"NLD က ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားပုံမရဘူး၊ လူကြိုက်ကတော့ များနေတုန်းပဲ"

ထရီဗာဝယ်လ်ဆန်

ထရီဗာဝယ်လ်ဆန်က ၂ဝဝဝ ကနေ ၂ဝဝ၃ အထိ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီးအဖြစ် တာဝန်ထမ်းခဲ့ပါတယ်။ အဲဒီကာလတုန်းက မြန်မာစစ်အစိုးရ အာဏာကို အကြွင်းမဲ့ထိန်းချုပ်ထားတဲ့ အချိန်ပါ။ စစ်ဗိုလ်ချုပ်တွေဟာ ၁၉၉၆၊ ၁၉၉၈ ကျောင်းသားဆန္ဒပြပွဲနှစ်ခုကို အောင်မြင်စွာ ဖြိုခွဲခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် နှစ်ကြိမ် ချခဲ့ပါတယ်။ ဒုတိယတစ်ကြိမ်က ဒေါ်စုရဲ့ ယာဉ်တန်း အုပ်စုဖွဲ့ လုပ်ကြံတိုက်ခိုက်ခံရတဲ့နောက်ပိုင်းမှာဖြစ်ပြီး သတင်း၊ သီချင်း၊ ရုပ်ရှင်ဇာတ်ကားမှန်သမျှ ဆင်ဆာဖြတ်တောက်ခံရချိန်လည်း ဖြစ်ပါတယ်။

ဝယ်လ်ဆန်က သံတမန်ဝန်ထမ်းအဖြစ်ကနေ အနားယူပြီးနောက်ပိုင်းမှာလည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ တက်တက်ကြွကြွ ဆက်လက်ပါဝင်နေရင်းကနေ ၂ဝဝ၃ အောက်တိုဘာမှာတော့ သြစတြေးလျနိုင်ငံတော်တက္ကသိုလ်၊ နိုင်ငံရေးနှင့် လူမှုအပြောင်းအလဲဌာနရဲ့ မြန်မာပြည်ရေးရာအဖွဲ့ဝင်တစ်ဦး ဖြစ်လာပါတယ်။ မြန်မာပြည်ကို ပြန်ရောက်လာတတ်ပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ဆောင်းပါးအများအပြား ရေးသားခဲ့ပါတယ်။

Konrad Adenauer-Stiftung အဖွဲ့ရဲ့ အစီအစဉ်နဲ့ စက်တင်ဘာလကုန်ပိုင်း နေပြည်တော်မှာ ကျင်းပတဲ့ ‘ရွေးကောက်ပွဲနှင့် ကျင့်ဝတ်များ’ဆွေးနွေးပွဲမှာ Myanmar Now ရဲ့ သတင်းထောက်ချုပ်က ဝယ်လ်ဆန်နဲ့ သီးခြားတွေ့ဆုံမေးမြန်း ခွင့်ရခဲ့ပါတယ်။

မေး - ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို ရောက်ရှိစဉ်နဲ့ အခုအချိန်မှာ ဘာတွေပြောင်းလဲသွားပြီလို့ ထင်ပါသလဲ။

ဖြေ - အရင်တုန်းက ဘယ်လောက်အထိ အခက်အခဲတွေကြုံခဲ့ရတယ်ဆိုတာ မပြောပြနိုင်အောင်ပါပဲ။ ၂ဝဝဝ ပြည့်နှစ်လောက်တုန်းက လူငါးဦးထက်ပိုပြီး စုဝေးတာကို အစိုးရက ခွင့်ပြုမထားပါဘူး။ စာပေစိစစ်ရေးက မစစ်ဆေးဘဲနဲ့ ဘာကိုမှ ပုံနှိပ်ထုတ်ဝေလို့ မရပါဘူး။ အခုအခါမှာတော့ လွတ်လပ်စွာ ပြောဆိုခွင့် ရလာပါပြီ။

