ဆောင်းပါး

စစ်ခေါင်းဆောင်၏ ယတြာများ လူမြင်ကွင်းရောက်လာ

လက်နက်ကိုင် ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းရှိ ဒေသအချို့တွင် စစ်သားများက ပစ်ခတ်၊ နေအိမ်များကို မီးရှို့နေချိန် ဖေဖော်ဝါရီ ၁၀ ရက်တွင် ၎င်းတို့၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ဇာတိမြေ၌ စေတီတစ်ဆူ ထီးတင်၍ လက်သီးလက်မောင်းတန်း ဟစ်ကြွေးနေသည်။

ကိုယ့်ရာထူးသက်တမ်းကို ကိုယ်တိုင်တိုးထားသည့် ၆၅ နှစ်အရွယ် စစ်ခေါင်းဆောင်က သူမွေးဖွားရာဒေသ မကွေးတိုင်း မင်းဘူးမြို့နှင့် ၁၃ မိုင်ခန့် ဝေးသည့် ပွင့်ဖြူမြို့နယ်၊ သက်သာပန်းတောင်းရွာငယ်လေးတွင် နှစ်များမကြာသေးမီက တည်ထားသည့် စေတီတစ်ဆူကို မွမ်းမံ၊ ဘွဲ့အမည်ပြောင်းကာ ထီးနှင့် စိန်ဖူးတော်အသစ်တင်သည့် အခမ်းအနားကို စစ်တပ်၏ ရုပ်သံသတင်း၌ မြင်တွေ့ရခြင်းဖြစ်သည်။

စေတီ၏ မူလဘွဲ့အမည်မှာ သက်သာပန်းတောင်းဖြစ်သော်လည်း စကြာပန်းတောင်းဟု အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောင်းလဲလိုက်ခြင်းမှာ သိမ်းထားသည့်အာဏာကို ကြာကြာချုပ်ကိုင်ထားလိုသဖြင့် ထိုအမည်သို့ ပြောင်းလဲခြင်း ဖြစ်နိုင်သည်ဟု ဗေဒင်ပညာရှင်တစ်ဦးက ခန့်မှန်းသည်။

“သက်သာပန်းတောင်းဘုရားကို ဆက်ကြာချင်လို့ စကြာပန်းတောင်လို့ သမုတ်ပြီး ထီးတင်တာ”ဟု မြန်မာနိုင်ငံအလယ်ပိုင်းတွင် နေထိုင်ပြီး လုပ်သက် နှစ် ၂၀ ခန့်ရှိသည့် အသက် ၅၀ အရွယ် ဗေဒင်ပညာရှင်တစ်ဦးက မှတ်ချက်ပြုသည်။ 

ယခင် အာဏာသိမ်းဗိုလ်ချုပ်ကြီးများက ဗေဒင်ကိန်းခန်းအရ ၉ ဂဏန်းကို အလေးထားသလို ယခု စစ်ခေါင်းဆောင်ကလည်း သူ့ဇာတိမြေတွင် ငွေကုန်ကြေးကျများသော အဆိုပါဘာသာရေးအခမ်းအနားကြီးတစ်ခုကို ပြလုပ်ခြင်းဖြစ်သည်။ ဤသို့ဖြင့် ဗိုလ်ချုပ်ကြီးများ ဗေဒင်၊ ယတြာ ရူးသွပ်မှုအတိုင်းအဆ မည်မျှရှိသည်ကို အာဏာသိမ်း စစ်ခေါင်းဆောင်က အများသိ ထုတ်ဖော်ပြသလိုက်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရားကြီးတွင် ဖေဖော်ဝါရီ ၁၄ ရက်က အလှူငွေပေးအပ်နေသည့် စစ်ခေါင်းဆောင်နှင့် ဝစီပိတ်ကိုယ်တော်ဟု လူသိများသည့် ဦးကောဝိဒတို့ကို ယှဉ်တွဲတွေ့ရစဉ်။ ဓာတ်ပုံ − စစ်ကောင်စီ

မိသားစုအလှူ

အောင်မြေအဖြစ် နာမည်ကျော်သော ထိုစေတီပရိဝုဏ်အတွင်း ပလ္လင်ခံထားသည့် အင်းကွက်၊ နဂါး၊ ဟင်္သာ၊ မနုဿီဟ၊ ဆင် စသည့် အရုပ်များ ထည့်သွင်းထားကြောင်း Myanmar Nowက ရရှိထားသည့် ဓာတ်ပုံနှင့် ရုပ်သံအထောက်အထားများတွင် တွေ့ရသည်။

