ဆောင်းပါး

ချင်းတွင်းမြစ်တွင် စစ်ကောင်စီတပ် အန္တရာယ်ကင်းစွာ ချီတက်ခြင်း

ချုံခိုတိုက်ခိုက်ခံရမှုများကြောင့် အထိနာရသော စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း လမ်းပိုင်းတစ်ခုကို စိုးရိမ်ပူပန်မှု နည်းပါးစွာ ချီတက်နိုင်သည့်အခြေအနေ ရှိခဲ့သည်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်နေသော စစ်သားများက အရပ်သားများကို ဖမ်းဆီးပြီး ၎င်းတို့၏ရေယာဉ်များတွင် ဓားစာခံအဖြစ် ခေါ်ထားခဲ့ကြခြင်းပင်။

ဓားစာခံများမှာ ဇန်နဝါရီ ၃၁ တွင် မင်းကင်းမြို့မှ ရေမိုင် ၂၈ မိုင်ခန့် ကွာဝေးပြီး အိမ်ခြေ ၂၀၀ နီးပါး ရှိသည့် ဘင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးကာ ဖမ်းသွားသူများဖြစ်သည်ဟု အဖမ်းခံရသူတစ်ဦးနှင့် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။ 

စစ်တပ် ဝင်လာချိန် ထွက်မပြေးနိုင်သဖြင့် ရွာ၌ ပုန်းအောင်းနေသော သက်ကြီးရွယ်အို ၊ မိခင်နှင့် နို့စို့အရွယ် ကလေးငယ်များအပါအဝင် ၃၇ ဦး အဖမ်းခံလိုက်ရသည်။ အဖမ်းခံရသူတို့သည် ဘင်ရွာမြစ်ဆိပ်တွင် တစ်ည၊ စစ်ကောင်စီတပ်ဖွဲ့၏ စက်လှေပေါ်တွင် နှစ်ညတာ အိပ်စက်ခဲ့ရပြီးနောက် ဘိုင်၊ အနောက်တောရွာတွင် စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်သည်။ 

(၃၇ ဦး စာရင်းကို ဆောင်းပါးအဆုံးတွင် ဖော်ပြထားပါသည်)

ဖမ်းဆီးခံရပြီးနောက် ၁၀ ရက်အကြာ (ယနေ့) ဖေဖော်ဝါရီ ၉ တွင် ၃၇ ဦးလုံးသည် ဇာတိ ဘင်ရွာသို့ ပြန်လည်ရောက်ရှိလာသည်ကို Myanmar Now က ဓာတ်ပုံနှင့်တကွ တွေ့ရသည်။ ၎င်းတို့ကို မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုံခြုံရေးယူကာ သွားရောက်ခေါ်ဆောင်ခဲ့သည်ဟု ဆိုသည်။ 

စစ်ကောင်စီရေယာဉ်တပ်ဖွဲ့က ယမန်နေ့ကမှ ဘိုင်အနောက်ကျွန်းရွာဘက်မှ ထွက်ခွာသွားခြင်း ဖြစ်၍ ယနေ့တွင် ဖမ်းဆီးခံရသူများကို သွားရောက်ခေါ်ယူရသည့်အခါ အသက်စွန့်သွားလာရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော မင်းကင်း PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

မင်းကင်းသည် စစ်ကောင်စီက လက်နက်တပ်ဆင် လေ့ကျင့်ပေးထားသော ပျူစောထီးအဖွဲ့ အားကောင်းသည့် ဒေသလည်းဖြစ်သောကြောင့် ပိုမိုသတိထားရသည်ဟု ပြောသည်။

“အခက်အခဲက ကြုံခဲ့တာပေါ့ဗျာ။ အသက်စွန့်သွားလာ လှုပ်ရှားရတာပါ့။ ဆွဲကုပ်ခံရမှာလည်း ကြောက်ရတာပေါ့” ဟု ၎င်းက ဆိုသည်။ 

စစ်ကောင်စီတပ်က ဖမ်းဆီးခံရသူများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်ဟု လွတ်မြောက်လာသူတစ်ဦးက ရွာသို့ ရောက်ချိန်တွင် Myanmar Now ကို ဖုန်းဖြင့် ဖြေသည်​။

