မြန်နှုန်းမြင့် အင်တာနက် ဘာကြောင့်လိုအပ်သလဲ

ဖန်တီးရာတည်ထောင်သူဖြစ်ပြီး လုပ်ငန်းများစွာအား စွန့်ဦးတည်ထောင်သူ David Madden အား ရန်ကုန်မြို.လယ်ရှိ သူ၏ရုံးခန်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ။ SZT/ Myanmar Now.)

ရန်ကုန် - ဇူလိုင်လ၏ မိုးသည်းသည်းမည်းမည်းရွာနေသော စနေနေ့ မနက်ခင်းတစ်ခု ဖြစ်ပါသည်။ ရန်ကုန်မြို့လယ်သည် မိုးရာသီ၏အောက်တွင် ပြားပြားဝပ်နေရှာသည်။  တိုက်မြင့်တစ်ခု၏ အပေါ်ဆုံး ဆယ့်တစ်ထပ် အလွှာတွင် ရောက်နေကြသော လူငယ် ၃ဝ ကျော်မှာမူ အပြင်တွင် မိုး၊  လေ ကြီးနေသည်ကို သတိပြုမိဟန် မတူဘဲ  အုပ်စုဖွဲ့ထိုင်ကာ ကွန်ပြူတာရှေ့တွင် အလုပ်ရှုပ်နေကြသည်။  

ထိုလူငယ်များမှာ software ရေးသူ၊ ပန်းချီ၊  ဒီဇိုင်း၊  ကာတွန်း ရေးဆွဲသူ၊   ရွေးကောက်ပွဲ ပညာပေး အဖွဲ့တွင် လုပ်ကိုင်သူတို့ ဖြစ်ကြသည်။  သူတို့ ဤအခန်းအတွင်း ရောက်နေသည်မှာ ၁၂ နာရီကျော်ပြီ ဖြစ်သည်။  တချို့မှာ ဤနေရာတွင်ပင် ညအိပ်ခဲ့ကြသည်။ တချို့က အိမ်ပြန်ရေချိုး၊ အဝတ်အစားလဲပြီး ပြန်ရောက်ကြသူများဖြစ်သည်။

ထိုသောင်းပြောင်းထွေလာ အုပ်စုကို အနီးနားရှိ စားပွဲဝိုင်းတွင် ထိုင်ကြည့်နေသူမှာ ဖန်တီးရာ အဖွဲ့ကို တည်ထောင်ခဲ့သော၊ ဤပွဲဖြစ်မြောက်အောင် ကြိုးပမ်းနေသော David Madden ပင် ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့သော ရန်ကုန်အခြေစိုက် ဖန်တီးရာသည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာရပ်အား ပံ့ပိုးရာအဖွဲ.ဖြစ်ပြီး၊ IT နည်းပညာရှင်များ၊ လူမှုရေးအဖွဲ.အစည်းများ၊ မီဒီယာအဖွဲ.များ အပြန်အလှန်ချိတ်ဆက်ပေါင်းစည်းစေကာ တီထွင်ဆန်းသစ်မှုများဖြင့် မြန်မာနိုင်ငံ၏ အပြောင်းအလဲနှင့် ဖွံ.ဖြိုးရေးကို အရှိန်အဟုန်မြှင့်သွားစေရန်ရည်ရွယ်သည်ဟု ၎င်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

“နည်းပညာ ဆိုတာဟာ code လုပ်တာ တစ်ခုတည်းကိုပြောတာ မဟုတ်ပါဘူး။ Hardware ရော၊ ဒီဇိုင်း ရေးဆွဲသူတွေရော၊ ဖန်တီးနိုင်စွမ်းရှိတဲ့အနုပညာရှင်တွေရော ပါပါတယ်” ဟု သူက Myanmar Now ကို  ပြောသည်။

“ဒီ ၄၈ နာရီ ကြာမယ့်ပွဲဆိုရင် ရွေးကောက်ပွဲ အတွက် မဲပေးတဲ့ ပြည်သူတွေကို ပညာပေးတဲ့ အဖွဲ့တွေက အနုပညာရှင်တွေနဲ့ပေါင်းပြီး လုပ်နေကြတာ” ဟု သူက ဆိုသည်။

