“ရိုးရိုးသားသား ယှဉ်ပြိုင်ပြီး လူထုရဲ့ဆုံးဖြတ်ချက်ကို လေးစားဖို့လိုတယ်”

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးသည် ရှမ်းတိုင်းရင်းသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ခေါင်းဆောင်လည်းဖြစ်သည်။ ‘ကျားခေါင်းပါတီ’ ဟုလည်း သိကြသည့် SNLD သည် ၁၉၉ဝ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ဒုတိယ အများဆုံး အနိုင်ရသည့် ပါတီ ဖြစ်သော်လည်း ယခင် စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုရုံသာမက နောက်ပိုင်းတွင် သူ့ကို ထိန်းသိမ်းလိုက်သည်။

ဦးခွန်ထွန်းဦးနှင့် သူ၏ပါတီသည် စစ်အစိုးရက ကျင်းပပေးခဲ့သည့် လွတ်လပ်မျှတမှုမရှိဟု အဝေဖန်ခံခဲ့ရသော ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ သို့သော်လည်း ၂ဝ၁၅ ရွေးကောက်ပွဲကို ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့ရှိ မဲဆန္ဒနယ်များမှ ပြည်သူ့လွှတ်တော်အတွက် ၄၆ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁၄ နေရာ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များအတွက် ၉၆ နေရာ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ကိုယ်စားလှယ်လောင်းများထဲတွင် ဦးခွန်ထွန်းဦး ပါဝင်မည် မဟုတ်ပေ။

မကြာသေးမီက ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် အသက် ၇၂ နှစ်ရှိပြီဖြစ်သည့် ဦးခွန်ထွန်းဦးက ရွေးကောက်ပွဲ၊ တိုင်းရင်းသားလူမျိုးစုတို့ လိုလားတောင့်တသည့် ဖက်ဒရယ်ပြည်ထောင်စု၊ လက်ရှိ ကြိုးပမ်းဆဲ အပစ်အခတ် ရပ်စဲရေးကိစ္စ စသည်တို့နှင့် စပ်လျဉ်း၍ သတင်းထောက် ထက်ခေါင်လင်းကို ပြောပြထားသည်။

မေး –ရွေးကောက်ပွဲမှာ ဦးခွန်ထွန်းဦးကိုယ်တိုင် ဘာကြောင့် ဝင်အရွေးမခံတာလဲ။

ဖြေ – လွှတ်တော်ထဲကို ကျွန်တော်တို့လူတွေ ရောက်သွားမှာပဲ။ အပြင်ဘက်မှာရှိနေတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ လှုပ်ရှားတဲ့သူတွေနဲ့ လက်တွဲလုပ်ချင်တဲ့ဆန္ဒလည်း ရှိတယ်။ အတွင်းအပြင် ပေါင်းပြီးတော့ ဟန်ချက်ညီညီ လုပ်ရမယ့် ကိစ္စတွေထဲမှာ နံပါတ်တစ်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးပဲ။ ၂ဝ၁၄ ခုနှစ်တုန်းက လွှတ်တော်အထဲကနေ လုပ်တာ လုပ်လို့မှမရခဲ့ဘဲ။ အပြင်ဘက်မှာ ဟန်ချက်ညီညီနဲ့ လုပ်မယ်ဆိုရင် နည်းလမ်းတစ်ခုတော့ ရှာလို့ရမယ်လို့ ကျွန်တော် ယူဆတယ်။

မေး – ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ဘယ်လို ဆက်ဆံဖို့ အစီအစဉ် ရှိသလဲ။