ကျောက်ပြားပေါ်တွင် ဂဏန်းနှင့် သင်္ကေတများ ရေးသားထားသည့်​​ အင်းကွက်ကို စစ်ခေါင်းဆောင်တို့လင်မယားက သပြေခက်နှင့် အမွှေးနံ့သာ ပက်ဖျန်းနေသည့် ပုံရိပ်များကိုလည်း စစ်တပ်က ထုတ်ပြန်သည့် သတင်းနှင့် ရုပ်သံဖိုင်များတွင် ဝေဝေဆာဆာ ဖော်ပြထားသည်။

ထိုစေတီတွင် တွေ့ရသည့် ယတြာနှင့် အင်းကွက်များမှာ အသက်အန္တရာယ်ကို ကာကွယ်ရန် အစီအရင်များဖြစ်သည်ဟု အထက်ပါ ဗေဒင်ဆရာက ပြောသည်။

“အဲဒီအင်းရဲ့ နာမည်က “အဘယ ဇာတကအင်း”လို့ ခေါ်တယ်။ အဲဒီအင်းဆောင်ထားရင် အတိုက်အခံလွတ်တယ်ပေါ့ဗျာ။ သူ့ကိုလည်း အသက်အန္တရာယ်လည်း လုံးဝမထိခိုက်နိုင်ဘူးပေါ့ဗျာ။ အဓိကက သူ့ကို မလုပ်ကြံအောင်လို့ လုပ်တာပဲ” ဟု လုံခြုံရေးအရ အမည်ထုတ်ဖော်မပြောနိုင်သည့် ၎င်းက ဆိုသည်။

ဗေဒင်အလိုအရ အကွက် ၁၆ ခု ဖော်ထားသည့် ထိုအင်းကွက်တွင် ပါသည့် သင်္ကေတများမှာ မြတ်စွာဘုရား ပါရမီဖြည့်စဉ် ကာလအတွင်း တိရစ္ဆာန်ဖြစ်ခဲ့သော်လည်း အသက်အန္တရာယ် ရန်ပြုမခံရသည့်​ ၁၃၆ ဘဝကို ရည်ညွှန်းသည်ဟု ထိုဗေဒင်ဆရာထံမှ သိရသည်။

စစ်တပ်၏ ထုတ်ပြန်ချက်တွင်လည်း အင်းကွက်ပါ ထိုကျောက်စာချပ်မှာ ဘုရားလောင်းဖြစ်တော်စဉ်ပေါင်းကို ထွင်းထုထားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အင်းကွက်ပါ မြေစိုက်ပလ္လင်မှာ စေတီ၏ အရှေ့မြောက်ထောင့်အရပ်တွင်ရှိသည်။ ပရိဝုဏ်အတွင်းရှိ အရပ်လေးမျက်နှာတွင် နဂါး၊ ဟင်္သာ၊ ကရဝိတ်၊ စေတီငယ် ပုံတူများပါသည့်​ တံခွန်တိုင်များ တွေ့ရသည်။

စေတီအရှေ့မြောက်ထောင့်တွင် တွေ့ရသည့် ခေါင်းလောင်းနှင့် ကျောက်စာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ သား၊ သမီး၊ မြေးတစ်စုတို့ လှူဒါန်းကြောင်း ကမ္ပည်းရေးထိုးထားသည်။

ထို့အတူ စစ်ခေါင်းဆောင်၏ သားဖြစ်သူ ဦးအောင်ပြည့်စုံနှင့် ဒေါ်မျိုးရတနာထိုက်၊ ၎င်းတို့၏ သမီးဖြစ်သူ မခင်ငြိမ်းချမ်းပြည့်စုံလှိုင်(ချစ်ပိုး)၊ ခင်ဘုန်းမြတ်ပြည့်စုံလှိုင်(ရွှေပိုး)၊ ခင်မေတ္တာပြည့်စုံလှိုင်(မြပိုး)တို့ အမည်များ ပါဝင်သည့် ကျောက်ပြားကိုလည်း စေတီ၏ အုတ်တံတိုင်းတွင် တွေ့ရသည်။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ သက်သာပန်းတောင်းရွာတွင် စကြာပန်းတောင်းဘွဲ့အမည်ဖြင့် တည်ထားသည့် စေတီပရိဝုဏ်နှင့် ကျောက်စာ။ ဓာတ်ပုံ− ပေးပို့

ဆန်းပြားသည့် အစီအစဉ်များ

၂၀၀၄ ခုနှစ်က ပွင့်ဖြူမြို့နယ် မုရိုးကုန်းကျေးရွာမှ ဦးစိုးမင်းဆိုသူ ၉ တောင်အမြင့်ဖြင့် တည်ထားသည့် သက်သာပန်းတောင်းစေတီကို ငုံလျက် ဉာဏ်တော် ၄၅ ပေသို့ မြှင့်ကာ မွမ်းမံထားသည်။