မေး -  David, ရှင်က နည်းပညာ အဖွဲ့အစည်း အများအပြားလည်း ထူထောင်ဖူးတယ်။  တစ်ကမ္ဘာလုံး စည်းရုံးလှုံ့ဆော်တဲ့ ဝက်ဆိုက် Avaaz.org, အမေရိကန် အခြေစိုက် ဒစ်ဂျစ်တယ်ဗျူဟာ လုပ်ငန်း Purpose, ရန်ကုန်အခြေစိုက် ပါရမီလမ်း ဈေးကွက်အေဂျင်စီတို့ကို တွဲဘက် တည်ထောင်တာတွေ လုပ်ခဲ့ဖူးတယ်၊   ကမ္ဘာ့ အီး−ဂါးဗားမင့်န်ဖိုရမ်က ရွေးချယ်တဲ့ “အင်တာနက်ဖြင့် နိုင်ငံရေး ပြောင်းလဲစေရန် လုပ်ဆောင်နေသော ထိပ်တန်းပုဂ္ဂိုလ် ၁ဝ ဦး”  ထဲမှာလည်း တစ်ဦး အပါအဝင် ဖြစ်တယ်၊ အဲဒီလို နည်းပညာနဲ့ ပတ်သက်ရင် အတွေ့အကြုံ အများကြီး ရှိတဲ့သူတစ်ဦးက မြန်မာပြည်မှာ ဘာတွေ ဆောင်ရွက်နေပါသလဲ။  

ဖြေ -  (ရယ်လျက်) ဟာ… ဒီအချိန်ဟာ မြန်မာနိုင်ငံသမိုင်းအတွက် အင်မတန်မှ အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်။ နှစ်ကာလအတော်ကြာ တံခါးပိတ်ထားတဲ့ မြန်မာနိုင်ငံဟာ အခုမှ ပွင့်လင်းလာတာပါ။ အခုမှ ဆက်သွယ်ရေး ကောင်းကောင်း ချိတ်ဆက်မိတာ။  တကယ် ချိတ်ဆက်မိတော့လည်း မယုံနိုင်လောက်အောင် လျင်မြန်တဲ့နှုန်းနဲ့ သွားနေပါပြီ။

ဒါဟာ နည်းပညာကိုသုံးပြီး နိုင်ငံကိုတိုးတက်အောင်လုပ်ဖို့ အခွင့်ကောင်းရတဲ့ အချိန်ပါပဲ။ နည်းပညာတွေက ဘာတွေလုပ်နိုင်တယ်၊ ဘယ်လိုလူတွေရဲ့ဘဝတွေကို အကျိုးပြုနိုင်တယ်ဆိုတဲ့ အတွေ့အကြုံတွေကို ကျွန်တော်က ကံကောင်းထောက်မစွာ တွေ့မြင်ဖူးပါတယ်။  အဲဒီလို အကျိုးပြုမှုမျိုး မြန်မာပြည်မှာလည်း ဖြစ်လာမယ်ဆိုရင် သိပ်ကောင်းမှာပါ။

မေး -  David က မြန်မာပြည်ကို ပထမဦးဆုံးအကြိမ် ရောက်လာတာ ဘယ်တုန်းကလဲ။

ဖြေ -  နာဂစ်တိုက်ပြီးမကြာမီမှာ ပထမဦးဆုံးအကြိမ် ရောက်ပါတယ်။  အဲဒီကတည်းက ဒီနိုင်ငံကို ချစ်ခဲ့ ခင်ခဲ့တာပါ။ လွန်ခဲ့တဲ့ သုံးနှစ်က ပြန်ရောက်လာပါတယ်။  မြန်မာပြည်ဟာ ထူးခြားတဲ့နိုင်ငံပါ။ ကျွန်တော် ဒီရောက်နေတာဟာ ကျွန်တော့်အတွက် ကံကောင်းတာပါပဲ။  

