အတွေးအမြင်

နိုလင်ဟေဇာကို သရုပ်ခွဲဆန်းစစ်လေ့လာခြင်း  

တိတ်ဆိတ်သော သံတမန်ရေးနည်းလမ်း (Silent Diplomacy) ကို ကျင့်သုံးမည်ဟု သတင်းကြီးခဲ့သော၊ စင်ကာပူအခြေစိုက် Channel News Asia ကို အာဏာသိမ်းမှု နှစ်ပတ်လည်နေ့မတိုင်မီ တစ်ရက်အလိုတွင် ပထမဆုံးအကြိမ် အင်တာဗျူးပေးသော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်ဟေဇာ (Noeleen Heyzer) သည် ပွဲဦးထွက်မှာပင် မြန်မာပြည်သူများ၏ အမျက်ဒေါသနှင့် ရင်ဆိုင်ခဲ့ရသည်။

နိုလင်ဟေဇာ မည်သို့သော လူမျိုးဖြစ်သနည်း။ မြန်မာနိုင်ငံနှင့် ဆက်စပ်ခဲ့ဖူးသော သူ၏ နောက်ခံသမိုင်းက အဘယ်နည်း။ CNA အင်တာဗျူးတွင် မည်သည့်အမှားကို ကျူးလွန်ခဲ့၍ မြန်မာပြည်သူများ ဒေါသထွက်ရသနည်း။ 

နိုလင်ဟေဇာသည် စင်ကာပူနိုင်ငံသား ဖြစ်ပါသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရာထူးကို လက်မခံခင်အချိန်အထိ ကုလသမဂ္ဂတွင် အဆင့်မြင့်ရာထူးများ ထမ်းဆောင်ခဲ့ပြီးနောက် အနားယူပြီး စင်ကာပူနိုင်ငံက တက္ကသိုလ်တစ်ခုတွင် ပါမောက္ခအဖြစ် ဆောင်ရွက်နေခဲ့သူ ဖြစ်သည်။ 

နိုလင်ဟေဇာသည် မြန်မာနိုင်ငံနှင့် စိမ်းသူမဟုတ်ပါ။ ၂ဝဝ၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ကုလသမဂ္ဂနှင့် အာဆီယံက မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရန် ထိုစဉ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရနှင့် သုံးပွင့်ဆိုင်ပူးပေါင်းဖွဲ့စည်းဖော်ဆောင်ရေးလုပ်ငန်းများတွင် ဘန်ကောက်အခြေစိုက် United Nations Economic and Social Commission for Asia and the Pacific (UN-ESCAP) ၏ အကြီးအကဲအဖြစ် နိုလင်ဟေဇာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ဖူးသည်။ 

ထိုစဉ်ကတည်းက သူသည် စစ်အစိုးရ၏ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် (နောင်တွင် သမ္မတ ဦးသိန်းစိန်) အပါအဝင် စစ်ဗိုလ်ချုပ်ကြီးများနှင့် ရင်းနှီးသောဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သူတစ်ဦးအဖြစ် ကုလသမဂ္ဂအသိုင်းအဝိုင်းတွင် လူသိများသူ ဖြစ်ခဲ့သည်။ ယခုအချိန်ထိ အဆိုပါ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်သူဟု ယူဆရပြီး၊ ထိုအချက်ကပင် သူ့ကို အထူးကိုယ်စားလှယ်ရာထူး ပေးရခြင်း ဖြစ်နိုင်ပါသည်။

ထို့ပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေးဖြစ်သော၊ သမ္မတဦးသိန်းစိန်အစိုးရတွင် သမ္မတအကြံပေးလုပ်ခဲ့ဖူးသော သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးနှင့်လည်း ပုဂ္ဂိုလ်ရေးအရ အလွန်ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးရှိထားသူအဖြစ်လည်း ဒေါက်တာသန့်မြင့်ဦးနှင့် နီးစပ်သော အသိုင်းအဝိုင်းထံမှ သိရှိရပြီး လက်ရှိ မြန်မာ့အရေးအထူးကိုယ်စားလှယ်ရာထူး ရယူပြီးချိန်တွင် သမိုင်းပညာရှင်၏ အကြံဉာဏ်များကို ရယူလျက်ရှိသည်ဟုလည်း သတင်းများဖြစ်ပေါ်နေပါသည်။     