လုံခြုံရေးအရ အမည်မဖော်လိုသော ဘင်ကျေးရွာနေ အသက် ၄၀ အရွယ် မသန်း (အမည်လွှဲ)က ၎င်း၏ အသက် ၈၀ ကျော် မိခင်အပါအဝင် မိသားစုဝင် အမျိုးသမီး ၅ ဦးလုံး ဖမ်းဆီးခံရပြီး လူသားဒိုင်းအဖြစ် အသုံးချခံရကြောင်း ပြန်လည်ပြောပြသည်။ 

စစ်ကောင်စီတပ်က ရွာကို မီးလောင်တိုက်သွင်းနေစဉ် အသက် ၈၀ အရွယ် မိခင်မှာ နာမကျန်းခြင်း၊ အစ်မဖြစ်သူ နှစ်ဦးမှာ နှလုံးရောဂါသည်နှင့် သွက်ချာပါဒရောဂါသည်တို့ ဖြစ်၍ ၎င်းတို့က ထွက်ပြေးရန် မကြိုးစားကြဟု ပြောသည်။ 

“အစ်မကလည်း တက်နေတာ။ တစ်ဝမ်းကွဲအစ်မကလည်း သွက်ချာပါဒ။ အမေနဲ့ရောဆိုတော့ ပစ်ပြီးတော့ မပြေးရက်ဘူး။ မပြေးရဲဘူး။ (စာသင်) ကျောင်းနားလေးက အိမ်မှာ မီးတွေကလည်း လောင်နေပြီဆိုတော့ အလွတ်ရုန်းပြီး မပြေးရဲဘူး” ဟု ၎င်းက ဇန်နဝါရီ ၃၁ ရက် ဖြစ်စဉ်ကို ပြန်လည်ပြောပြသည်။ 

“သူတို့က မပြေးနဲ့ မပြေးနဲ့ ပြေးလို့ရှိရင် ပစ်မှာနော်ဆိုတော့ ကျွန်မတို့က တအား လက်တွေကို မြှောက်ထားပြီးတော့မှ မပြေးပါဘူး၊ မပြေးပါဘူး။ ဘေးမှာလည်း လူမမာနဲ့ ပက်လက်ကြီးနဲ့ သူတို့ကလည်း ပစ်မှာနော်လို့ အတင်းအော်ပြော။ အဲဒါကြောင့် အမိသာ ခံလိုက်တာ” 

စစ်သားများက သက်ကြီးရွယ်အို၊ မိခင်နှင့် နို့စို့ကလေးများ အများစုပါဝင်သော ၃၇ ဦးကို ချုံတောများရှိသော ပဲခင်းများကို ဖြတ်စေ၍ ဘင်ရွာမှ တစ်မိုင်ကျော်ခန့် ဝေးသော မြစ်ဆိပ်ကမ်းအထိ ခေါ်သွားသည် ၎င်းက ဆိုသည်။ 

“ကျွန်မတို့ကို ရှေ့ကနေ သွားခိုင်းတယ်။ အဲဒီမယ် နင်တို့ ရွာကဟာတွေ မိုင်းထောင်ထားတာ မြင်လား။ သေချင်လို့လား၊ ပြုချင်လို့လား ဆိုတော့ ကျွန်မကတော့ တကယ်လည်း မသိလို့၊ မဟုတ်ပါဘူး၊ အဲဒါ မြေပဲခင်းကို ကျွဲယက်ထားတာပါလို့ ပြောတာ။ သူတို့က လက်မခံဘူး” ဟု မသန်းက ပြန်လည်ပြောပြသည်။ 

စစ်သားတို့က ထိုရွာသားတို့ကို လူသားဒိုင်းအဖြစ် အသုံးပြုသည်ဟူသော အချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက် ရရှိရန် စစ်ကောင်စီက ထုတ်ပြန်ထားသည့် ပြန်ကြားရေးအရာရှိတို့၏ဖုန်းနံပါတ်များကို ယနေ့ ညနေပိုင်းက ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းပိတ်ထားကြသည်။ 

ဘင်ရွာအနီး မြစ်ဆိပ်ကမ်းတစ်လျှောက်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းထောင် တိုက်ခိုက်လေ့ရှိသည်။ 