ထိုအမြင့်ပမာဏသည် ၉ ဏန်းဖြစ်သလို ထီးတင်သည့်နေ့စွဲ ၁ဝ-၂-၂၀၂၂ တွင် ပါဝင်သော ကိန်းဂဏန်းတို့ကို ပေါင်းလိုက်လျှင် ၉ ဂဏန်းရသည်၊ အခမ်းအနားတွင် ခေါင်းလောင်း ၉ ချက်ထိုးသည်ဟုလည်း စစ်ကောင်စီထုတ်ပြန်သည့် အဆိုပါအခမ်းအနားသတင်းက ဆိုသည်။

ထိုနေ့က မဟာဇေယျာဘုံ၊ ဝဇီရကေတု ဘွဲ့အမည်ရှိသည့် ရွှေထီးတော်နှင့် စိန်ဖူးတော်ကို တင်သည့်အချိန်မှာ နံနက် ၉ နာရီ ၄၅ မိနစ် ဖြစ်သည်ဟု အခမ်းအနားသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

“(အခါတော်ပေး) ကဝိကျော်ထင်ဆိုတဲ့ သူက မိုက်နဲ့အော်တာ တစ်စက္ကန့်၊ နှစ်စက္ကန့်၊ ရပါပြီ၊ တက်တော့ အဲဒီလိုပုံစံမျိုးတွေ။ အဲဒီလူကပဲ တောက်လျှောက်ဟောပြောသွားတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ပြောသည်။

စစ်တပ်က ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ထီးတော်တင်ပြီးနောက် ညာဘက်လက်မြှောက်၍ သုံးကြိမ် လက်သီးလက်မောင်းတန်းကာ တစ်စုံတစ်ရာ ဟစ်အော်သည်ကို တွေ့ရသည်။ မည်သို့ကြွေးကြော်သည်ကိုမူ မသိရပေ။

အဝါရောင်အသုံးအဆောင်များ ထုံမွမ်းသည့် အလှူပွဲတွင် အဝါရောင်ထန်းသီးမုန့် ကျွေးသည်ဟု Myanmar Now ၏ သတင်းရင်းမြစ်တစ်ဦးက ထိုအခမ်းအနားသို့ ကိုယ်တိုင်ရောက်ရှိခဲ့သူကို ကိုးကားပြီး ပြောသည်။  

“ထန်းသီးမုန့်က စတိတဲ့၊ ကျွေးတာ၊ အကုန်လုံးစားရတယ်”ဟု ၎င်းက ပြောသည်။

စစ်တပ်က ထုတ်ပြန်သည့် မှတ်တမ်းများတွင် စစ်ခေါင်းဆောင်ကို အဝါရောင်ပိုးပုဆိုး၊ ရွှေရောင်နေကာမျက်မှန်နှင့် တွေ့ရသည်။

ရေစက်ချချိန်တွင် သူ၏ ဇနီးသည်က အဝါရောင်တဘက်ဝတ်ဆင်ထားသလို အခမ်းအနားတွင် တွေ့ရသူများတွင် အနိမ့်ဆုံးအားဖြင့် အဝါရောင်ဖဲသားရင်ထိုးတပ်ဆင်ထားသည်။

“သူ့ရဲ့ လပ်ကီးရောင် (ကံကောင်းစေတဲ့အရောင်) တဲ့၊ ကြာသပတေးနံ အဝါရောင်ကို ဝတ်ဆင်ခိုင်းတာ။ နောက်ပြီးတော့ သူ့ရဲ့အထွန်းက စနေဗျ။ အထွန်းကို စားရတယ်တဲ့ ဗေဒင်ပညာမှာလေ။ အဲဒီအတွက်ကြောင့်မို့လို့ စနေနံ ထန်းသီးမုန့် ကျွေးတာ”ဟု အထက်ပါ ဗေဒင်ဆရာက ပြောသည်။

ထိုအခမ်းအနားအကြောင်း စစ်တပ်က ထုတ်ပြန်သည့် မှတ်တမ်းများတွင် ထန်းသီးမုန့်နှင့် ပတ်သက်သည့် ပုံရိပ်များ ပါဝင်ခြင်းမရှိပေ။