ဖြေ – သူတို့နဲ့က ဟိုတုန်းကတည်းက လက်တွဲလုပ်ခဲ့တာပဲ။ CRPP (ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ) တောင် ဖွဲ့ခဲ့ပြီပဲ။ သူတို့နဲ့ လက်တွဲခဲ့လို့ အကျိုးရှိတယ်၊ ရဲဘော် ရဲဘက်တွေအဖြစ် အသိအမှတ်ပြုလို့လည်းCRPP အဖွဲ့ဝင်ဟောင်းတွေ ဝင်ရွေးမယ့် မဲဆန္ဒနယ်နေရာတွေမှာ NLD က ဝင်မပြိုင်ပါဘူးဆိုပြီးတော့ ဟိုတလောကပဲ NLD ခေါင်းဆောင်တချို့က ကျွန်တော့်ကို လာပြောတယ်။ လာပြောတာကို ကျေးဇူးတင်တယ်။ NLD အနေနဲ့ ရှိသမျှ အကုန်ယူပြီး ရွေးကောက်ပွဲကို ဝင်မယ်ဆိုရင်တော့ မသင့်တော်ပါဘူး၊ တခြားတိုင်းရင်းသားတွေက အထင်မှားမယ်၊ ကျွန်တော်တို့ (တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့ထားတဲ့) UNA ကို ထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ ကောင်းမယ်၊ တစ်နေ့ကျရင် NLD နဲ့ ကျွန်တော်တို့တိုင်းရင်းသားတွေ လက်တွဲသွားရင် ပိုကောင်းမယ်လို့ ကျွန်တော်က အကြံပေးလိုက်တယ်။

မေး – NLD က ရှမ်းပြည်နယ် နဲ့ တိုင်းရင်းသားဒေသတွေ အပါအဝင် မဲဆန္ဒနယ် အားလုံးမှာ ဝင်ပြိုင်မှာကို SNLD က ဘယ်လို သဘောထားပါသလဲ။

ဖြေ – ဒါက ဒီမိုကရေစီ ကျင့်သုံးနေတာကိုး။ ငါ့နယ်မြေ မင်းမလာနဲ့၊ ငါတို့ပဲ ပြိုင်မယ်ဆိုတာမျိုးကတော့ ဒီမိုကရေစီ မစစ်တော့ဘူးလေ။ ပြည်သူလူထုရဲ့ ရွေးပိုင်ခွင့်ကလည်းရှိသေးတာကိုး။ သူတို့ကို ကျွန်တော်တို့က အခွင့်အရေးတွေ ဖွင့်ပေးရမယ်။ NLD မို့လို့ မလာကြနဲ့ဆိုရင် သွားပြောကြပါလားဗျ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးတော့ မပြောကြဘူး၊ NLD ကျမှ မလာပါနဲ့လို့ ပြောတဲ့လူတွေ တပုံကြီးပဲ။ ကျွန်တော် NLD ဘက်က ရှေ့နေလိုက်တာမဟုတ်ဘူး။ လူတော်လူကောင်းတွေ ထွက်လာဖို့ အရေးကြီးတယ်။ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်မယ့်လူတွေ လိုတာပါ။ ဘယ်သူပါရမယ်၊ ဘယ်သူမပါရဘူး ဆိုတဲ့ဟာတော့ ကျွန်တော်က မသတ်မှတ်စေချင်ဘူး။ ကိုယ်ကနိုင်လို့ လွှတ်တော်ထဲမှာ တခြားကိုယ်စားလှယ် တွေနဲ့ အရည်အချင်းယှဉ်လိုက်လို့ ကိုယ့်လူက ညံ့နေရင် မဖြစ်ပြန်သေးဘူး။ ရိုးရိုးသားသား ယှဉ်ပြိုင်ပြီး လူထုရဲ့ဆုံးဖြတ်ချက်ကို လေးစားဖို့လိုတယ်။

မေး – ပြိုင်ဘက်ပါတီကြီးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNDP) နဲ့ ယှဉ်ရင် ဘယ်လောက်အနိုင်ရဖို့ SNLD က မျှော်လင့်ထားသလဲ။