ဒေသခံတို့ ဖမ်းဆီးခံရသည့် ဇန်နဝါရီ ၃၁ တွင်ပင် စစ်ကောင်စီတပ်ဖွဲ့မှ ကြယ်သုံးပွင့်အဆင့်ရှိသူ ဗိုလ်တစ်ဦး မြေမြှုပ်မိုင်းမိ၍ သေဆုံးသည်ဟု သိရသည်။ ဘင်ရွာသို့ မရောက်မီ ဘင်ကျွန်းဟု ခေါ်သော တံငါသည်များ နားခိုရာ တဲစုများအနီး မိုင်းပေါက်ကွဲရာ နေရာအနီး မြေတိမ်တိမ်၌ ဖြစ်သလို မြှုပ်ထားသည်ကို ဖေဖော်ဝါရီ ၆ တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တူးဖော်တွေ့ရှိခဲ့ပြီး ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီက မြစ်ဆိပ်သို့ ရှေ့မှ လမ်းလျှောက်ခိုင်းသည့်အချိန်တွင် “စိတ်ထဲမှာ ဘယ်လိုဖြစ်နေမှန်းကို ပြောလို့ မရတော့ဘူး။ မျက်စိရှေ့မှာတင် မီးကလည်း တစ်ရွာလုံး လောင်ခဲ့တာ။ ကျွန်မတို့ ရင်ထဲ ဘယ်လိုနေမယ်ဆိုတာ ကိုယ်ချင်းသာ စာကြည့်တော့” ဟု မသန်းက ပြောသည်။ 

Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနေစဉ် မသန်း၏ဘေးတွင် ၎င်း၏ မိခင် အသက် ၈၀ ကျော်အရွယ် အမေအို ရှိနေသည်။ သို့သော် လူသားဒိုင်းအသုံးပြုခြင်း ခံရသည့် ခရီးလမ်း ပင်ပန်းလွန်းခြင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်နေခြင်းတို့ကြောင့် စကားပြောနိုင်စွမ်း မရှိသဖြင့် မေးမြန်း၍ မရပေ။ 

ဖိနပ်ပင် မပါသည့် သက်ကြီးရွယ်အိုများကို သန်မာသူများက တွဲကူပေးသဖြင့် ဆူးချုံများရှိရာ လမ်းများကို တရွတ်တိုက်ဆွဲ၍ ဖြတ်သန်းခဲ့ရကြောင်း မသန်းက ဆိုသည်။ အသက် ၉၀ အရွယ်ရှိ သက်ကြီးရွယ်အိုများပင် ပါဝင်သည်ဟု ပြောသည်။

သေနတ်ကိုင်ထားသော စစ်ကောင်စီတပ်သားများက အရပ်သားများနောက် ခပ်လှမ်းလှမ်းမှနေ၍ နောက်လှည့်ကြည့်လျှင် ပစ်သတ်မည်ဟု ခြိမ်းခြောက်ကြသည်ဟု မသန်းက ဆက်လက်ပြောသည်။ 

“နောက်ပြန်ကြည့်ရင် သတ်မှာ၊ ပစ်လိုက်ရမလားဆိုတော့ ကျွန်မတို့ကလည်း နောက်မကြည့်ရဲဘူး။ ပဲခင်းတွေထဲကနေ ဖြတ်သွားခိုင်းတာ ဆူးတွေရှိတဲ့ နေရာလည်း ရှိတယ်” ဟု မသန်းက ပြောသည်။

“အဘွားကြီးတွေက တရွတ်ဆွဲနေတာဆိုတော့ ခလုတ်တွေ တိုက်လိုတိုက်။ ဖြည်းဖြည်းသွားတော့ … တစ်ယောက်က မြန်မြန်သွား ဘာလုပ်နေတာလဲ။ နှလုံးရောဂါရှိလို့ပါလို့ ပြောတာလည်း နှလုံးရောဂါ သေမသွားဘူး၊ သွား၊ ပြုနဲ့ ခိုင်းတာပါ​”

မြစ်ဆိပ်ရောက်သည့်အခါ တံငါလုပ်ငန်းလုပ်ကိုင်သည့် နေရာရှိ တဲတွင် တစ်ညတာ အိပ်ရသည်။ သက်ကြီးရွယ်အိုများအနေဖြင့် ဆောင်းရာသီ၊ ချမ်းအေးသည့်အချိန် မြစ်ဆိပ်တွင် စောင်မပါဘဲ အိပ်ရသည်မှာ ပင်ပန်းခက်ခဲခဲ့သည်ဟု ၎င်းက ဆိုသည်။ 