သို့သော် အင်းကွက်ပါ ပလ္လင်ကို အမွှေးနံ့သာရည်ပက်ဖျန်း၊ ရွတ်ဖတ် သရဇ္စျာယ်ပေးသည့် အခါတော်ပေး ကဝိကျော်ထင်ဆိုသူ၏ Facebook တွင် စကြာပန်းတောင်းစေတီ ထီးတော်တင်ပွဲ၌ ထန်းသီးမုန့်ကျွေးမည်ဟု ဇန်နဝါရီ ၂၉ ရက်ကတည်းက ရေးထားသည်။

အထက်ပါ ဗေဒင်ဆရာကမူ ထန်းသီးမုန့်ကျွေးသည့် စစ်ခေါင်းဆောင်၏ ယတြာတွင် အားနည်းချက်ရှိနိုင်သည်ဟု သုံးသပ်သည်။ 

“အဲဒါ သူ့ပြန်ခိုက်တယ်ဗျ၊ ထန်းသီးမုန့်ကျွေးတာ။ ထန်းသီးမုန်းကျွေးတာက မသန့်ဘူးပေါ့ဗျာ။ ရှင်းရှင်းပြောရရင်။ အဲဒီတစ်ချက် သူအညံ့ရှိတယ်၊ မရဘူး။ ဒီကပြန်သွားပြီးလို့ရှိရင် သူ ပြဿနာတစ်ခုခု သတင်းဆိုးတစ်ခုခု ကြားရလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

လောကီအစီအရင်ကိစ္စများဖြစ်၍ မည်သူ မှားသည်၊ မှန်သည်ကို အတည်ပြုနိုင်ခြင်း မရှိပေ။

မမြဲခြင်းတရားကို မျက်မှောက်ပြု၍ ဘဝသံသရာမှ လွတ်ရာလွတ်ကြောင်း ကျင့်ကြံနေထိုင်မှုများကို ရှေးရှုသည့် ထေရဝါဒဗုဒ္ဓသာသနာနှင့် ဆန့်ကျင်သော လောကီအစီအမံများအပေါ် စစ်ဗိုလ်ချုပ်များ၏ တိမ်းညွတ်မှုမှာ ယခုမှတော့ မဟုတ်ပါ။

စစ်ခေါင်းဆောင်များ၏ ယတြာအလိုအရ ထုဆစ်ကိုးကွယ်ခဲ့သော ဆင်းတု၊ ရုပ်ပွားတော်များမှာ ထေရဝါဒ ဗုဒ္ဓသာသာစံနှုန်းနှင့် မညီ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဖယ်ရှားပြုပြင်မှုများ လုပ်ခဲ့ရဖူးသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ရုပ်ချင်းဆင်တူသော ကျောက်စိမ်းဆင်းတု ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတောင်ဘက်တွင်ရှိ၍ ပြန်လည်သုံးသပ်မှုများလုပ်နေသည်ဟု ဝန်ကြီးဌာနက ဆိုခဲ့သော်လည်း NLD အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်တွင် ထိုကိစ္စ မည်သို့ဆက်ဖြစ်သည်ကို မသိရတော့ပေ။

ယခုထီးတင်ပွဲသည် လက်ရှိစစ်ခေါင်းဆောင်က သူ့ကို တပ်ချုပ်ရာထူးပေးခဲ့သည့်၊ ဗေဒင်၊ ယတြာ၊ ဓာတ်ရိုက်ဓာတ်ဆင် ကိစ္စများတွင် နာမည်ကျော်သည့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ခြေရာအတိုင်း ထက်ကြပ်မကွာ လုပ်ဆောင်သည်ဟု ယူဆနိုင်သည့်အကြောင်းအချက်များရှိသည်။

ကြီးလေးကြီး ဝန်းရံနေသည်ဟု ဗေဒင်၊ ယတြာ ရူးသွပ်သူများကြားတွင် ရေပန်းစားသည့် သက်သာပန်းတောင်းရွာ တည်ရှိသည့် အနေအထားပြမြေပုံ။ ဒီဇိုင်း−Myanmar Now

သက်သာပန်းတောင်းရွာ၏ ဒဏ္ဍာရီ

ပွင့်ဖြူမြို့နှင့် ၅ မိုင်ခန့်သာ ဝေးပြီး ပွင့်ဖြူ−မင်းဘူး (စကု) ကားလမ်းဘေးတွင်ရှိသော်လည်း သက်သာပန်းတောင်းရွာ၌ အိမ်ခြေ ၂၀ ခန့်နှင့် ဆောက်လက်စ တန် ၁၀၀ ဆန်စက်ဟောင်းတစ်လုံးသာရှိသည်ဟု ထီးတင်ပွဲသို့ ကိုယ်တိုင်တက်ခဲ့သူ၊ လယ်ကိုင်းရွာသားနှင့် အသက် ၅၀ ကျော် ကံသာကြီးရွာသားတို့ထံမှ သိရသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၂၀ တွင် ထုတ်ပြန်သည့် ဒေသဆိုင်ရာ အချက်အလက်မှတ်တမ်းတွင် သက်သာပန်းတောင်းရွာကို ပွင့်ဖြူမြို့နယ် ကျေးရွာအုပ်စုအညွှန်းပြမြေပုံ၌ပင် ထည့်သွင်းထားခြင်း မရှိပေ။ ထိုရွာအမည်ဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲပင် မရှိသည်ကို တွေ့ရသည်။