ဖြေ – ကျွန်တော်တို့ပါတီရဲ့ အဓိက ပြိုင်ဘက်က ကျားဖြူပါတီပါပဲ။ ကျနော်တို့က ရှမ်းပြည်နယ် တစ်ခုတည်းမှာတင် နေရာ ၅ဝ ကျော် ဝင်ပြိုင်မှာဆိုတော့ သူတို့နဲ့ အဓိကထား ပြိုင်ရမှာပါ။ ကျွန်တော်တို့က ပြည်သူလူထုကို ကိုယ့်ရဲ့ မူဝါဒနဲ့ ပတ်သက်ပြီး ချပြထားပြီးသား။ ၂ဝ၁ဝ၊ ၂ဝ၁၂ ရွေးကောက်ပွဲတွေမှာ ဝင်မပြိုင်ခဲ့ပေမယ့် ပါတီတည်ထောင်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့မူတွေကို ပြည်သူလူထုထဲမှာ သေသေချာချာ ချပြထားပြီးသားပါ။ စည်းရုံးရေးတွေလည်း သုံးနှစ်နီး နီးလောက် လုပ်ခဲ့ပြီးပြီဆိုတော့ အနိုင်ရမယ်လို့ မှန်းထားပါတယ်။ တခြားပါတီတွေအကြောင်းကိုတော့ ကျွန်တော် မဝေဖန်၊မပြောချင်ပါဘူး။ ပြည်သူလူထုကို တီးခေါက်ကြည့်လိုက်တော့ ကျနော်တို့ပါတီကို တော်တော်များများက လက်ခံကြပါတယ်။ နောက်တစ်ခုက ကျနော်တို့ပါတီဟာ ငွေကြေး အရှုပ်အရှင်းလည်း မရှိပါဘူး။ နာမည်ပျက်တာတွေလည်း မရှိပါဘူး။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ပါတီထဲကို အခုလက်ရှိ လွှတ်တော်ကိုယ်စားလှယ် ၁ဝ ဦး(SNDP ကနေ) ပြောင်းရွှေ့လာသလို (လွှတ်တော်ကိုယ်စားလှယ်မဟုတ်တဲ့) ပါတီဝင်တွေလည်း ကျနော်တို့ပါတီလက်အောက်ကို ဝင်လာကြပါတယ်။ တခြားပါတီတွေလို ပါတီကူးပြောင်းသွားရင် သိန်း ၅ဝ၊ ၃ဝ စသဖြင့် လျော်ကြေးပေးရမယ်ဆိုတဲ့ စည်းကမ်းမျိုးလည်း မလုပ်ပါဘူး။

မေး – မကြာသေးခင်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ရဲ့ ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ညဘက်ကြီး လက်နက်ကိုင်လုံခြုံရေးတွေသုံးပြီး ဖယ်ရှားခဲ့တဲ့အပေါ် ဘယ်လို မြင်ပါသလဲ။

ဖြေ – တခြားပါတီရဲ့ အတွင်းရေး အကွဲအပြဲကို မဝေဖန်လိုဘူး။ လုပ်နည်းလုပ်ဟန် တွေကတော့ မှားနေတယ်ဆိုတာကိုပဲ ကျွန်တော်ပြောချင်တာ။ တစ်ယောက် (ဦးရွှေမန်း) ကလည်း လက်ရှိပြည်ထောင်စုလွှတ်တော်ရဲ့နာယက။ (ကျန်တဲ့ တစ်ယောက်က) လက်ရှိသမ္မတ။ အခုက အာဏာရပါတီကြီးရဲ့ ရုံးထဲမှာ သူ့လူတွေ ငုတ်တုတ်ထိုင်နေပါလျက်နဲ့ ရဲကဝင်ပြီး ရှင်းရတယ်ဆိုတာ ဘာဖြစ်လို့လဲ။ တုတ်၊ ဓားကိုင်နေကြသလား။ သေနတ်ကိုယ်စီနဲ့ ပစ်ခတ်နေကြပြီလား။ ရဲဝင်ရမယ့် အနေအထားမျိုးများ ဖြစ်နေပြီလားဆိုတာ စဉ်းစားရတော့မယ်လေ။ ပါတီတွင်းတော့ ဝိရောဓိ ရှိမှာပေါ့။ တစ်ဖက်ကလည်း ပြောလိုက်သေးတယ်။ (ဦးရွှေမန်းက) တစ်ဖက်ပါတီ (NLD) နဲ့ ပေါင်းလို့ဆိုတဲ့ကိစ္စ။ ပါတီချင်းပေါင်း ကြတာကလည်း သဘာဝပဲလေ။ မပေါင်းရဘူးလို့ ဥပဒေမှ မရှိတာ။ လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်လုံးကို အိမ်ထဲအိမ်ပြင် မထွက်ခိုင်းတဲ့ ဒီမိုကရေစီဟာ ဘယ်လို ဒီမိုကရေစီမျိုးလဲ။ အခု (အပစ်ရပ်ရေး) လက်မှတ်ထိုးကြမယ်ဆိုတဲ့ တိုင်းရင်းသား (လက်နက်ကိုင်အဖွဲ့)တွေကလည်း ဒီဖြစ်ရပ်ကိုကြည့်ပြီး နောင် ငါတို့ကိုများ ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားလာလိမ့်မယ်။