“နေဝင်လို့ မှောင်ပြီဆိုတာနဲ့ ချမ်းတာလည်း ပြောမနေနဲ့။ ထွက်ပြေးချင်သလားတဲ့။ ထွက်ပြေးချင်လည်း သဘောတဲ့၊ ပြေးတဲ့။ ထွက်မပြေးရဲပါဘူး၊ သူတို့လည်း ဝိုင်းနေတာ” ဟု ၎င်းက ပြောသည်။

“ကျွန်မတို့ရွာ ဆိပ်ကမ်းက ငါးလုပ်တဲ့ တဲလေးတွေပေါ် တစ်ညလုံး ဒီတိုင်းပဲ နေရတာ။ လေတွေက တိုက်၊ စောင်ကလည်း မပါ။ ဖိနပ်တောင် မပါဘူးဆိုတော့ ဘာပါမှာလဲ။ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ” 

ထို့နောက် ဖေဖော်ဝါရီ ၁ တွင် စစ်ကောင်စီတပ်ဖွဲ့က သက်ကြီးရွယ်အို၊ မိခင်နှင့် နို့စို့ကလေး အများစုပါဝင်သည့် လူ ၃၇ ဦးကို ကုန်တင်ယာဉ် ၅ စီး၊ အမြန်ယာဉ် ၂ စီးတို့ပေါ် ခွဲ၍ တင်ဆောင်ကာ ခရီးဆက်ကြသည်။ 

ထိုအချိန်တွင် ချင်းတွင်းမြစ်ရိုးတစ်လျှောက် မင်းကင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ တိုက်ခိုက်မည်ကို ကြောက်ရွံ့ခဲ့ရသည်ဟု မသန်းက ပြောသည်။ 

“ကျွန်မတို့ ပါသွားတာမှန်း သိကြရဲ့လား။ ကျွန်မတို့ ရှိနေတာ၊ (ပစ်ကြရင်) ကျွန်မတို့ကို မှန်မလား။ ကျွန်မတို့ ပါသွားလို့ လျှော့လျှော့ပေါ့ပေါ့ လုပ်ကြကောင်းပါရဲ့လို့ အဲဒီလိုလည်း တွေးခဲ့ပါတယ်” ဟု သူက ဆိုသည်။ 

မင်းကင်းမြို့အဝင် ဘင်ရွာမှ ပျူစောထီးတို့ အခြေစိုက်သည့် တောင်ဖြူ၊ ပန်းဆက်ရွာအထိ ခရီးလမ်းတစ်လျှောက်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများက မှန်ပြောင်းတပ် သေနတ်၊ စိန်ပြောင်း၊ လက်လုပ်သေနတ်များဖြင့် အဆိုပါ ရေယာဉ်တပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ကြသည်။ ဖေဖော်ဝါရီ ၂ တွင် မြစ်ကြောင်းတစ်လျှောက်တိုက်ခိုက်မှုရုပ်သံဖိုင်ကို မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က Facebook တွင် ထုတ်ပြန်ထားသည်။ 

အဆိုပါသတင်းထုတ်ပြန်မှုအကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုဝင်းက စက်လှေပေါ်တွင် ဖမ်းဆီးခံရသော ရွာသားများ ပါဝင်သည်ကို အဝေးကြည့်မှန်ဘီလူးမှတစ်ဆင့် တွေ့ရှိသည့်အခါ တိုက်ခိုက်ရေးအစီအစဉ် အပြောင်းအလဲဖြစ်သွားသည်ဟု ဖြေဆိုခဲ့သည်။ 

၁၅ မိနစ်ခန့်သာ တိုက်ခိုက်ခဲ့ပြီးနောက်တွင် ချုံခိုတိုက်ခိုက်မည့် ကျန်အစီအစဉ်ကို ဖျက်လိုက်ရသည်ဟု ကိုဝင်းက ဆိုသည်။ 

ချင်းတွင်းမြစ်အတိုင်း ခရီးဆက်နေစဉ် မသန်းနှင့် ၎င်း၏ ၄၀ အရွယ် အစ်မဖြစ်သူတို့မှာ စစ်ကောင်စီတပ်ဖွဲ့၏ ရေယာဉ်များအနက် တစ်စီးတွင် အသက် ၈၄ ၊ ၈၂၊ ၇၈ ၊ ၆၀ အရွယ် အဘိုးအဘွားများနှင့်အတူ ရှိနေပြီး ၎င်း၏ အခြားမိသားစုဝင်များမှာ အခြားသော ရေယာဉ်တွင် ရှိခဲ့သည်ဟု ပြောသည်။ 