သို့သော် ထိုအရပ်ဒေသကို လယ်ကိုင်းကျေးရွာအုပ်စု၊ နိဗ္ဗာန်တောင်ကျောင်းဆရာတော် ဘဒ္ဒန္တဝိသုတ္တက “ကြီးလေးကြီးအလယ်မှာ ကြက်ပျံမကျ စည်ကားကြ၊ ပြည်ကြီး အေးချမ်းသာယာမည်” ဟူသော တဘောင်မိန့်ခဲ့ကြောင်း ထီးတင်ပွဲနှင့် ပတ်သက်သည့် စစ်တပ်၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

မည်သည့်အချိန်က မည်သို့သော အကြောင်းဖြင့် ထိုဆရာတော်မိန့်ခဲ့သည်ကိုမူ တိကျစွာ မသိရပေ။

သက်သာပန်းတောင်းရွာကို ဝန်းရံထားသည့် ရွာသာကြီး၊ လှည်းကြီး၊ ကံသာကြီး၊ မုန်တောကြီး စသည့် ကျေးရွာများကို ကြီးလေးကြီးအဖြစ် သတ်မှတ်ခေါ်ဆိုသည်ဟု စကြာပန်းတောင်စေတီနှင့် မိုင်ဝက်ခန့်သာ ဝေးသော လယ်ကိုင်းကျေးရွာနေ အသက် ၄၀ ကျော် အမျိုးသားထံမှ သိရသည်။

“သက်သာပန်းတောင်း အောင်မြေလောင်း၍ မြို့ဟောင်းဗျာဒိတ် မန်းတောင်ထိပ် နိမိတ်မြို့ဦး တည်လိမ့်မည်။ တစ်ရာ့တစ်ပါး လူမျိုးခြား ဝပ်တွားခိုလှုံ ခြေစုံဦးခိုက် ရှိလိမ့်မည်”ဆိုသည့် စာချိုးကို ရှေးတဘောင်အဖြစ် သတ်မှတ်ပြောဆိုမှုများလည်းရှိသည်ဟု ထိုသူက ဆက်ပြောသည်။

ထိုသို့ တဘောင်၊ နိမိတ်များရှိရာ ဒေသကို ယခင်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွာမှ မြို့သို့ ပြောင်းရန်ပင် ကြံဆောင်ခဲ့သေးသည်ဟု အထက်ပါ လယ်ကိုင်းရွာသားက ပြောသည်။

“အဲဒီတုန်းက ဝယ်လိုက်ရတာတော့ တစ်အိမ်ကို ငါးသောင်း၊ ငါးသောင်းခွဲ အနေအထားပေါ်မူတည်လို့ပေါ့။ မြေကွက်တွေဝယ်ရတာ အဲဒါက။ မယူမနေရ မဆောက်မနေရဆိုပြီး ကျွန်တော်တို့မိဘတွေလည်း တစ်ဝိုင်းယူရတယ်”ဟု ၎င်းက ဆိုသည်။

ဧရာဝတီမြစ်အနောက်ဘက် ၉ မိုင်ခန့်တွင်ရှိသော်လည်း မြေဆီမြေနှစ်မရှိသည့် ကျတ်တီးကုန်းမြေအဖြစ် ဒေသခံက ရည်ညွှန်းသည့် ရွာတည်သက် နှစ် ၃၀ကျော်ရှိ သက်သာပန်းတောင်ကျေးရွာကို အဆင့်မြှင့်ရန် အာဏာရှင်ဟောင်း၏ အစီအမံနှင့် ပတ်သက်၍ အသေးစိတ်ကိုမူ မသိရပေ။

သို့သော် ဦးသန်းရွှေခေတ်၌ ကြက်ဆူပင်၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်လက်ထက်၌ မလေးရှားပိတောက်ပင်များကို သက်သာပန်းတောင်းရွာခံများက မဖြစ်မနေ စိုက်ပျိုးပေးခဲ့ရသည်ဟု လယ်ကိုင်းရွာသားက ဆိုသည်။