အသင်းအဖွဲ့တွေ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ တွေ့ဆုံခွင့်နဲ့ ဆန္ဒထုတ်ဖော်မှုတွေနဲ့ ပတ်သက်လို့ ပြောင်းလဲမှုတွေ အများကြီး ရှိခဲ့ပါတယ်။ ဆန္ဒပြဖို့စီစဉ်သူအချို့ဟာ ခွင့်ပြုမိန့်ကျမှာမဟုတ်မှန်းသိသိနဲ့ တမင်စီစဉ်တယ်၊ ပြီးတော့ ဆန္ဒပြပြီး အဖမ်းခံရအောင် လုပ်တယ်လို့ ကျွန်တော်ထင်တယ်။ ဆန္ဒပြပွဲတွေ၊ တွေ့ဆုံပွဲတွေအတွက် ခွင့်ပြုချက်ပေးရမယ့် အရာရှိတွေကလည်း မကြာခဏဆိုသလို ဘာမှအကြောင်းမပြန် အဖြေမပေးကြတာဟာ သူတို့ကိုယ်တိုင် ဘယ်လိုဆုံးဖြတ် ရမယ်မှန်းမသိလို့ ဖြစ်နိုင်ပါတယ်။ သူတို့အနေနဲ့ ဟိုးအရင်က အတွေးအခေါ်တွေ ရှိနေပါသေးတယ်။

၂ဝ၁ဝ ပြည့်နှစ် ကျွန်တော်ဒီမှာရှိတုန်းက ရွေးကောက်ပွဲအတွက် တစ်သီးပုဂ္ဂလအမတ်လောင်းတွေအဖြစ် မှတ်ပုံတင်ထားတဲ့သူတွေက သူတို့တွေ ဘာလုပ်လို့ရတယ်၊ ဘာကိုတော့ လုပ်လို့ မရဘူးဆိုတ သိကြတာ မဟုတ်ဘူး။ ဆိုပါစို့ ... တစ်အိမ်အိမ်မှာ အစည်းအဝေး လုပ်မယ်ဆိုရင် အဲဒီအစည်းအဝေးကို တက်ရင် အဖမ်းခံရမှာ၊ နှောက်ယှက်ခံရမှာကို အိမ်နီးချင်းတွေက ကြောက်ကြတယ်။ တကယ်ကို ခက်ခက်ခဲခဲပါပဲ။ ကျွန်တော်ကြားရသလောက် အဲဒီလိုအနေအထား တွေ နည်းနည်း ကျန်နေပါသေးတယ်။ နောက်တော့လည်း ပြောင်းလဲသွားနိုင်ပါတယ်။

အကျင့်ပျက်ခြစားမှု၊ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှု၊ လူကုန်ကူးမှုတို့နဲ့ ပတ်သက်ပြီး အစိုးရဘက်က ဝန်ခံပြောကြားတာတွေ ပိုရှိလာပါတယ်။ ၂ဝဝဝ ပြည့်နှစ်ဝန်းကျင်လောက်ကကိုပဲ ဒီနယ်ပယ်တွေမှာ တိုးတက်စပြုနေပါပြီ။ မြန်မာအစိုးရက ငွေကြေးခဝါချမှု တိုက်ဖျက်ရေး လုပ်ဆောင်ဖို့ ကြိုးစားခဲ့တာ ကျွန်တော် မှတ်မိပါတယ်။ ဒါနဲ့ပတ်သက်လို့ ဥပဒေကြမ်း ၇ ခု ရခဲ့ပြီး အဆင့်တိုင်းမှာ ပြည်သူတွေနဲ့ ဆွေးနွေးညှိနှိုင်းပါတယ်။ သူတို့ဆွေးနွေးတဲ့ပုံက ခင်ဗျားတို့ ကျွန်တော်တို့ နားလည်ထားတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း ကြိုးတော့ကြိုးပမ်းခဲ့ကြပါတယ်။

အသေးစား စီးပွားရေးလုပ်ငန်းတွေ၊ ပုဂ္ဂလိကလုပ်ငန်းတွေ ထပ်ပြီး ပေါ်လာတယ်။ စီးပွားရေးလုပ်ငန်းတွေ ပိုလုပ်လာနိုင်ကြတယ်။ ကျွန်တော်ဒီမှာ သံအမတ်တာဝန် ယူတုန်းမှာပဲ တက္ကသိုလ်တွေကို ပြန်ဖွင့်နေပြီ။ ကျောင်းသားတွေ မြန်မြန်ဆန်ဆန်ပဲ ဘွဲ့ရကုန်ကြတယ်။ အလုပ်တော့ မရကြဘူးပေါ့။