မေး – တစ်နိုင်ငံလုံး အပစ်ရပ်ရေးစာချုပ်မှာ လက်မှတ်ထိုးမယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက ၅ ဖွဲ့က ကြေညာလိုက်ပြီ။ မထိုးချင်သေးတဲ့အဖွဲ့တွေကလည်း ရှိသေးတယ်။ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ။

ဖြေ – ကျွန်တော်နားလည်တာတော့ လိုင်ဇာညီလာခံကပြောတာလည်း အားလုံးပါဝင်ရေး၊ လော်ခီးလာညီလာခံက ပြောတာလည်း အားလုံးပါဝင်ရေးပဲ။ တစ်ဖွဲ့မထိုးရင် အားလုံးမထိုးဘူး။ ထိုးရင် အားလုံးထိုးမယ်။ လက်ရှိ ၆ ဖွဲ့က ထိုးဖို့ မဆုံးဖြတ်ရသေးဘူး။ တချို့ကျန်တဲ့အဖွဲ့လေးတွေက အငယ်လေးတွေ။ ကိုးကန့်ကိုလည်း ပြီးအောင် မတိုက်နိုင်သေးဘူး။ တအာင်း(ပလောင်)၊ ရက္ခိုင့်တပ်မတော်၊ လားဟူအဖွဲ့တွေနဲ့လည်း တိုက်တာတွေ ရှိနေသေးတယ်။ အဲဒီအဖွဲ့တွေ မပါရဘူးဆိုရင် ဒီငြိမ်းချမ်းရေးက ဘယ်လောက်ခိုင်မလဲ။ အားလုံး လက်မှတ်ရေးထိုးကြဖို့ သဘောတူညီမှုရှိရဲ့သားနဲ့ အားလုံးက လက်မှတ်မထိုးနိုင်ကြဘူးလားဆိုတာ မေးစရာဖြစ်နေတယ်။ ရတောင့်ရခဲ ဒီငြိမ်းချမ်းရေး အခွင့်အရေးကို ဒီမှာလက်လွှတ်ဆုံးရှုံးမခံသင့်ဘူးလို့ ကျွန်တော် ထင်တယ်။ သူတို့လက်နက်ကိုင်အားလုံးကို လက်မှတ်ထိုးခိုင်းလိုက်လို့ နစ်နာမှု ဘာမှမရှိပါဘူးဗျာ။ (အစိုးရက) ခွဲခြား၊ ခွဲခြားလုပ်ခဲ့ပေါင်းလည်း များပြီ။ နောက်လိုက် ၅ဝ လောက်ပဲရှိနေတဲ့ အဖွဲ့လေးကိုလည်း လက်မှတ်ရေးထိုးပိုင်ခွင့် ပေးရမှာပဲ။ အဲဒီလိုမှ မဟုတ်ရင်တော့ ဒီပြဿနာက တော်တော်လေးကို ရှည်ပြီး ပြီးဦးမှာ မဟုတ်သေးဘူး။

မေး – အစိုးရဘက်ကရပ်တဲ့ ပြည်သူ့စစ်အဖွဲ့တွေ ရှမ်းပြည်နယ်မှာရှိနေပါတယ်။ ရွေးကောက်ပွဲကာလမှာ ဒီအဖွဲ့တွေဟာ နိုင်ငံရေးပါတီတွေအတွက် အနှောင့်အယှက် ဖြစ်လာနိုင်သလား။

ဖြေ – ကျွန်တော်တို့ပါတီက အဲဒီပြည်သူ့စစ်တွေနဲ့ ဆက်စပ်တာမျိုးမရှိပါဘူး။ ကျွန်တော်တို့ ကိုယ်လုပ်စရာရှိတာကိုသာ လုပ်တာ။ ကျွန်တော်တို့မူကို သူတို့လည်း မငြင်းတာကို တွေ့ရပါတယ်။ ဟိုတလောက မြို့နယ်တစ်ခု (ကလော)မှာ ကျွန်တော်တို့ စည်းရုံးရေးသွားတော့ အဲဒီမြို့နယ်က ပြည်သူ့စစ်တွေကိုယ်တိုင် ကျွန်တော်တို့ကို သူတို့ရုံးခန်းဖိတ်ပြီးတော့ ဧည့်ခံပါတယ်။ ကျနော်တို့ကလည်း တိုင်းရင်းသားတွေ အစဉ်တစိုက် တောင်းဆိုနေတဲ့ တန်းတူညီမျှရေးမူကိုပဲ သူတို့ကို ချပြတာ။ သူတို့လည်း လက်ခံကြပါတယ်။

မေး – တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သူတို့ဒေသကထွက်တဲ့ သယံဇာတတွေပေါ်မှာ မှီခိုနေကြတယ်လေ။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးရင် တိုင်းရင်းသားဒေသ သယံဇာတအရင်းအမြစ် ခွဲဝေသုံးစွဲရေး ကိစ္စကို ဘယ်လို ထည့်သွင်းစဉ်းစားသင့်သလဲ။

ဖြေ – အရင်တစ်ခေါက်က လွှတ်တော်မှာတင်ပြီး မဲခွဲတော့ ရှုံးသွားပြီပဲ မဟုတ်လား။ decentralization (ဗဟိုချုပ်ကိုင်မှု လျှော့ချရေး) နဲ့ Distribution of Natural Resources (သယံဇာတခွဲဝေဖြန့်ဖြူးရေး) ပေါ့။ တိုင်းရင်းသားနယ် တွေမှာ အာဏာလျှော့ပြီးတော့ တိုင်းရင်းသားတွေတင်တဲ့ခေါင်းဆောင်ကို တင်ဖို့ရယ်၊ သယံဇာတပစ္စည်းကိုလည်း ခွဲဝေပေးဖို့၊ သယံဇာတတွေကို တိုင်းရင်းသားဒေသတွေအတွက် ၇၅ ရာခိုင်နှုန်း၊ ပြည်မအတွက် ၂၅ ရာခိုင်နှုန်းဆိုပြီး မျှပြီးသုံးချင်တဲ့ဆန္ဒရှိတယ်။ အဲဒီဟာ ကြိုးစားတာလည်း မအောင်မြင်လာဘူးလေ။ တောတွေ ပြုန်းအောင် ခုတ်လိုက်တယ်၊ နယ်ခံတွေ ဘာမှမရဘူး။ ကချင်လည်း ပြောင်နေပြီ။ ရှမ်းလည်း ပြောင်တလင်းဖြစ်တော့မယ်။ ရွှေတွင်းတွေက အစ၊ ကျောက်မျက်ရတနာတွေရော။ ဒါတွေက အစာကြေမယ့်အလုပ်တော့ မဟုတ်ဘူးဗျ။ ချုပ်လိုက်ရင် ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံကို မဖြစ်မနေ ပြင်ရမယ်ဆိုတာပဲဗျ။ အကျိုးဆက်တွေကို ခါးစည်းခံရတာကတော့ ဒေသခံတိုင်းရင်းသားတွေပဲ။