“ရွာတောင်ဘက်ခြမ်းမှာ စစ်ဗိုလ်ပင်စင်စားတို့၊ နည်းနည်း ပိုက်ဆံရှိတဲ့လူတွေတို့၊ စစ်တပ်နဲ့ ပတ်သက်တဲ့ သူတွေတို့ လာပြီးဆောက်နေတာ။ ရွာမြောက်ဘက်ခြမ်းကတော့ ဘာမှမရှိဘူး” ဟု ၎င်းက ပြောသည်။

“ဦးသိန်းစိန်လက်ထက်မှာ ဧရာဝတီတိုင်းက လာတည်တဲ့ စက်ရုံကြီးလည်း ရှိတယ်လေ။ အခု အဲဒါကြီးလည်း ဘာမှလည်း အလုပ်မဖြစ်ဘူး။ ဒီတိုင်းချည်းပဲ”

ထိုသို့ အခြေအနေရှိသည့် ရွာကို ယခင်စစ်ခေါင်းဆောင်များကဲ့သို့ပင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အာရုံစိုက်ခဲ့ပြီး စေတီမွမ်းမံ၊ ဘွဲ့အမည်ပါပြောင်း၊ ယတြာပေါင်းစုံပါဝင်သည့် အလှူပွဲကြီးကိုပင် အထက်ပါအတိုင်း ဝှဲချီးကျင်းပသည်။

ထို့ပြင် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်မျိုးကွဲသစ် အိုမီခရွန် ပြည်တွင်းကူးစက်မှု မြင့်နေသော်လည်း ဖေဖော်ဝါရီ ၁၅ တွင် စကြာပန်းတောင်းစေတီ၌ လယ်ကိုင်းကျေးရွာအုပ်စု Covid – 19 ကာကွယ်ရေးစင်တာ ရန်ပုံငွေဈေးရောင်းပွဲတော် ကျင်းပမည်ဟု ဒေသတွင်း၌ နှိုးဆော်ထားသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်၏ ထိုအစီအမံနောက်ကွယ်တွင် ရှိသူမှာ ဝစီပိတ်ကိုယ်တော်ဟု လူသိများသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အသက် ၆၄ နှစ်အရွယ် ဦးကောဝိဒဖြစ်ကြောင်း အထက်ပါ ဒေသခံတို့က ပြောသည်။

သို့သော် ထီးတော်တင်ပွဲ ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းများတွင် ဦးကောဝိဒကို မတွေ့ရပါ။

အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းရာတွင် “ခေတ်ကိုပြောင်းချင် ခေါင်းကိုပစ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဦးကောဝိဒက အခါတော်ပေးခဲ့သည်ဟု သတင်းများ ကျယ်ပြန့်စွာထွက်ခဲ့ဖူးသည်။ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

မူလစေတီအလှူရှင်ထံ အသိပေးခြင်း၊ မွမ်းမံမှုကိစ္စများကို အကောင်အထည်ဖော်ခြင်းတို့ကို တာဝန်ယူပေးခဲ့သူမှာ လားရှိုးမြို့မှ ရဲမှူးအောင်ကျော်စိုးဖြစ်သည်ဟု အထက်ပါ ဒေသခံတို့က ပြောသည်။

သီးခြားအတည်မပြုနိုင်သော်လည်း စေတီရင်ပြင်ရှိ တံခွန်တိုင်တစ်ခုတွင် လားရှိုးမြို့နေ ဦးအောင်ကျော်စိုးနှင့် မိသားစု လှူဒါန်းကြောင်း ကဗ္ပည်းရေးထိုးထားသည်ကို Myanmar Nowက ရရှိထားသည့် ဓာတ်ပုံမှတ်တမ်းတွင် တွေ့ရသည်။

ထိုစေတီအတွက် ငြမ်းတစ်ကြိမ်ဆင်ခသည်ပင် ကျပ်သိန်း ၁၅၀ ခန့်ဖြစ်၍ အပြီးအစီးဆိုလျှင် သိန်းထောင်ချီ ကုန်မည်ဖြစ်ကြောင်း၊ အလှူငွေကို စစ်ခေါင်းဆောင်နှင့် အပေါင်းပါများမှအပ မည်သူမျှ ပါဝင်လှူဒါန်းခွင့်မရကြောင်း ဒေသခံများက ပြောသည်။

နေပြည်တော်တွင် ဖေဖော်ဝါရီ ၁၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုနေ့အခမ်းအနားတွင် ချိတ်၊ ပုံတော် ဆင်မြန်းထားသည့် စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီအဖွဲ့ဝင်များ။ ဓာတ်ပုံ − စစ်ကောင်စီ