မေး -  ဖန်တီးရာကို မတည်ထောင်ခင်မှာ စခဲ့တဲ့ Code for Change အကြောင်း ပြောပြပေးပါ။  

ဖြေ -  တယ်လီဖုန်းကုမ္ပဏီတွေ ဝင်မလာခင် ကတည်းက  ဒီလိုနည်းပညာတွေကို ထိပ်ဆုံးက အသုံးပြုမယ့် လူတစ်စုအတွက် ဘယ်လို အကူအညီမျိုး ပေးရမလဲလို့ တွေးရင်းနဲ့ Code for Change ဆိုတာ ပေါ်ပေါက်လာတာပါ၊ ဒီနည်းပညာတွေရဲ့ စွမ်းရည်ကို ပြည့်ပြည့်ဝဝ အသုံးချနိုင်ဖို့အတွက် ပဏာမခြေလှမ်းတစ်ခုပေါ့။  မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော hackathon တွေကို ကျင်းပနိုင်ခဲ့ပြီး မြန်မာပြည်က လူငယ်တွေ ဘယ်လောက် အလားအလာရှိသလဲ ဆိုတာ မြင်ခဲ့ရပါတယ်။ ဒီမှာ နည်းပညာနဲ့ပတ်သက်လို့ ပင်ကိုယ်စွမ်းရည် ထူးတဲ့သူတွေ ရှိပါတယ်။ ၂ဝ၁၄ မတ်လမှာ ကျင်းပခဲ့တဲ့ hackathon မှာ လူဦးရေ ၇၆ ယောက် ပါဝင်ပြီး စက်တင်ဘာပွဲမှာတော့ အယောက် ၁၆ဝ လျှောက်တဲ့အထဲမှာ ၁၁၇ ယောက် ပါဝင်ပါတယ်။ ပထမအကြိမ်မှာ လူမှုအဖွဲ့အစည်းတွေ၊  ဒုတိယအကြိမ်မှာ အငယ်စား စီးပွားရေးလုပ်ငန်းတွေက သူတို့တွေ့ရတဲ့ အခက်အခဲတွေကို တင်ပြတယ်၊ ပါဝင်သူတွေက အဖွဲ့ခွဲပြီး နည်းပညာအရ အဖြေရှာကြပါတယ်။
အဲဒီနောက်မှာတော့ ဒီလိုမျိုး နည်းပညာအကျိုးအရ ဖြစ်ပေါ်လာတဲ့ ဆန်းသစ်ပြောင်းလဲခြင်းတွေအတွက် အမြဲတမ်းနေရာတစ်နေရာရှိရင် ကောင်းမှာပဲလို့ တွေးမိတယ်။  အဲဒီနေရာဟာ "ဖန်တီးရာ" ပါပဲ။

အခုဆို အဲဒီလို ပွဲမျိုး တစ်ချိန်လုံးလုပ်ဖြစ်တယ်။  လတိုင်းမှာ နည်းပညာပိုင်း၊ အနုပညာပိုင်း၊ hardware ပိုင်း၊ ဒစ်ဂျစ်တယ် မီဒီယာပိုင်း ကျွမ်းကျင်သူတွေအတွက် တွေ့ဆုံပွဲတွေ ရှိတယ်။  အမျိုးသမီး coder တွေအတွက် Geek Girls Myanmar တို့၊  ရန်ကုန်က ဂူဂဲလ် developer အဖွဲ့တွေလည်း ဖန်တီးရာကို သုံးပါတယ်။  

မေး -  အမျိုးသမီးဆိုလို့ ကမ္ဘာတဝန်း နည်းပညာလောကမှာ အမျိုးသမီးရှားပါးတဲ့ကိစ္စက ပြဿနာ တက်နေပါတယ်။  မြန်မာပြည်ရဲ့အခြေအနေကရော ဘယ်လိုရှိပါသလဲ။  

ဖြေ -  စိတ်ဝင်စားစရာတစ်ချက်က မြန်မာပြည်က နည်းပညာလောကမှာ အမျိုးသမီး တော်တော်များများ အလုပ်လုပ်နေတာကို တွေ့ရပါတယ်။ ကွန်ပြူတာတက္ကသိုလ်လို ပညာသင်တဲ့ နေရာတွေမှာဆိုရင် ဒါရိုက်တာနဲ့ ရာထူးကြီး မဟာဌာနအဖွဲ့ဝင် အတော်များများဟာ အမျိုးသမီးတွေပါ။  မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ ကုမ္ပဏီကြီးတွေရဲ့ ဦးဆောင်သူတွေကို မေးရင်လည်း သူတို့ဆီက ပရိုဂရမ်မာ အများအပြားဟာ အမျိုးသမီးတွေလို့ ပြောပါတယ်။  