မေး - ဘယ်ကဏ္ဍတွေမှာ မပြောင်းလဲသေးဘူးလဲ။

ဖြေ - စစ်တပ်က ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတာ၊ အင်အားအလွဲသုံးစားလုပ်နေတာတွေကတော့ အများကြီးမပြောင်းသေးဘူးပေါ့။ နည်းနည်းတိုးတက်လာပေမယ့် လုံလောက်ပြီလို့တော့ မပြောနိုင်ပါဘူး။ စစ်တပ်က သူတို့အကျိုးစီးပွား အတွက် မြေသိမ်းနေတုန်းပါ။ ဒါကတော့ တကယ့်ကို စိတ်ပျက်စရာပေါ့။ စစ်တပ်က နောက်ကွယ်မှာ ဆက်ပြီးချုပ်ကိုင်နေတုန်းပါ။ အကောင်းဘက်ကို ရွေ့လာမှာလေးတွေတော့ ရှိပါတယ်။ သူတို့ အရင်လိုတော့ သိပ်ပြီး တူးတူးခါးခါး မလုပ်တော့ဘူး။ သူတို့ကို လာကန့်သတ်ဖို့တော့ ဘယ်သူ့ကိုမှ ခွင့်မပြုသေးပါဘူး။

တရားစီရင်ရေးစနစ်ကလည်း မပြောင်းလဲသေးပါဘူး။ အကျင့်ပျက်ခြစား၊ အရည်အချင်းမပြည့်ဝတဲ့ တရားသူကြီးတွေ ရှိနေတုန်းပဲ။

ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေက ပိုဆိုးလာတယ်၊ လမ်းတွေကလည်း အများကြီး မပြောင်းလဲသေးဘူး။

နိုင်ငံရဲ့ ကြွယ်ဝတိုးတက်မှုဟာလည်း အများကြီးမရှိသေးဘူး။ တစ်နည်း ပြောရရင် တိုးတက်မှုနည်းနည်းလောက်လေးရှိတာတောင် အဲဒါကို ပြည်သူလူထုကြီးက မခံစားရဘူး။ စီးပွားရေးကောင်းမွန်လာမှုအပေါ် ပြန်လည်ခွဲဝေအသုံးချဖို့ ကောင်းမွန်တဲ့စနစ် မရှိဘူး။ မူဝါဒချမှုစနစ်တွေ၊ အစိုးရရဲ့ အုပ်ချုပ်ရေးစနစ်တွေက ကျန်းမာရေး၊ ပညာရေးနဲ့ အခြားကဏ္ဍတွေမှာ တိုးတက်ဖို့ရာအတွက် အများကြီး ဖွံ့ဖြိုးမလာသေးပါဘူး။ ကျန်းမာရေးကဏ္ဍမှာ ဘဏ္ဍာငွေတစ်ဆင့် ခွဲဝေသုံးစွဲမှု လုံးဝကို တိုးတက်မလာသေးဘူး။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ တကယ်ရှိရမယ့် ပုံစံမျိုးထက် ပိုဆင်းရဲတဲ့ပုံစံမျိုး ပေါက်နေတာပါ။

မေး - သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် သမိုင်းကြောင်းက ဘယ်လို အဆုံးအဖြတ် ပေးသွားမယ်လို့ ထင်ပါသလဲ။

ဖြေ - သမိုင်းကြောင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး တန်ဖိုးဖြတ်မယ်လို့ မထင်ပါဘူး။ သူက သန့်စင်မွန်မြတ်သူတစ်ဦးအဖြစ်နဲ့ အမြဲ သတ်မှတ်ခံသွားရမှာပါ။ သူ့ကို နိုင်ငံရေးပါးမဝဘူး၊ အတ္တလည်းကြီးတယ်လို့ ထင်ထားကြတဲ့ မြန်မာတွေ အများကြီးရှိတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒီလိုလည်း အမြဲတမ်း ထင်နေကြမှာမဟုတ်ပါဘူး။ နိုင်ငံတကာမီဒီယာတွေအနေနဲ့ ဒီလိုကိစ္စမျိုးတွေကို မဖော်ပြချင်ပါဘူး။