စစ်တပ်အတွင်း အမြစ်တွယ်နေသည့် ဓလေ့

ထိုစေတီ ထီးတော်တင်ပြီး နောက်နှစ်ရက်အကြာ နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုနေ့အခမ်းအနားတွင် ယတြာနှင့် ဓာတ်ရိုက်၊ ဓာတ်ဆင် အယူအဆများ စစ်ဗိုလ်ချုပ်များထံ မည်မျှလွှမ်းမိုးနေသည်ကို ထပ်မံ၍ တွေ့ရသည်။

ယင်းမတိုင်မီ Facebook တွင် ပေါက်ကြားခဲ့သည့် စစ်ကောင်စီ၏ ညွှန်ကြားစာပါအတိုင်း ထိုအခမ်းအနား၌ စစ်ခေါင်းဆောင်နှင့် အစိုးရအဖွဲ့ဝင်များ ချိတ်လုံချည်၊ ပုံတော်ဖိနပ်တို့ ဝတ်ဆင်သည်ကို တွေ့ရသည်။ ထိုသို့ ဝတ်စားဆင်ယင်မှုကို အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင်လည်း မြင်ခဲ့ရသည်။

“ချိတ်ထားပြီးရင် မကွာကျဘူးပေါ့။ ပထမဦးဆုံး အခါပေးလိုက်သူက ဗေဒင်ဆရာ နေလိမ့်မယ်။ နောက်တော့ ဘုန်းကြီးက ကြွလာပြီးတော့ ချိတ်ပါထည့်ပြီးတော့ ကိုယ့်အောက်ထဲမှာ ပုံကျသွားအောင် ပုံတော်ဖိနပ်စီးခိုင်းပေါ့လေ။ အဲဒီလိုမျိုး”ဟု အထက်ပါ ဗေဒင်ဆရာက ပြောသည်။

အာဏာသိမ်းသည့် လုပ်ရပ်ကို လက်မခံနိုင်၍ တပ်မှထွက်သူ တိုးလာနေချိန်၊ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ခုခံမှုများ နိုင်ငံအနှံ့ မြင့်တက်နေချိန်တွင်​ စစ်ခေါင်းဆောင်က သူ၏ ယတြာရူးမှုအတွက် ငွေများစွာသုံးစွဲနေသည်ကို တပ်အသိုင်းအဝိုင်းအတွင်း စိတ်ပျက်နေကြသည်ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

“အခု သူ့အထဲက လူတွေကတောင် တိုင်းပြည်အပေါ် တကယ်ကောင်းစေချင်ရင် ဒီငွေတွေကို ပြည်သူတွေအတွက် တစ်ခုခုလုပ်ပေးရင်တောင် သူ့ကို အမြင်ကြည်လာမယ်လို့ ပြောနေကြတယ်”ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသည့် ၎င်းက ဆိုသည်။

သို့သော် တပ်ခေါင်းဆောင်များအကြား ဗေဒင်၊ ယတြာ၊ ဓာတ်ရိုက်၊ ဓာတ်ဆင် အယူအဆများမှာ နက်ရှိုင်းစွာ အမြစ်တွယ်နှင့်ပြီးဖြစ်သည်ဟု ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။

“ဗိုလ်လောင်းသင်တန်းဆင်းရင်တောင် ရေမန်းတွေနဲ့ ပက်တာခင်ဗျာ။ စခန်းကုန်းသိမ်းတာတောင် ဘုန်းကြီးပေးတဲ့ အချိန်နဲ့ အမြောက်ထုပြီး တက်သိမ်းတာ” ဟု ၎င်းက ဆိုသည်။

“အောင်မြင်ရင်တော့ ဘုန်းကြီးပေးတဲ့ဟာ မှန်တယ်ပေါ့။ မှားရင်တော့ အောက်က မောင်တွေ စည်းဖောက်လို့ဆိုပြီး အရေးယူခံရတာပဲ”

စရဏကျင့်စဉ်၊ ဂါထာ၊ မန္တာန်များဖြင့် နာမည်ကျော်သည့် ရွှေပေါ်ကျွန်းဆရာတော် အရှင်ဇေယျ သိဒ္ဓိဓမ္မ ဉာဏိက ၁၉၉၂ တွင် မိန့်သည့် တဘောင်တစ်ခုမှာ စစ်တပ်နှင့် ပတ်သက်သည်ဟု အထက်ပါ ဗေဒင်ဆရာက ထောက်ပြသည်။