ဒါပေမယ့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ ထင်သာမြင်သာ သိပ်မရှိဘူး၊ ပြီးတော့ နည်းပညာကုမ္ပဏီကြီးတွေမှာလည်း ရာထူးကြီးခေါင်းဆောင်နေရာမှာ သူတို့ကို သိပ်မမြင်ရဘူး။  ဒါကတော့ မြန်မာပြည်မှာတင်မဟုတ်ဘဲ ကမ္ဘာတဝန်းက နည်းပညာလောကမှာ ဖြစ်နေတာပါ။ Hackathon ရယ်၊ ဖန်းတီးရာရယ်က ရတဲ့ အတွေ့အကြုံတွေအရ ဆိုရင်တော့ အင်မတန် ထက်မြက်တဲ့ အမျိုးသမီးတွေ မြန်မာပြည်မှာ အများကြီးရှိပါတယ်။
ဒီအချက်ကတော့ တစ်ကမ္ဘာလုံးရဲ့ နည်းပညာလောကအသိုင်းအဝိုင်းက နပန်းလုံးနေရတဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ပေါ့။

မေး -  မြန်မာပြည်တိုးတက်စေဖို့ ဘယ်လိုနည်းပညာက အရေးပါသလဲ။  

ဖြေ -  လူအတော်များများက ဒစ်ဂျစ်တယ်ခုန်လွှားခြင်းဆိုတဲ့ အမြင်သဘောထားအကြောင်းကို ပြောကြတယ်။  အဲဒါက ဘာကိုဆိုလိုသလဲဆိုတော့ မြန်မာနိုင်ငံဟာ ရှေးနည်းပညာစနစ်တွေ မရှိခဲ့တဲ့အတွက် အခုနောက်ဆုံး နည်းပညာများဆီ တန်းသွားလို့ရတယ် ဆိုတာပါပဲ။ နည်းပညာဆိုတာ အင်မတန်မှ မောင်းနှင်အား ကောင်းတဲ့အတွက် အလုပ်တွေကို ပိုပြီးတော့ လျင်လျင်မြန်မြန်၊ အကျိုးရှိရှိ၊  ထိထိရောက်ရောက် ပြီးမြောက်စေပါတယ်။ မြန်မာပြည်က ကျောင်းတွေမှာ ယုံကြည်အားထားရတဲ့ မြန်နှုန်းမြင့်ကြိုးမဲ့အင်တာနက်ကို ဈေးချိုချိုနဲ့ရမယ်ဆိုရင် ဒီက ကျောင်းသားတွေဟာ အွန်လိုင်းကနေသင်ယူလို့ရတဲ့ ကမ္ဘာအသစ်တစ်ခု ရလိုက်သလို ဖြစ်သွားမယ်။  ကျန်းမာရေးနဲ့ ဆေးဝါးကိစ္စ တွေကို ကြည့်မယ်ဆိုလည်း နည်းပညာကြောင့် ဘယ်လောက်တိုးတက်လာသလဲဆိုတာ အားလုံးအမြင်ပါပဲ။ ဘယ်အခန်းကဏ္ဍမဆို နည်းပညာဟာ ကြီးပွားတိုးတက်ရေးကို အရှိန်မြှင့်စေပါတယ်။  အခုအချိန်မှာ ဒါဟာ မြန်မာပြည်မှာ အင်မတန် လိုအပ်နေတာပါ။  မြန်မာပြည်ဟာ အမီလိုက်စရာတွေ အများကြီးရှိနေတဲ့အချိန်မှာ မြန်မြန်အမီလိုက်အောင် နည်းပညာက လုပ်ပေးနိုင်ပါတယ်။  

မေး -  မြန်မာနိုင်ငံဟာ ရှေးနည်းပညာစနစ်တွေ မရှိခဲ့ဘူးလို့ ဆိုပေမယ့် တစ်ခုတော့ရှိပါတယ်။  ဇော်ဂျီ နဲ့ ယူနီကုတ် ကျတော့ ဘယ်လိုလုပ်မလဲ။  

