သတင်း

မင်းကင်းမြို့မှ ရွာ ၂ ရွာ မီးရှို့ခံရဟု ဒေသခံတို့ပြော

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မုဿာနှင့် မောက်တက်ကျေးရွာကို စစ်ကောင်စီတပ် ယနေ့ (ဖေဖော်ဝါရီ ၁၀)နံနက် ၅ နာရီဝန်းကျင်တွင် ဝင်လာပြီး မီးရှို့ဖျက်ဆီးသွားကြောင်း ထွက်ပြေး တိမ်းရှောင်နေရသည့် ဒေသခံနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အဖွဲ့ဝင်က ပြောသည်။ 

စစ်ကောင်စီတပ်နှင့်အတူ ၎င်းတို့ လက်နက်တပ်ဆင် လေ့ကျင့်ပေးထားသည့် ပျူစောထီးအဖွဲ့လည်း ပါဝင်သည်ဟု ပ.က.ဖ အဖွဲ့ဝင် အမျိုးသမီးက ပြောသည်။  

“သူတို့ အင်အား၂၀၀ လောက် တက်လာတာဆိုတော့ ကိုယ့်ဘက်က အင်အားမမျှတော့ အကုန်ဆုတ်လိုက်ရတယ်။ ဆုတ်လိုက်ရချိန်၊ ဝင်ရှို့တော့တာပဲ။ တစ်ရွာလုံး ပြာကျသွားပြီ” ဟု အသက် ၃၀ ကျော်အရွယ် ထိုအမျိုးသမီးက ပြောသည်။

မုဿာကျေးရွာနေသူ လုံခြုံရေးအရ အမည်မဖော်လိုသော ၂၄ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ၎င်းတို့ရွာနှင့် မောက်တက်ရွာသို့ ရောက်လာသည့် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်မီးရှို့ခြင်း ဖြစ်သည်ဟု ပြောသည်။ 

၎င်းမှာ ဝင်စီးခံရချိန်က မောက်တက်ရွာတွင် ကင်းစောင့်တာဝန်ယူခဲ့သူ ဖြစ်သည်။ 

ဝေလီဝေလင်း နံနက်ဦးပိုင်းတွင် တောင်ဖြူနှင့် ပန်းဆက်ရွာ အခြေစိုက် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များက လူအင်အားအများအပြားနှင့် ရုတ်တရက် ရောက်လာကာ ပစ်ခတ်သဖြင့် ရွာသားများ ထွက်ပြေးရသည်ဟု ၎င်းက ဆိုသည်။

“ဒုက္ခတော်တော်လေးကို ရောက်ကြပါတယ်ဗျာ။ တောင်ပြေးမြောက်ပြေးနဲ့။ တချို့လူတွေဆို မပြေးနိုင်တဲ့သူတွေလည်း ဟိုဆွဲခေါ်ရ၊ ဒီဆွဲခေါ်ရနဲ့ လွတ်ရာ ရှောင်ပြေးခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။ 

ကင်းစောင့်တာဝန်ယူထားချိန် ရွာသို့ ဝင်ရောက်ခြင်းဖြစ်ကြောင်း၊ ထွက်ပြေးရသောကြောင့်  မိသားစုဝင်များ ဘေးလွတ်ရာ ရောက်မရောက် မသိရှိရသေး၍ စိုးရိမ်ကြောင်း ၎င်းက ဆိုသည်။ 

အိမ်ခြေ ၂၀၀ ခန့်စီ ရှိကြသော မုဿာနှင့် ရွာချင်းကပ်ရက် မောက်တက်ကျေးရွာတို့တွင် အိမ်အရေအတွက် မည်မျှ မီးထဲပါသွားသည်ကို ယနေ့ ညနေပိုင်းအထိ အတည်မပြုနိုင်သေးပေ။

မုဿာရွာအနီးမှ လယ်တဲများလည်း မီးရှို့ခံရသည်ဟု အဆိုပါ ဒေသခံအမျိုးသားနှင့် ပ.က.ဖ အဖွဲ့ဝင် အမျိုးသမီးတို့က ဆိုသည်။ 

“ရွာတင်မကဘူး၊ လယ်တောမှာ ရှိတဲ့ တဲတွေကစလို့၊ နွားစာတိုက်တွေကစလို့ လိုက်ရှို့တယ်ဗျ။ သူတို့ တက်လာတာ လယ်တောဘက်က တက်ခဲ့တဲ့အတွက် လာရာလမ်းတစ်လျှောက် လယ်တောတဲတွေပါ ရှို့ခဲ့တာ” ဟု ထိုအမျိုးသမီးက ပြောသည်။ 

လက်ရှိတွင် လူဦးရေ ၁၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲလျက်ရှိသည်။ 

အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် ထွက်ပြေးလာရ၍ နေ့လယ်ကျော်သည်အထိ မည်သည့်အစားအသောက်မျှ မစားရသေးကြောင်း အထက်ပါ ဒေသခံ အမျိုးသားက ဆိုသည်။ 

“ဘယ်သူမှ စားနပ်ရိက္ခာ မပါပါဘူးဗျ။ အခုချိန်ထိ ဒီတိုင်းပဲ​နေရတာပါ” ဟု ၎င်းက ယနေ့ နေ့လယ် ၁ နာရီတွင် Myanmar Now ကို ပြောသည်။ 

မီးရှို့ခံရသော ရွာထဲတွင် ကျန်းမာရေးအခြေအနေကြောင့် ထွက်မပြေးနိုင်သော သက်ကြီးရွယ်အိုများ ကျန်ရစ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ရွာကို ဝင်စီးပြီးပါက နေအိမ်ကို မိုင်းထောင်ခဲ့လေ့ ရှိသဖြင့် ရွာသို့ ပြန်ဝင်ရန် ခက်ခဲနေကြောင်း ၎င်းတို့ နှစ်ဦးက ပြောသည်။ 

မင်းကင်းနှင့် ဆက်စပ်နေသော ကနီမြို့ရှိ ကင်းရွာကို ဇန်နဝါရီလကုန်ပိုင်းက ဝင်စီးသော စစ်ကောင်စီတပ်က နေအိမ်တစ်လုံးတွင် ဆွဲမိုင်းထောင်ခဲ့၍ ပ.က.ဖ တာဝန်ခံ၏ ဇနီးသေဆုံးရသော ဖြစ်စဉ်ကို ၎င်းတို့က ရည်ညွှန်းပြောဆိုသည်။ 

စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ ထိန်းချုပ်ထားရာ စနဖျင်းရွာကင်းစခန်း ယမန်နေ့က တိုက်ခိုက်ခံရပြီးနောက် ယနေ့ နံနက်တွင် အခြား ရွာနှစ်ရွာ မီးရှို့ခံရခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

ရွာနှစ်ရွာ မီးရှို့သည်ဟူသော ၎င်းတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူတို့ထံမှ တုံ့ပြန်ချက် ရရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ယမန်နေ့က မင်းကင်းမြို့ ကာကွယ်ရေးအဖွဲ့များဖြစ်သော MKPDF-B/3 တပ်ခွဲ (၁) ၊ ပျောက်ကျားတပ်စိပ် (၂) တို့က စနဖျင်းရွာ ကင်းစခန်းကို နံနက် ၁ နာရီတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသည်ဟု သတင်းထုတ်ပြန်ထားသည်။ 

ထိုတိုက်ပွဲမှ MA-2 စက်ကလေးတစ်လက်၊ ကာဘိုင်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။ 

ထိုစခန်းတိုက်ခိုက်ခံရမှုအပြီး နောက်တစ်နေ့တွင် မုဿာနှင့် မောက်တက်ကျေးရွာသို့ စစ်တပ်ရောက်လာခြင်းဖြစ်သည်။

မင်းကင်းမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က ဇန်နဝါရီလကုန်ပိုင်းက ဘင်၊ အနောက်တော(ဘင်)၊ အုန္နဲဘုတ် ရွာတို့ကို မီးရှို့ပြီး သက်ကြီးရွယ်အို၊ နို့တိုက်မိခင်နှင့် ကလေးသူငယ် အများစုပါဝင်သော အရပ်သား ၃၇ ဦးကို ဖမ်းဆီးကာ တိုက်ပွဲတွင် အကာအကွယ်ယူအသုံးချပြီး၊ ပျူစောထီးအားကောင်းရာ ဒေသအရောက်တွင် ပြန်လွှတ်ပေးခဲ့သည်။ 

မင်းကင်းသည်  ပျူစောထီးအဖွဲ့အားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး ၂၀၂၁ ဇူလိုင် ၂၈ တွင် ၎င်းတို့အကူအညီဖြင့် စစ်ကောင်စီတပ်က PDF အဖွဲ့ဝင် ၅၇ ဦးကို တစ်စုတစ်စည်းတည်း ဖမ်းဆီးနိုင်ခဲ့သည်။ 

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တပ်ပိုင် မြဝတီသတင်းစာက PDF ၄ ဦးကို ပစ်ခတ်ဖမ်းဆီးရမိပြီး ၅၃ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။

ထိုအထဲမှ အများစုမှာ မုဿာရွာမှ ဖြစ်ပြီး မောက်တက်ကျေးရွာမှလည်း ၄ ဦးခန့် ပါဝင်သည်။ ယနေ့ ထိုရွာ ၂ ရွာ မီးရှို့ခံရခြင်း ဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button