သတင်း

ကလေးမြို့တွင် CDM ဆရာမတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး 

စစ်ကိုင်းတိုင်းအနောက်ခြမ်း ကလေးမြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၁) နံနက်ပိုင်းက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ကျောင်းဆရာမတစ်ဦးမှာ ဆိုင်ကယ်ဖြင့်သွားလာစဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

အသက် ၄၂ နှစ်အရွယ် အလယ်တန်းပြဆရာမဖြစ်သူ ဒေါ်ရီရီခိုင်မှာ ယနေ့နံနက် ၉ နာရီကျော်ဝန်းကျင်၌ ကလေးမြို့ ပေ ၅၀ လမ်းအနီးတွင် ပစ်ခတ်ခံရပြီး ဝမ်းဗိုက်ဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆွေမျိုးနီးစပ်တစ်ဦးထံမှ သိရသည်။ 

“လမ်းမှာ ဆိုင်ကယ်မောင်းပြီးသွားတာ။ ကလေးတစ်ယောက်ကို ကျောပိုးရင်းနဲ့။ ဆိုင်ကယ်စီးရင်းနဲ့။ ကလေးကတော့ ဘာမှမထိဘူး။ ဆိုင်းလန့်ဒေး (Silent Strike) ဆိုတော့ တအားကူညီတောင်းဖို့ အဆင်မပြေဘူး။ ဆေးရုံရောက်တော့ စကားနည်းနည်းပြောနိုင်သေးတယ်” ဟု အမည်ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသည့် ထိုဆွေမျိုးနီးစပ်က ပြောသည်။ 

မည်သည့်အတွက်အကြောင့် ပစ်ခတ်ခံရသည်ကို မသိရသေးသော်လည်း ဆရာမဖြစ်သူ ဒေါ်ရီရီခိုင် ပစ်ခတ်ခံရသည့်နေရာအနီးတွင် စစ်တပ်က တပ်စွဲထားသည်ဟု ၎င်းက ဆက်ပြောသည်။ 

သေနတ်ဒဏ်ရာဖြင့် ဆေးရုံရောက်ပြီး နံနက် ၁၁ နာရီကျော်တွင် သေဆုံးခဲ့သော ဒေါ်ရီရီခိုင်ကို မနက်ဖြန် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် သင်္ဂြိုဟ်ရန် စီစဉ်ထားကြောင်း၊ ဆရာမ ဒေါ်ရီရီခိုင်တွင် လူမမည် ကလေးငယ်နှစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။​

ကလေးမြို့တွင် စစ်ကောင်စီက အာဏာသိမ်းတစ်နှစ်ပြည့် အသံတိတ်သပိတ်တွင် ပါဝင်ခြင်းမပြုရန် ဈေးဆိုင်များကို ဖိအားပေးဖွင့်လှစ်စေခြင်း၊ နှိုးဆော်သူများကို ဖမ်းဆီးခြင်းများဖြင့် အတင်းအကျပ် ဖိအားပေးခဲ့သော်လည်း မြို့ခံလူထုက သတ်မှတ်ချိန်အတွင်း လမ်းပေါ် အသွားအလာမပြုလုပ်ခြင်းဖြင့် အသံတိတ်သပိတ်တွင် ပါဝင်ဆင်နွှဲခဲ့ကြောင်း ကလေးဒေသခံတစ်ဦးက ပြောသည်။​

“၁၀ နာရီထိုးခါနီးမှ လူတွေ ရှင်းသွားတယ်၊ ညနေ ၄ နာရီထိုးခါနီးတဲ့အထိ။ ဆိုင်တွေကတော့ ဖွင့်ထားတယ်။ အဖြစ်သဘောပဲ။ ဒါပေမဲ့ ဝယ်သူတစ်ယောက်မှ မရှိဘူး။ စစ်ကောင်စီဘက်က ကလေးမြို့ပေါ်မှာ ကားအစီး ၂၀ လောက်နဲ့ ခွဲပြီးတော့ တောက်လျှောက်ပတ်တယ်” ဟု ကလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။​

စစ်ကိုင်းတိုင်းအနောက်ခြမ်း ကလေးမြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ စစ်ကောင်စီ၏ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်မှုကြောင့် အရပ်သား ၁၀၀ ကျော်သေဆုံးခဲ့ပြီး ဖမ်းဆီးခံထားရသူ ၄၀၀ ဝန်းကျင်ရှိကြောင်း ကလေးမြို့သပိတ်ကော်မတီထံမှ သိရသည်။ 

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အစပ်ရှိ ကလေးမြို့သည် အာဏာသိမ်းစစ်တပ်ကို တူမီးသေနတ်ဖြင့် အစောဆုံး ပြန်လည်ခုခံခဲ့သည့်မြို့ဖြစ်ပြီး ယနေ့ထက်တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းများ ရှိနေဆဲဖြစ်သည်။​

စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသံတိတ်သပိတ်ဆင်နွှဲရန် ဆော်ဩမှုများကို နည်းမျိုးစုံဖြင့် အတင်းအကျပ် ခြိမ်းခြောက်ခဲ့သော်လည်း ယနေ့တွင် နိုင်ငံအနှံ့ မြို့ရွာများတွင် လမ်းပေါ်၌ လူသူတိတ်ဆိတ်နေသည့် မှတ်တမ်းဓာတ်ပုံများ တွေ့ရှိရသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button