ဖြေ -  ယူနီကုတ်က တစ်ကမ္ဘာလုံးရဲ့စံချိန်စံညွှန်းနဲ့ ညီပါတယ်။ နိုင်ငံတကာကုမ္ပဏီကြီးတွေကလည်း ယူနီကုတ်ပဲ သုံးပါတယ်။  မြန်မာနိုင်ငံဟာ ယူနီကုတ်ကို အမြန်ဆုံး ပြောင်းသင့်ပါတယ်။  မပြောင်းရင်တော့ ဘောလုံးကို ခြေထောက်မှာ သံကြိုးနဲ့ချည်ပြီးအပြေးပြိုင်ပွဲ ဝင်ပြိုင်တဲ့သူလို ဖြစ်နေလိမ့်မယ်။  မြန်မြန်ပြောင်းလေ ကောင်းလေပါ။  

မေး -  ကမ္ဘာတဝန်း နည်းပညာလောကမှာတော့ အောင်မြင်မှုမရှိခြင်း ဆိုတာကို အတွေ့အကြုံရတယ်၊ ဂုဏ်သိက္ခာတစ်မျိုး လို့မြင်ကြတယ်။  အရှေ့တောင်အာရှ နဲ့ မြန်မာပြည်မှာတော့ ဒါကို အရှက်တွေ့စရာ၊   ကြောက်စရာ၊   ဘယ်နည်းနဲ့မဆိုရှောင်စရာလို့ မြင်ကြတယ်။  

ဖြေ -  မအောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကနေ သင်ယူခြင်း၊ သင်ခန်းစာရခြင်း ဆိုတာဟာ နည်းပညာလောက နဲ့ နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းများမှာ တကယ်လိုအပ်ပါတယ်။  ရှေ့လာမယ့်နှစ်များမှာ နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေ ပိုများလာပြီဆိုရင် တချို့လုပ်ငန်းတွေက မလွဲမသွေ မအောင်မြင်ဘူးဆိုတာ ဖြစ်လာပါလိမ့်မယ်။  အဲဒီအချိန်ကျရင် ဒီအသိုင်းအဝိုင်းက ဘယ်လို တုန့်ပြန်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းလိမ့်မယ်။  ကျွန်တော်ကတော့ သူတို့ ဝမ်းသာအားရ ကြိုဆိုကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေး -  မြန်မာပြည်က အခုမှစတဲ့ နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေ တွေ့ရတဲ့ အကြီးမားဆုံးသော အခက်အခဲတွေက ဘာတွေဖြစ်မလဲ။  

ဖြေ -  အရင်တုန်းကတော့ အကြီးမားဆုံးသော အခက်အခဲက ဈေးကွက်မရှိတာပဲ။  ဒါကြောင့်မို့လို့ မိုဘိုင်းဈေးကွက် ပွင့်လာတာဟာ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတာပေါ့။  အခုဆို မိုဘိုင်းသုံးသူ လူဦးရေ သန်းချီပြီး ရှိနေတဲ့အပြင် သူတို့ဟာ အင်တာနက်ပါ ပုံမှန်သုံးကြတယ်။  သုံးစွဲသူတွေပေါ်လာပြီဆိုတော့ ဒီဈေးကွက်ပြဿနာဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်နေပြီ။ နည်းပညာဆိုင်ရာနယ်ပယ်ကကြည့်ရင် အခုထက်ထိလည်းရှိနေတဲ့ ပြဿနာအကြီးကြီးကတော့ အင်တာနက်ပဲ။ အလုပ်လုပ်တဲ့၊ ကုန်ထုတ်လုပ်တဲ့ စွမ်းအားအတွက် မြန်ဆန်ပြီး ယုံကြည်အားထားရတဲ့ အင်တာနက်ရှိဖို့ ဆိုတာ အရမ်း အရေးကြီးပါတယ်။  နည်းပညာပိုင်းဆိုင်ရာလောကမှာဆို ပိုတောင် အရေးပါပါတယ်။  အင်တာနက် ကောင်းကောင်းဟာ developer တစ်ယောက်အတွက် အကောင်းဆုံးသောလက်နက်တွေထဲက တစ်ခုပါပဲ။ မိုဘိုင်းဈေးကွက် ပွင့်လာတဲ့အပေါ် အရမ်းကို စိတ်လှုပ်ရှားကြပေမယ့် ISP လို့ခေါ်တဲ့ အင်တာနက်ကို ဝန်ဆောင်မှုပေးတဲ့ ဈေးကွက်ကတော့ ပြောင်းလဲမှု သိပ်မရှိခဲ့ဘူး။ စီးပွားရေးလုပ်ငန်း လုပ်နေသူတစ်ယောက်အတွက် ကြိုးမဲ့စနစ်နဲ့ချိတ်ရတဲ့ အင်တာနက်ကွန်နက်ရှင် ကောင်းကောင်းရဖို့ဆိုတာ အခုအချိန်မှာ အရမ်းခက်ခဲပြီး အရမ်းလည်း ဈေးကြီးပါတယ်။ စီးပွားရေးလုပ်ငန်းသေးတွေအတွက် အများနဲ့ ယှဉ်ပြိုင်နိုင်ခွင့်ရအောင် ထောက်ကူပေးမယ့် ISP ဈေးကွက် တကယ်ပွင့်လာတာကို မြင်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်နှုန်းမြင့် အင်တာနက် မရှိသေးသရွေ့  မြန်မာနိုင်ငံဟာ နည်းပညာရဲ့ စွမ်းရည်အပြည့်အစုံကို အသုံးချနိုင်ဦးမှာ မဟုတ်ဘူး။  