ထိုတဘောင်မှာ လောကီအစီအမံများကို စိတ်ဝင်စားသူတို့အကြား ပျံ့နှံ့ပြီးဖြစ်သည်။

“တပ်တွင်း သူပုန်ထမည်၊ မင်းမိစ္ဆာ ချက်ချင်းကျမည်၊ ဒေါင်းစစ်သည် သောင်းချီတက်မည်၊ ထိုအခါ ပြည်မြန်မာ သာယာဝပြောမည်၊ မင်းမိစ္ဆာ၏ ယတြာ ဘယ်လိုကောင်းကောင်းမရ” စသဖြင့် စာချိုးများ ပါဝင်သည်။ 

အဆိုပါ တဘောင်အတိုင်း တပ်တွင်းပုန်ကန်မှုကြီး မဖြစ်သေးသော်လည်း အာဏာဖီဆန်ပြီး တပ်စခန်းစွန့်ခွာသူ စစ်သည်အရာရှိအရေအတွက် ရာထောင်ချီရှိလာနေသည်။ အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို အချိန်နေရာမရွေး ပစ်ခတ်နေသဖြင့် အနယ်နယ်တွင် အရပ်သားသေဆုံးမှုသတင်း နေ့စဉ်ထွက်ပေါ်နေသည်။

ပြည်တွင်းလူ့အခွင့်အရေးအခြေအနေတို့ကို အွန်လိုင်းမှ ဆက်သွယ်စုံစမ်းမှတ်တမ်းပြုနေသော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သေဆုံးသူများထဲမှ ၁၅၄၉ ဦး၏ အချက်အလက်ရရှိထားသည်ဟု ဖေဖော်ဝါရီ ၁၄ တွင် ကြေညာထားသည်။ 

ဗိုလ်ချုပ်ကြီးများကလည်း AAPP ထုတ်ပြန်သလောက် သေဆုံးမှုမရှိသေးဟု ယခင်က ချေပခဲ့ဖူးသည်။

ဤအတောအတွင်း စစ်သားများက ဖမ်းဆီးမှုများကို ပိုမို လုပ်ဆောင်လာသည်ဟု ဒေသအသီးသီးမှ ပြည်များက ပြောဆိုကြသလို စစ်ကောင်စီသတင်းထုတ်ပြန်ရေးဌာနကလည်း ထိုအချက်ကို အတည်ပြုထားသည်။

ကျေးလက်ဒေသတွင် အရပ်သားတို့ကို ပစ်ခတ်ခြင်း၊ သတ်ဖြတ်ခြင်း စသည့် သတင်းတို့သည် ရုပ်အလောင်းများ အစုလိုက်အပြုံလိုက် မီးရှို့ထားသည့် မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဆက်တိုက်ထွက်ပေါ်နေသည်။ စစ်ကောင်စီကမူ အကြမ်းဖက်သမားတို့၏လက်ချက်ဟု သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြလေ့ရှိသည်။

မတော်မတရားမှုများကို ဖုံးကွယ်ရန်၊ တစ်ဖက်သားကို အနိုင်ရရန် ယတြာဖြင့် လုပ်ဆောင်သည့် အပြုအမူမျိုးမှာ မသင့်လျော်သလို ဗုဒ္ဓအဆုံးအမနှင့် ချိန်ထိုးကြည့်လျှင် သာ၍ဆိုးဖွယ်သာရှိသည်ဟု ဓမ္မနှင့် ငြိမ်းချမ်းရေးအဖွဲ့မှ ဝါတော် ၂၂ ဝါရှိသည့် ဆရာတော် ဦးဝါယမက မိန့်သည်။

အာဏာသိမ်းပြီးနောက် တစ်တိုင်းပြည်လုံးတွင် ပြည်သူတို့ကို ကာယကံမြောက် သတ်ဖြတ်နေသည်သာ ဖြစ်၍ ငြိမ်းချမ်းရေးအတွက် ယတြာချေ၊ ဘုရား၌ အင်းချနေသည့် စစ်ခေါင်းဆောင်၏ လုပ်ရပ်မှာ ရယ်ဖွယ်ပင်ဖြစ်သည်ဟု ဆရာတော်က မှတ်ချက်ပြုသည်။

“မှန်ကန်တဲ့အကြောင်းတရားကို ဖြည့်ကျင့်မှု ကင်းနေတဲ့၊ အင်မတန်အဓိပ္ပာယ်မဲ့တဲ့၊ အင်မတန်လိမ်လည်လှည့်ဖြားတဲ့၊ ကိုယ့်စိတ်ကိုယ်ကိုယ်ညာနေတဲ့၊ ပြုမူမှုအမှားသာဖြစ်တယ်လို့ ဒီယတြာချေမှုတွေကို ပြောရမယ်” ဟု ဆရာတော်က မိန့်လိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button