မေး – ၂ဝ၁၅ ရွေးကောက်ပွဲအလွန်မှာ လက်ရှိအာဏာရပါတီကပဲ ဆက်ပြီး အစိုးရဖွဲ့နိုင်တယ်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရပ်တပ်မတော်ထူထောင်ရေးဆိုတဲ့ကိစ္စအပေါ် ဘယ်လို သက်ရောက်မှုရှိမလဲခင်ဗျ။

ဖြေ – အဲဒီလိုသာ နိုင်သွားမယ်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ခက်ခဲမယ်။ ဖက်ဒရယ်တပ်မတော်ဆိုတာလည်း မဖြစ်လာနိုင်ဘူး။ ဖက်ဒရယ်စစ်စစ်လည်း ရမှာမဟုတ်ဘူး။ “မြန်မာ့နည်း၊ မြန်မာ့ဟန် ဖက်ဒရယ်” ပဲရမယ်။ ကျွန်တော်တို့တိုင်းပြည်မှာ “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်” စနစ်လည်း ကြုံခဲ့ပြီးပြီ။ “မြန်မာ့နည်း၊ မြန်မာ့ဟန် ဒီမိုကရေစီ”ဆိုတာလည်း ကြုံနေရပြီ။ ဖက်ဒရယ်မစစ်ရင်၊ တိုင်းရင်းသားတွေ ရချင်တာမျိုး မရရင်တော့ ဘယ်လောက်ပဲ လက်မှတ်တွေ ထိုးထားပါစေ တိုက်ပွဲတွေက ပြန်ဖြစ်မှာပဲ။

မေး – ဦးသိန်းစိန်က သမ္မတရာထူးကို နောက်တစ်ကြိမ် ပြန်ယူဖို့ ဆန္ဒရှိနေတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လို ယူဆပါသလဲ။

ဖြေ – သူ့ကို တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်တွေက (ဒုသမ္မတတစ်ဦးအဖြစ်) ရွေးပေးနိုင်တဲ့အခြေအနေ ရှိတယ်။ တိုင်းပြည်ကို လာဘ်ပေးလာဘ်ယူမှုနဲ့ ခြစားမှုတွေက အဓိကဒုက္ခပေးနေတယ်၊ တရားရေးမဏ္ဍိုင်ကြီးကလည်း မခိုင်မြဲဘူး။ ဦးသိန်းစိန်လက်ထက်မှာ ဒါတွေ ဘာမှ မကိုင်တွယ် မဖြေရှင်းနိုင်ခဲ့ဘူး။ လယ်ယာမြေကိစ္စတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ၊ ကျောင်းမှာရှိသင့်တဲ့လူငယ်တွေ ထောင်ထဲရောက်နေကြတာတွေ၊ သဘာဝဘေးတွေကြောင့် ပြဿနာတွေကလည်း ဝိုင်းဝိုင်းလည်နေတယ်။ ဒါတွေကို ဘယ်လိုလုပ်မလဲဆိုတာ ကျွန်တော်တို့ အတွင်းရော အပြင်ကပါ ဝိုင်းစဉ်းစားပေးကြရတော့မှာပါ။ ငြိမ်းချမ်းရေးလည်း ခိုင်မြဲသထက် ခိုင်မြဲအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ နက်နက်နဲနဲ စဉ်းစားပေးသင့်ပြီ။ ဦးသိန်းစိန်ရဲ့သက်တမ်းဖြစ်တဲ့ ပြီးခဲ့တဲ့ ငါးနှစ်တာအတွင်း ဒီ ပြဿနာတွေ မဖြေရှင်းနိုင်တဲ့အပြင် ပိုတောင်ဆိုးလာတယ်။ ။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading