်းဦးကို တရားရုံးက ချုပ်ရက်ထုတ်နုတ်ခံစားခွင့်ပြုခဲ့၍ နှစ်နှစ်ဝန်းကျင် ထပ်မံချုပ်နှောင်ခံရဖွယ်ရှိသည်ဟု ဦးသက်နောင်က ပြောသည်။

“မတရားလည်း တရားစွဲခံရသေးတယ် မတရားလည်း ထောင်ချခံခဲ့ရတဲ့အပြင်ကို ရှေ့မှာ မတရားဖမ်းဆီးခံရတဲ့ တစ်လလုံးလုံး(ပုဒ်မမတပ်မီချုပ်နှောင်ခံရသည့်ကာလ)ကို အများကြီး နစ်နာတာထက်ကို ပိုပြီးတော့ နစ်နာတာပေါ့နော်” ဟု ၎င်းက ပြောသည်။

အသက် ၅၄ နှစ်အရွယ် ဦးထင်လင်းဦးသည် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက် ၂၀၁၁ – ၂၀၁၅ ကာလကတည်းက ဘာသာရေးကို နိုင်ငံရေးတွင် အသုံးချသည့် စစ်တပ်၏ လုပ်ရပ်များကို ဝေဖန်ခဲ့သူဖြစ်သည်။

မကွေးတိုင်း ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ၌ ၂၀၁၄ အောက်တိုဘာတွင် ပြုလုပ်သည့် စာပေဟောပြောပွဲတစ်ခု၌ ထိုသို့ဟောပြောခဲ့မှုကြောင့် ပုဒ်မ ၂၉၅(က) ဘာသာ-သာသနာ ညှိုးနွမ်းစေမှု၊ ပုဒ်မ ၂၉၈ ဘာသာ-သာသနာ စော်ကားပုတ်ခတ်ပြောဆိုမှုတို့ဖြင့် တရားစွဲခံရကာ အချုပ်အနှောင်ခံရဖူးသည်။

ထိုစဉ်က ဦးထင်လင်းဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုပြန်ကြားရေးအဖွဲ့ဝင် တာဝန်ယူထားချိန်ဖြစ်၍ ၎င်း၏ ဟောပြောချက်များမှာ ပါတီအာဘော်မဟုတ်ဟုဆိုကာ NLD က ရာထူးမှ ထုတ်ပယ်ဖူးသည်။

မုံရွာထောင်တွင် အချုပ်အနှောင်ဘဝဖြင့် ၂ နှစ်ခန့်နေခဲ့ရပြီး NLD အစိုးရလက်ထက်တွင် ဦးထင်လင်းဦး ပြန်လည်လွတ်မြောက်လာခဲ့ကာ ၂၀၁၉ ခုနှစ်အတွင်း ပြုလုပ်သည့် အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲများကို နိုင်ငံအနှံ့ ဦးဆောင်ပြုလုပ်သည်။

၂၀၁၉ တွင် အပတ်စဉ်ထုတ် NLD ပါတီအာဘော် “ဒီလမ်း” ဂျာနယ်ကို ထုတ်ဝေကာ အမှုဆောင်အရာရှိချုပ်အဖြစ် ဦးထင်လင်းဦးက တာဝန်ယူခဲ့သည်။

အာဏာသိမ်းပြီး နှစ်ပတ်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၁၄ တွင် ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေတစ်ရပ် စစ်ကောင်စီက ပြဋ္ဌာန်းခဲ့ပြီး ယင်းတွင် ပုဒ်မ ၅၀၅-ကလည်း ပါဝင်လာကာ ၎င်းကို ဆန့်ကျင်သူများကို ထိုပုဒ်မတပ်ကာ ထောင်ဒဏ်များချမှတ်နေသည်။

အစိုးရဝန်ထမ်းတစ်ဦးကို ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်၊ သွယ်ဝိုက်၍ ထိတ်လန့်စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းဖြန့်ခြင်းတို့ ပြုလုပ်လျှင် ထိုပုဒ်မဖြင့် အမြင့်ဆုံး ထောင်သုံးနှစ်အပြင် ငွေဒဏ်ပါ ချနိုင်သည်ဟု စစ်ကောင်စီက ဆိုထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button