မသန်းနှင့် ဖမ်းဆီးခံရသူများသည် ရေယာဉ်ပေါ်ရှိ နေရာကျဉ်းကျဉ်းတွင် အအေးဒဏ်ကို နှစ်ညတာ ရင်ဆိုင်ခဲ့ရပြီးနောက် ပျူစောထီးတို့ အားကောင်းရာ ပန်းဆက်ရွာအနီးရှိ အနောက်တောရွာသို့ ရောက်သွားသည်။ ၎င်းတို့ကို ထမင်းပုံမှန်ကျွေးသည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများနှင့် ဆွေမျိုးတော်စပ်သည့် အနောက်တောရွာဒေသခံတို့က သက်ကြီးရွယ်အိုအများစုပါဝင်နေသဖြင့် ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု မသန်းက ပြောသည်။ ဤသို့ဖြင့် အနောက်တောတွင် သူတို့ ၇ ရက်ကြာ နေထိုင်ခဲ့ရသည်။

အသက်ဘေးမှ ပြန်လည်လွတ်မြောက်လာသော မသန်းတို့ မိသားစုတွင် နေစရာ အိမ်မရှိတော့ပေ။ ၎င်း၏ မျက်စိရှေ့တွင်ပင် တစ်ရွာလုံးနီးပါး မီးလောင်ပြာကျခဲ့ပြီး ဖြစ်သည်။ 

အမျိုးသမီးများသာ ရှိသော၊ ဆန်၊ ပဲ စသဖြင့် ကုန်အရောင်းအဝယ်လုပ်ကိုင်သော မသန်းတို့မိသားစုသည် မီးထဲတွင် ရှိရှိသမျှ စည်းစိမ်ဥစ္စာ အကုန်လောင်ကျွမ်းသည်ဟု ပြောသည်။ 

“ဘာတစ်ခုဆို ဘာတစ်ခုမျှ မကျန်ဘူး။ ဆိုင်ကယ်တွေရော ဘာဆို ဘာမှ မကျန်တော့ဘူး။ အိမ်ဆိုတာ မပြောတော့ဘူး။ ရွေ့လို့ရတဲ့ပစ္စည်း ကိုယ့်နောက်ပါတဲ့ပစ္စည်းတောင် ဘာတစ်ခုမှ မယူခဲ့မိဘူး။ မီးရှို့တာ သူတို့ ရှို့တာ မဟုတ်ဘူးလို့ ပြောတယ်။ သူတို့မှန်း သိနေရဲ့သားနဲ့ သူတို့ ရှို့တာ မဟုတ်ဘူးလို့ (ဖမ်းဆီးခံထားရစဉ်က)ပြောတာ။ ကျွန်မ ပြောပစ်လိုက်ချင်တာ။ ကြောက်လို့သာ နေရတာ ” 

စစ်ကောင်စီတပ်ဖွဲ့ထံမှ လွတ်မြောက်ပြီး ဇာတိရွာသို့ ယနေ့ (ဖေဖော်ဝါရီ ၉) တွင် ပြန်လည်ရောက်ရှိသူ ၃၇ ဦးအနက် မသန်းကိုသာ Myanmar Now က မေးမြန်းနိုင်သေးသည်။ အများစုမှာ အဘိုးအဘွားများနှင့် နို့စို့အရွယ်များဖြစ်ခြင်း၊ ခရီးပန်းခြင်း၊ လွတ်မြောက်ခါစဖြစ်၍ အခြေတကျ မနေနိုင်သေးခြင်း၊ လုံခြုံရေးစိုးရိမ်ရခြင်းများကြောင့် လတ်တလော မေးမြန်းနိုင်ခြင်း မရှိသေးပေ။ 

သက်ကြီးရွယ်အိုနှင့် နို့စို့ကလေးများပါမချန် ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် အသုံးချခြင်းမှာ စစ်ကောင်စီတပ်၏ PDF အပေါ် အကြောက်တရားကို ဖော်ပြနေကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံ ကိုဝင်းက ပြောသည်။ 

“စစ်ပွဲတစ်ပွဲမှာ ဒါ လုပ်သင့်တဲ့ လုပ်ရပ်လည်း မဟုတ်ဘူး။ သန်သန်မာမာနဲ့ လူတွေကို ဖမ်းခေါ်တာ မပြောလိုဘူး။ အခုက အိပ်ရာထဲမှာ ဗုန်းဗုန်းလဲနေတဲ့သူတွေလည်း ပါတယ်။ ကျန်းမာရေးကြောင့် မပြေးနိုင် မသွားနိုင်တဲ့သူတွေ၊ ဒီလူတွေကို သက်သက်ဖမ်းခေါ်သွားတယ်။ ဒါ ကျန်တဲ့ ရပ်ရွာတွေကို ကြောက်အောင်လုပ်တာ” ဟု ကိုဝင်းက ပြောသည်။ 

ဖမ်းဆီးခံရသူတို့မှာ သက်ကြီးရွယ်အိုနှင့် နို့စို့ကလေး အများစုဖြစ်၍ နိုင်ငံတကာဖိအားပေးမည်ကို ကြောက်ရွံ့ခြင်းကြောင့် ပြန်လွှတ်ပေးသည်ဟု ကိုဝင်းက ယူဆသည်။ 

ထို့ပြင် ပျူစောထီး ထိန်းချုပ်ထားနိုင်သော တောင်ဖြူ၊ ပန်းဆက်ရွာများသို့ မရောက်မီ PDF က ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်သည့် နေရာများ၌ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန် စစ်တပ်က အရပ်သားများကို အသုံးချခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။​

“သူတို့အန္တရာယ်လည်း ကင်းရော ပြန်လွှတ်ပေးတာပဲလေ” ဟု ၎င်းက ဆိုသည်။ 

မသန်းကတော့ အသက်မဆုံးခြင်းကိုပင် အကောင်းမြင်စိတ်ထားသည်။ 

“ကျွန်မတို့ ဆင်းရဲခဲ့တာတွေ ဝဋ်ကြွေးရှိလို့ပဲ။ အခုကတော့ လုံခြုံတယ်လို့ ခံစားရပါတယ်” ဟု မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ ရှိနေသော မသန်းက ဆိုသည်။​

စစ်ကောင်စီက ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သူများ 

ဦးထွန်းချို ( အသက် ၇၁ နှစ်)၊ ဒေါ်ဓါတ်စိန် (၈၅)၊ ဒေါ်သန်းနွယ် (၇၈)၊

ဒေါ်တင်ရှိန် (၇၂)၊ ဒေါ်ခင်စိန် (၈၀)၊ ဦးငြိမ်းမောင် (၆၅)၊

ဒေါ်ဖြူ (၈၀)၊ ဒေါ်လှကြည် (၈၂)၊ ဒေါ်စောရီငယ် (၇၀)၊

ဒေါ်လေး (၈၀)၊ ဒေါ်ခင်ရှိန် (၈၀)၊

မသီတာဗို (၃၃)၊ မသီ (၄၁)၊ မဆွေ (၅၁)၊

မနီ (၃၈)၊ မဒွေးစန္ဒီလင်း (၂၉)၊ ဦးအောင်စိုးလွင် (၃၈)၊

ခေါ်ခင်မာစန်း (၄၀)၊ ဒေါ်ခင်မာဌေး (၄၉)၊ ဒေါမြင့်မြင့်ရီ (၃၉)၊

ဒေါ်အေးယုလွင် (၂၈) နှင့် ၎င်း၏ ၂ နှစ်သမီး မိကျန်၊ ၇ နှစ်အရွယ် ရုပ်ဆိုး၊

ဒေါ်လဲ့လဲ့ခိုင် (၃၈) နှင့် ၎င်း၏ နို့စို့ကလေး၊

ဒေါ်မေသူ (၃၀) နှင့် ၎င်း၏ ၂ နှစ်အရွယ်သမီး၊

ဒေါ်ရှမ်းမ (၃၃) နှင့် ၎င်း၏ နို့စို့သမီးနှင့် ၂ နှစ်အရွယ်သား၊

ဦးမျိုးဝင်း (၃၈)၊ ဦးကျော်ငြိမ်း (၅၅)၊ ဦးမြသိန်း (၅၈)၊

ဒေါ်ဇာခြည် (၄၀) နှင့် ၎င်း၏ (၇) နှင့် (၉) သမီးနှစ်ဦး

Show More

Related Articles

Back to top button