ထို့ကြောင့် အင်တာဗျူးထဲက သူ၏ပြောဆိုချက် မူရင်းအချက်အလက်များကို ထုတ်နုတ်ကိုးကားပြီး အထူးသံတမန်၏ တိတ်ဆိတ်သော သံတမန်ဆက်ဆံရေးနည်းနာဖြင့် အဖြေရှာမှု နောက်ကွယ်က အကြံအစည်များ၊ မြန်မာ့အရေး ဖြေရှင်းရန် မျှော်လင့်ထားသော လားရာတို့ကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်လေ့လာရန် အလွန်အရေးကြီးပါသည်။ 

အင်တာဗျူးအတွင်း ပြောကြားခဲ့သော အချက်အလက်များကို ဆန်းစစ်ခြင်း   

CNA မှ ထုတ်လွှင့်ပြသခဲ့သော နိုလင်ဟေဇာအင်တာဗျူးသည် ၅ မိနစ်နှင့် ၁ဝ စက္ကန့် ကြာမြင့်သည်။ အင်တာဗျူးအစ သတင်းတင်ဆက်သူ၏ အဖွင့်ပြောဆိုချက်မှာပင် “မြန်မာနိုင်ငံက အကျပ်အတည်းကို ဖြေရှင်းမဲ့ ဆွေးနွေးပြောဆိုမှု အားလုံးတိုင်းမှာ စစ်တပ် ပါကိုပါရမယ်” ဟု နိုလင်ဟေဇာ ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။ ထို့နောက် “စစ်တပ်ဦးဆောင်တဲ့ ဆွေးနွေးပွဲတော့ မဖြစ်နိုင်ပါဘူး၊ စစ်တပ်ဟာ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး၊ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ဆွေးနွေးပွဲစားပွဲဝိုင်းမှာ ရှိနေရမှာပါ” ဟု နိုလင်ဟေဇာက ဆက်ပြောသည်။  

ရုတ်တရက်ကြည့်လျှင် အဆိုပါ ပြောဆိုချက်က နိုလင်ဟေဇာသည် မြန်မာ့အရေး နားမလည်သူဟု ယူဆသွားနိုင်ပါသည်။ သို့သော် မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့်လည်းကောင်း၊ စစ်ဗိုလ်ချုပ်ကြီးများကို နှစ်ပေါင်းများစွာ အနီးကပ် အကြံပေးလျက်ရှိသော သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးနှင့်လည်းကောင်း ရင်းနှီးသောဆက်ဆံရေးရှိမှုကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ဝါရင့်ကုလသမဂ္ဂသံတမန် နိုလင်ဟေဇာသည် ထိုစကားကို အမှတ်တမဲ့ပြောဆိုခဲ့ခြင်း မဟုတ်ပါ။ 

မြန်မာ့အရေး ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရာတွင် NUG, NUCC, တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် စစ်တပ်နှင့်ပါ တွေ့ဆုံဆွေးနွေးနေကြောင်း ပြောဆိုခဲ့သဖြင့် နိုလင်ဟေဇာနှင့် စစ်ဗိုလ်ချုပ်ကြီးများအကြား တိတ်တဆိတ်ဆွေးနွေးမှုတွေ ရှိထားပြီဟု နားလည်နိုင်ပါသည်။ 

နိုလင်ဟေဇာ၏ ဖြေကြားမှုများအပေါ် အခြေခံပြီး CNA ၏ အင်တာဗျူးမေးမြန်းသူ May Wong က “စစ်တပ်ကို နိုင်ငံရေးမှာ လုံးဝမပတ်သက်စေချင်တဲ့ မြန်မာပြည်သူတွေကို အာဏာခွဲဝေရေး (Power Sharing) လုပ်ဖို့ အကြံပြုနေတာလား” ဟု မေးမြန်းရာ “အထူးသဖြင့် လက်ရှိအချိန်မှာ စစ်တပ်က ထိန်းချုပ်ထားတာပါ…ရေရှည်မှာ အာဏာခွဲဝေရေး ဘယ်လိုပုံသဏ္ဌာန်ဖြစ်သင့်သလဲဆိုတာ ညှိနှိုင်းဖို့ လိုအပ်ပါတယ်” ဟု ဖြေဆိုခဲ့ပါသည်။

နိုလင်ဟေဇာ၏ ပြောဆိုချက်များက “လုံးဝအုပ်ချုပ်ခွင့် မရစေရ” ဆိုသည့် ကြွေးကြော်သံဖြင့် နွေဦးတော်လှန်ရေးကို နေ့စဉ်ရက်ဆက် တစ်နှစ်ပတ်လုံး နည်းလမ်းအမျိုးမျိုးဖြင့် ဆင်နွှဲနေသော မြန်မာပြည်အနှံ့က ပြည်သူတစ်ရပ်လုံးနှင့် တော်လှန်ရေးအင်အားစုများ၏ နှလုံးသားကို ဓားထက်ထက်ဖြင့် ဆွလိုက်သကဲ့သို့ ဖြစ်သည်။  

ကုလအထူးသံ ကျူးလွန်ခဲ့သော အမှားနှင့် အမှားပြင်ဆင်ချက်များ  

အထက်ပါ ပြောဆိုချက်များသည် နိုလင်ဟေဇာ၏ အင်တာဗျူးအထောက်အထား အချက်အလက်အစစ်အမှန်များ ဖြစ်သည်။ ခြုံငုံသုံးသပ်ရလျှင် (၁) မြန်မာစစ်တပ်က တိုင်းပြည်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်၍၊ (၂) စစ်ခေါင်းဆောင်တို့နှင့် မဖြစ်မနေ တွေ့ဆုံဆွေးနွေးရန် လိုအပ်ပြီး၊ (၃) စစ်တပ်နှင့် “အာဏာခွဲဝေရေး” ကို ဆွေးနွေးအဖြေရှာရန် အဆိုပြုထားသည်။ 

ဤနေရာတွင် နိုလင်ဟေဇာသည် ကုလသမဂ္ဂ၏ မြန်မာ့အရေး တရားဝင်ရပ်တည်ချက်ကို အတိအလင်းချိုးဖောက်ပြီး အလွန်ကြီးမားသော အမှားကို ကျူးလွန်လိုက်သည်။

ယနေ့အချိန်ထိ ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၏ နိုင်ငံ့အကြီးအကဲကို သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်ဟု တရားဝင်အသိအမှတ်ပြုထားဆဲဖြစ်သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံး လက်အောက်ရှိ Protocol and Liaison Service ဌာနသည် အဖွဲ့ဝင်နိုင်ငံတိုင်း၏ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် နိုင်ငံခြားရေးဝန်ကြီးများစာရင်းကို အပြောင်းအလဲရှိတိုင်း ချက်ချင်း တရားဝင်ပြင်ဆင် အတည်ပြု ထုတ်ပြန်ပေးရသည်။ အဆိုပါဌာန၏ ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ နောက်ဆုံးအတည်ပြုထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ နိုင်ငံအကြီးအကဲမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟု တရားဝင်အသိအမှတ်ပြု ဖော်ပြထားသည်။ 

ကုလသမဂ္ဂက သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အစိုးရကိုသာ တရားဝင်အစိုးရအဖြစ် သတ်မှတ်ထားချိန် နိုလင်ဟေဇာက “အာဏာခွဲဝေရေး” ကိစ္စကို အင်တာဗျူးတွင် “လားရာအဖြေ” အဖြစ် အင်တာဗျူးသူ၏ အမေးကို ဖြေဆိုခဲ့ခြင်းက ကုလသမဂ္ဂ၏ တရားဝင်ရပ်တည်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းပင်။

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ်ရုံး၏ ကြေညာချက်တစ်စောင် ထွက်ရှိလာပြီး နိုလင်ဟေဇာအနေဖြင့် အာဏာခွဲဝေရေးကို နည်းလမ်းတစ်ခုအဖြစ် အဆိုပြုခဲ့ခြင်း မရှိပါဟု ငြင်းဆိုခဲ့သည်။ သို့သော် အင်တာဗျူးတွင် ပြောခဲ့သော သူ၏ပြောဆိုချက်က ဖျောက်ဖျက်၍မရသော သက်သေအထောက်အထားဖြစ်ပါသည်။

တစ်ဖန် ဖေဖော်ဝါရီလ ၅ ရက်နေ့ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ၏ မေးခွန်းများကို ပြန်လည်ဖြေကြားရာတွင် တစ်ဆင့်လျှော့ပြီး CNA သတင်းထောက်၏ အာဏာခွဲဝေရေးမေးမြန်းချက်ကို ပြန်လည်ဖြေဆိုခဲ့မိသည့်အပေါ် သူ့အနေနှင့် နောင်တရမိကြောင်းနှင့် တောင်းပန်ကြောင်း ပြောဆိုလာပါသည်။  

“အာဏာ” နှင့် ပတ်သက်သော နိုလင်ဟေဇာ၏ သမားရိုးကျချဉ်းကပ်နည်းက မည်သည့်နည်းလမ်းဖြင့် အာဏာရယူထားသည်ဖြစ်စေ “အာဏာကို ထိန်းချုပ်ထားနိုင်သူ” ကို တရားဝင်အသိအမှတ်ပြုမှု အဆင့်အတန်းတစ်ခု ပေးရမည်ဆိုသည့်သဘော သက်ရောက်နေသည်။ စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်ပြီး အာဏာသိမ်းထားခြင်းကို သူက လုံးဝ လျစ်လျူရှုထားသည်။ ယင်းအချက်က ဥပဒေကို လေးစားလိုက်နာခြင်းထက် လက်နက်အင်အားကသာ အဆုံးအဖြတ်ဖြစ်သည်၊ အာဏာသိမ်းခြင်းကို အားပေးအားမြှောက်ပြု အသိအမှတ်ပြုသည်ဟု ဆိုလိုသည့်သဘော ဖြစ်နေပါသည်။ 

ယင်းသည် မြန်မာစစ်တပ်က တရားဥပဒေမဲ့ အာဏာသိမ်းခြင်းအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က “ယနေ့ကမ္ဘာကြီးတွင် အာဏာသိမ်းမှုများအတွက် နေရာမရှိ” ဟု ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေး အဖွင့်မိန့်ခွန်း၌ ပြောကြားခဲ့သော ရပ်တည်ချက်နှင့် ဆန့်ကျင်ကွဲလွဲနေသည်။  

နိုလင်ဟေဇာသည် ထိုအမှားကို အမှုမဲ့ ကျူးလွန်ခဲ့ခြင်းမဟုတ်ပါ။ အထက်က ဆွေးနွေးထောက်ပြထားသကဲ့သို့ သူသည် စစ်ဗိုလ်ချုပ်ကြီးများနှင့် တိတ်တဆိတ် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး စစ်ဗိုလ်ချုပ်ကြီးများအကျိုး လိုလားသူ ဒေါက်တာသန့်မြင့်ဦးကဲ့သို့ ပုဂ္ဂိုလ်မျိုးထံမှ အကြံဉာဏ်များ ရယူမည်ဆိုလျှင် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်သည် နိုင်ငံရေး၏ ဗဟိုချက်တွင် ရှိသည်၊ စစ်တပ်နှင့် ဆွေးနွေးညှိနှိုင်းမှသာ မြန်မာ့အရေး ဖြေရှင်းနိုင်မည်ဆိုသည့် စဉ်းစားချက်အခြေခံကို ခြေကုပ်ယူမိခြင်းကြောင့်ပင်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးများကို မဏ္ဍိုင်ပြုစဉ်းစားသော နိုလင်ဟေဇာသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့နှင့် တွေ့ဆုံမှုများရှိသည်ဟု ရည်ညွှန်းပြောဆိုခြင်းကလွဲလျှင် အဆိုပါ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို လုံးဝပြောဆိုခဲ့ခြင်း မရှိပါ။ ထိုအချက်က နိုလင်ဟေဇာ၏ မြန်မာ့အရေး ကိုင်တွယ်ဆောင်ရွက်ရာတွင် တစ်ဖက်စောင်းနင်းလားရာကို ညွှန်းပြနေပါသည်။ 

စဉ်းစားချက်အသစ်မဟုတ်သော်လည်း နိုလင်ဟေဇာဆီက ပထမဆုံးကြားရသည် အဆိုပြုချက်မှာ မြန်မာ့အရေးတွေ့ဆုံဆွေးနွေးပွဲများကို စစ်တပ်က ဦးဆောင်တာမျိုး မဖြစ်နိုင်ဆိုသည့်အချက် ဖြစ်သည်။ ထိုကဲ့သို့ ပြောဆိုခြင်းသည် အာဆီယံ တူညီဆန္ဒ ၅ ချက်အရ တွေ့ဆုံဆွေးနွေးပွဲများကို အာဆီယံက ကြားဝင် ဦးဆောင်ကျင်းပမည့် ပုံစံမျိုးကို ရည်ရွယ်ခြင်းလားဟု တွေးစရာ ဖြစ်ပါသည်။ 

မြန်မာစစ်တပ်သည် အာဏာကို အာသာငမ်းငမ်းဆုပ်ကိုင်ချင်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်ပေးအပ်ထားသော စစ်တပ်၏ အခွင့်ထူးခံ အကြွင်းမဲ့အာဏာအစိတ်အပိုင်းနှင့် မကျေနပ်နိုင်ဘဲ ယခုလို အာဏာသိမ်းခဲ့ခြင်းဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဏာရမ္မက်ကို နိုလင်ဟေဇာ လျှော့တွက်ထားပုံပေါ်ပါသည်။ 

မြန်မာ့အရေး နိုင်ငံတကာ၏ မည်သည့်ကြားဝင်ဖြေရှင်းဆောင်ရွက်မှုမဆို မြန်မာပြည်သူတို့၏ ဆန္ဒနှင့်အညီသာ ဖြစ်ရမည်ဟု ကုလသမဂ္ဂထုတ်ပြန်ကြေညာချက်များ၊ အာဆီယံအသင်းကြီး၏ ထုတ်ပြန်ကြေညာချက်များနှင့် နိုင်ငံအသီးသီး၏ ထုတ်ပြန်ကြေညာချက်များတွင် တွေ့မြင်နိုင်ပါသည်။

သို့ဆိုလျှင် မြန်မာပြည်သူတို့၏ဆန္ဒကို နိုင်ငံတကာအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ ရှင်းရှင်းလင်းလင်း သိရှိထားရန် လိုအပ်သည်။ မြန်မာပြည်သူတို့၏ ဆန္ဒမှာ ဥပဒေချိုးဖောက်အာဏာသိမ်းခဲ့သော ပြစ်မှုကျူးလွန်ပြီး ပြည်သူတို့ကို သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်နေသော၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သော စစ်ခေါင်းဆောင်တို့ကို နိုင်ငံတကာက အရေးယူဆောင်ရွက်ရန်နှင့် ဥပဒေချိုးဖောက်သူများသည် ဆွေးနွေးဖက်များ မဖြစ်နိုင်ခြင်းဆိုသည့် အချက်ပင်ဖြစ်သည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button