သတင်း

တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံမှ စစ်သားများကို PDF တိုက်ခိုက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့အတွင်း တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စက်ရုံရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ (ဖေဖော်ဝါရီ ၁၄) နံနက် ၁ နာရီခွဲတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံမှ သိရသည်။

မြင်းခြံ-မန္တလေးလမ်းမကြီးဘေး၊ နွားထိုးကြီးအရှေ့ဘက် နှစ်မိုင်ခန့်အကွာတွင် ရှိသည့် ထိုနေရာကို တိုက်ခိုက်ခြင်းမှာ ပိုက်လိုင်းကို ပစ်မှတ်ထားခြင်း မဟုတ်ကြောင်း နွားထိုးကြီး PDF က ပြောသည်။ 

“စစ်သားတွေပဲ လုံခြုံရေး ၁၃ ယောက် ယူထားတယ်။ အဲဒါကို ကျွန်တော်တို့က လက်နက်ကြီးနဲ့ ၂ ချက် ပစ်တာ။ သူတို့ဘက်က အထိအခိုက်ရှိနိုင်တာတော့ သေချာတယ်။ လောလောဆယ် မျက်မြင်ကတော့ (စက်ရုံရဲ့) နံရံတစ်ခြမ်း ပွင့်သွားတယ်လို့ပဲ သိရသေးတယ်” ဟု ကိုတွံတေးဟု သူ့ကိုယ်သူ မိတ်ဆက်သော တာဝန်ခံက ပြောသည်။

“တရုတ်ထိရင် သူတို့(စစ်ကောင်စီ)က မခံနိုင်လို့မလို့ သွားချတာ။ ဒါပေမဲ့ ကျွန်တော်တို့က ဓာတ်ငွေ့ပိုက်လိုင်းကြီးကို ရည်ရွယ်တာတော့ မဟုတ်ဘူး”

PDF များတွင် အသုံးပြုနေသော လက်နက်ကြီးဆိုသည်မှာ လက်လုပ်စိန်ပြောင်းများ ဖြစ်သည်။

လုံခြုံရေးအရ အမည်မဖော်လိုသူ မြင်းခြံမြို့ခံ အမျိုးသားတစ်ဦးကလည်း သန်းခေါင်ယံကျော်ချိန်တွင် ပစ်ခတ်သံကြားရသည်ဟု ပြောသည်။ ယခင်ညများတွင်လည်း ထိုနေရာတွင် ရှိသည့် စစ်ကောင်စီတပ်သားများက သေနတ်ဖောက်တတ်သည်ဟု သူက ဆိုသည်။

“အသံမှ တော်တော်ကိုကျယ်တဲ့ ၂ ချက် ကြားလိုက်တယ်။ ခါတိုင်း အဲဒီအစောင့်ကကောင်တွေက ညဘက်မူးရင် တဗြောဗြောနဲ့ ဖောက်တယ်။ ဒါပေမဲ့ ညကတော့ တစ်ဖက်က လာပစ်ပုံပဲ။ အသံကြီး ၂ ချက်ကြားတော့ ကျွန်တော် ဝုန်း….ဆို လန့်နိုးလာတာ” ဟု ထိုအမျိုးသားက ပြောသည်။ 

ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှ စတင်ကာ ရခိုင်၊ ရှမ်း၊ မကွေးနှင့် မန္တလေးတိုင်းတို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ယူနန်အထိ ဆက်သွယ်ထားသည်။

ထိုပိုက်လိုင်းမှ ဓာတ်ငွေ့ စတင်ဖြတ်သန်းခဲ့သည်မှာ စစ်ဗိုလ်ချုပ်ကြီးများဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက် ၂၀၁၃ ခုနှစ်ကတည်းက ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး ကင်းစောင့်ရသော၊ ၂ ဧကခန့် ကျယ်ဝန်းသော အဆိုပါ ပိုက်လိုင်းထိန်းချုပ်စက်ရုံအတွင်း တရုတ်နိုင်ငံသားများ မရှိသော်လည်း တစ်လလျှင် လစာ ၂၅၀,၀၀၀ကျပ်နှုန်းဖြင့် ၎င်းတို့ ခန့်ထားသည့် မြန်မာဝန်ထမ်း ၂ ဦး ရှိသည်ဟု နွားထိုးကြီးမြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။  