မိုဘိုင်းအင်တာနက်နဲ့ မလုံလောက်ပါဘူး။ ဒီအရှေ့တောင်အာရှနယ်ပယ်ဒေသမှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံဆို business process  outsourcing  (လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုတွေအတွက်  ပြင်ပ ကုမ္ပဏီကို တာဝန်ပေးခြင်း) တွေကို သူတို့နိုင်ငံရဲ့စီးပွားရေးမှာ ဖွံ့ဖြိုးလာအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါမျိုးက မိုဘိုင်းကနေ လုပ်လို့မရဘူး။  ဈေးချိုချိုသာသာနဲ့သုံးခွင့်ရမယ့် ကျယ်ပြောတဲ့ ဖိုင်ဘာကွန်ရက် ရှိဖို့လိုအပ်ပါတယ်၊ အင်မတန် အရေးကြီးပါတယ်။ နောက်တစ်ခုကတော့ အဆင့်မြင့်ပညာရေးဆုံးရှုံးခဲ့ရခြင်းရဲ့ နောက်ဆက်တွဲရလဒ်တွေပါပဲ။  အခန်းကဏ္ဍစုံက ဒီဝေဒနာကို ခံစားနေရပေမယ့် နည်းပညာလိုနေရာမျိုးမှာ ပိုပြီးသိသာတယ်။  

မေး -  David  ရန်ကုန်ကို ဒီတစ်ခေါက် ပြန်ရောက်စအချိန်နဲ့ယှဉ်ရင် နည်းပညာအသုံးပြုကြတာတွေက ဘယ်လောက်ထိတောင် ပြောင်းလဲသွားပြီလဲ။

ဖြေ -  ပြီးခဲ့တဲ့ ၁၂ လ ကျော်ကျော်တုံးကဆို MPT တစ်ခုပဲ ရှိသေးတာ။ ရန်ကုန်လိုနေရာမျိုးမှာတောင်မှ တယ်လီဖုန်းဆင်းကဒ်တွေက သိပ်ဈေးကြီးတုံးပဲ။  အခုတော့ ဆင်မ်ကတ်ပေါင်း သန်းချီပြီးရှိနေပြီဆိုတာ တကယ့်အံ့မခန်းပါပဲ။ လာမယ့်နှစ်တွေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အွန်လိုင်း ရောက်လာပြီဆိုရင် ပြောင်းလဲမှုက ပိုပြီးတောင် မြန်ဆန်လာလိမ့်မယ်။  ဒီမှာအရေးကြီးတာက နည်းပညာရဲ့ အကျိုးကျေးဇူးကို ရအောင်ယူဖို့ပဲ။  နည်းပညာ ဆိုတာ Facebook တင်၊  Viber တင် မဟုတ်ပါဘူး။ လူတွေကိုအကျိုးပြုတဲ့၊ နည်းပညာကိုသုံးပြီး ထုတ်လုပ်တဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေ၊ အပလီကေးရှင်းတွေ ထွက်လာတဲ့အခါမှာ ဘဝတွေပြောင်းလဲသွားကြတာကို တွေ့မြင်ရမှာပါ။

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading