သတင်း

စစ်ကိုင်းတွင် စစ်လေယာဉ်ပျက်ကျ၊ လေယာဉ်မှူး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရေမျက်ကြီးအင်းအတွင်း လေယာဉ်တစ်စီး ယနေ့ (ဖေဖော်ဝါရီ ၁၆) နံနက် ၁၁ နာရီဝန်းကျင်က ပျက်ကျသွားသည်ဟု ဒေသခံတို့က ပြောပြီး စစ်ကောင်စီကလည်း လေ့ကျင့်ပျံသန်းစဉ် ပျက်ကျခဲ့ကြောင်း အတည်ပြု ကြေညာသည်။

စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြန်မာ့ရုပ်မြင်သံကြား၏ ကြေညာချက်အရ၊ မန္တလေးတိုင်း တံတားဦးလေတပ်စခန်းမှ ပုံမှန်လေ့ကျင့်ပျံသန်းနေသည့် တိုက်ခိုက်ရေးလေယာဉ်တစ်စီး ဆက်သွယ်မှု ပြတ်တောက်ခဲ့ကြောင်း၊ အခြားလေယာဉ်တစ်စီးဖြင့် လိုက်လံရှာဖွေစဉ် ရေမျက်ကြီးအင်းအတွင်း ပျက်ကျနေသည်ကို တွေ့ရကြောင်း၊ လေယာဉ်မှူး ဗိုလ်ကြီးဟိန်းထက်အောင် သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း နေ့စဉ်နီးပါး စစ်ကိုင်းတိုင်းအတွင်း လှည့်ပတ်ပျံသန်းနေသည့် လေယာဉ် ၂ စီးအနက်မှ တစ်စီးဖြစ်ကြောင်း၊ ယနေ့ နံနက်ကလည်း ကျေးရွာများအပေါ်မှ ပျံသန်းသွားသည်ကို မြင်တွေ့ခဲ့ရကြောင်း ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီနေ့ တိုက်ခိုက်မှု မကြားရဘူး။ ဒီလေယာဉ်က တလောက ရဟတ်ယာဉ်နဲ့ စစ်သားတွေ လာပို့သွားပြီးကတည်းက နေ့တိုင်းလိုလို ဒီအပေါ်မှာ ပျံနေတာ” ဟု ၎င်းက ဆိုသည်။

“ငှက်ခါးရောင်တစ်စီးနဲ့ အဖြူရောင်ကြီးတစ်စီး၊ လေ့ကျင့်နေတာ ထင်ပါတယ်၊ တိုက်ခိုက်တာမျိုးကလည်း ကျွန်တော်တို့ဘက်ရော၊ တခြားမြို့နယ်တွေရော မကြားမိဘူးဆိုတော့”

ပျက်ကျလေယာဉ်ကို ရှာဖွေတွေ့ရှိသွားပြီးနောက် စစ်ကောင်စီတပ်သည် အင်းပတ်ဝန်းကျင် ကျေးရွာများအပေါ် ရဟတ်ယာဉ်များဖြင့် ပျံသန်းလုံခြုံရေးရယူပြီး ဒေသတွင်းမှ လူမှုကူညီရေး၊ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များကို ခေါ်ကာ လေယာဉ်မှူးကို ရှာဖွေခဲ့ကြောင်း စစ်ကိုင်းမြို့၊ အုန်းတောကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကိုင်းမြို့မှ လူမှုကူညီရေးအသင်းတစ်ခုက ရှာဖွေကယ်ဆယ်ရေး ပါဝင်လုပ်ဆောင်ခဲ့ရကြောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် ရှာဖွေမှုရပ်နားခဲ့ကြောင်း ပြောခဲ့သည်။ 

စစ်ကောင်စီသည် ၎င်းတို့ကို လက်နက်ကိုင်ခုခံနေသော ပြည်သူလူထုကို တိုက်ခိုက်နေရာတွင် လေကြောင်းမှပါ ထိုးစစ်ဆင်နေပြီး တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ထောက်ပို့ရဟတ်ယာဉ်များဖြင့်လည်း လက်နက်၊ လူ၊ ရိက္ခာများ ပို့ဆောင်နေသည်။ 

အထူးသဖြင့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား (ကရင်နီ) ၊ ကရင်နှင့် စစ်ကိုင်းတိုင်းတို့ကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေသည်။ 

ပြီးခဲ့သည့်နှစ်များအတွင်း စစ်တပ်လေယာဉ်ပျက်ကျမှု ရံဖန်ရံခါ ပေါ်ပေါက်ခဲ့သည်။

၂၀၁၈ အောက်တိုဘာတွင် မကွေးတိုင်းတွင် တရုတ်နိုင်ငံထုတ် F7 အမျိုးအစား လေယာဉ် ၂ စင်း ရာသီဥတုဆိုးရွားမှုကြောင့် ပျက်ကျသည်ဟု စစ်တပ်က ကြေညာခဲ့သည်။

ယမန်နှစ် ဇွန်လက မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်တွင် စစ်လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ စစ်သည် ၆ ဦးအပါအဝင် စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့သည်။

ယမန်နှစ် မေလက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လှုပ်ရှားနယ်မြေတွင် ပစ်ခတ်တိုက်ခိုက်နေသော စစ်သုံးရဟတ်ယာဉ်တစ်စီး ပစ်ချခံရသည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button