စစ်အာဏာသိမ်းပြီး နောက်တစ်လအကြာ ၂၀၂၁ ခုနှစ်၊ မတ်လကတည်းက ထိုစက်ရုံတွင် စစ်သားများ လာရောက် ကင်းစောင့်နေပြီး ယခုတိုက်ခိုက်ခံရမှုကြောင့် စက်ရုံအဆောက်အအုံ၏ မြောက်ဘက်နံရံ ပြိုကျသွားကြောင်း၊ စက်ရုံအနီးတွင် ယနေ့ လုံခြုံရေးတင်းကျပ်ထားကြောင်း မြို့ခံတစ်ဦးက ပြောပြသည်။

“ဒီနေ့ ကားလမ်းပေါ်ထွက်ပြီး ဒီကောင်တွေက ယူနီဖောင်းအပြည့်နဲ့ လာသမျှ ကား၊ ဆိုင်ကယ် အကုန်တားပြီး စစ်တယ်။ ခါတိုင်းဆို ကျွန်တော်တို့က အဲဒီနား ဖြတ်ဖြတ်သွားတာ။ ကျွန်တော်တို့နဲ့ အရမ်းဝေးတာ မဟုတ်ဘူး။ အဲဒါကို ဒီနေ့တော့ အနားအကပ်မခံဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါ မြို့ခံက ပြောသည်။

ထန်းဇင်ရွာနှင့် ညောင်ပင်ဇောက်ကျေးရွာမှာ ထိုစက်ရုံနှင့် အနီးဆုံးတွင် တည်ရှိသော ရွာများဖြစ်သည်။

တိုက်ခိုက်မှုတွင် ကျန်ရစ်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ဦးထုပ်နှင့် ဆိုင်ကယ်ကို ဖေဖော်ဝါရီ ၁၃ က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

ထိုစက်ရုံ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ယခု သတင်းရေးသားချိန် ညနေပိုင်းအထိ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို Myanmar Now က မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

မြန်မာအစိုးရအဆက်ဆက် တရုတ်နိုင်ငံကို ဦးစားပေးဆက်ဆံခဲ့ကြပြီး နိုင်ငံတကာထောက်ခံမှု မရှိသလောက်ဖြစ်နေသော စစ်ကောင်စီကလည်း တရုတ်နိုင်ငံ၏ ဂရုစိုက်မှု ရရှိနေသည်။

တရုတ်က စစ်ကောင်စီကို အနီးကပ် ဆက်ဆံနေသဖြင့် အာဏာသိမ်းမှုဆန့်ကျင်သူတချို့က ပိုက်လိုင်းကို ဖျက်ဆီးရန် လှုံ့ဆော်ခဲ့ဖူးသည်။ 

တရုတ်နိုင်ငံဘက်ကမူ ၎င်းတို့ ရင်းနှီးမြှုပ်နှံထားသော စီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းများကို မတိုက်ခိုက်ရန် ပြောဆိုဆွေးနွေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဧရာဝတီသတင်းဌာနသို့ ပြောဆိုထားသည်။

ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲအများအပြားဖြစ်ခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့များက ပိုက်လိုင်းဝန်းကျင်တွင် ပစ်ခတ်မှုကို ရှောင်ရှားခဲ့ကြသည်။ ဤအခြေအနေတွင် ပိုက်လိုင်းနှင့် ဆက်စပ်နေသည့် နေရာတစ်ခုကို PDF က စတင်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်နေသည့် မြို့နယ်များအနက် နွားထိုးကြီးမြို့နယ်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယမန်နေ့ (ဖေဖော်ဝါရီ ၁၃) ညနေကလည်း နွားထိုးကြီးမြို့နယ် PDF ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်ကလည်း ပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း PDF နှင့် ဒေသခံများက ပြောသည်။

နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ် နယ်စပ် ယုန်တိုးတောင်အနီး မော်တော်ဆိုင်ကယ် ၄ စီးဖြင့် ကင်းလှည့်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို နွားထိုးကြီး PDF က စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကူလိုက်လာသော နောက်ထပ် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲ နာရီဝက်ကြာ ဖြစ်ခဲ့သည်ဟု ဆိုသည်။ မိုင်းဆွဲစဉ် တစ်ဦး သေပြီး အပြန်အလှန်ပစ်ခတ်ချိန်တွင် တစ်ဦး သေသည်ဟု ဆိုသည်။

“သူတို့ဘက်က နှစ်ယောက် ကျသွားတယ်၊ သိမ်းဆည်းရမိတာကတော့ ငှက်ကြီးတောင်ဓားတစ်ချောင်း၊ ဆိုင်ကယ်လေးစီးနဲ့ ဦးထုပ်နှစ်လုံး” ဟု နွားထိုးကြီးမြို့နယ် PDF တာဝန်ခံ ကိုတွံတေးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သား ၂ ဦး သေဆုံးသည်ဆိုသည့် ပြောဆိုချက်နှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button