ဦးသိန်းစိန်ကိုကျတော့ လျှော့တွက်ထားကြပြီး ထိုက်သင့်သလောက် တန်ဖိုးထားမခံရဘူးလို့ ထင်ပါတယ်။ သူလုပ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့ဟာတွေ ပြည့်ပြည့်ဝဝ မဆောင်ရွက်ရသေး၊ အကောင်အထည်အဖော်မခံရသေးတော့ ဖြစ်သင့်ဖြစ် ထိုက်သလောက်၊ ရသင့်သလောက် ရလဒ်ကောင်းတွေ များများစားစား ရမလာခဲ့ပါဘူး။

အမှန်တကယ်တော့ သူက တမူထူးခြားတဲ့ စွမ်းဆောင်ရည်ရှိတဲ့ လူတော်သူတစ်ဦးလို့ ထင်ပါတယ်။ ကျွန်တော် အမြဲရေးခဲ့သလိုပါပဲ အပြောင်းအလဲတွေအားလုံး၊ ပြုပြင်မှုတွေအားလုံးဟာ သူ့ဆီကနေပဲ လာခဲ့တာပါပဲ။ အခြေခံဥပဒေ ရေးဆွဲတုန်းက သူကြီးကြပ်ခဲ့တာပါ။ ဒီအခြေခံဥပဒေထဲမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်တွေ ပါပါတယ်။ တကယ်လည်း ဒါဟာ အကောင်အထည်ဖော်ရမယ့်အရာပါ။ ဒါကြောင့်လည်း အခြားဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုတာပေါ့။ ဒါပေမဲ့ ဦးသိန်းစိန်က နည်းနည်းတော့ တမူကွဲအောင်လုပ်ခဲ့တယ်လို့ ထင်တယ်။

ငွေကြေးလဲလှယ်မှုနှုန်းလိုဟာမျိုး ကိစ္စတချို့ကို သူတို့ လုပ်ကြပါတယ်။ သူတို့ ဘယ်တော့မှ ဒီငွေလဲနှုန်းကိစ္စကို ကိုင်မှာမဟုတ်ဘူးလို့ လူတွေက အမြဲပြောခဲ့ကြပေမယ့် သူတို့ ကိုင်တွယ်ခဲ့ပါတယ်။ မြန်မြန်ဆန်ဆန်လည်း ကိုင်တွယ်ခဲ့ပါတယ်။

မေး - ဒါပေမယ့် ဒီအစိုးရလုပ်ဆောင်ခဲ့တာတွေဟာ ဘယ်အစိုးရမျိုးမဆို လွယ်လွယ်ကူကူ လုပ်နိုင်လောက်တဲ့ အရာတွေဖြစ်တယ်လို့ တချို့က ပြောကြတယ်။

ဖြေ - ဟုတ်လောက်ပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေမှာ သူတို့တကယ်ရခဲ့တဲ့ရလဒ်ထက် ရလဒ်ပိုကောင်းအောင် ရည်ရွယ်ခဲ့တာပါ။ ဥပမာ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်အခြေအနေတစ်ရပ်ဖြစ်ဖို့ သမဂ္ဂတွေ၊ အလုပ်သမားတွေကို ဆန္ဒပြခွင့်တွေ ပေးတာမျိုးပေါ့။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတချို့ အကောင်အထည်ဖော်မှု ဒါမှမဟုတ် လုပ်ခလစာ တိုးလာခြင်းအားဖြင့် တွေ့ရမယ့် စနစ်အပြောင်းအလဲကနေ ရရှိလာမယ့် အကျိုးအမြတ်တွေက ရသင့်သလောက် ရမလာဘူး။ ဖြစ်သင့်သလောက် ဖြစ်မလာဘူး။ ဒီလိုအခြေအနေတွေကြောင့် အထူးသဖြင့် ကိုယ်ပိုင်စီးပွားရေးထူထောင်ဖို့ပဲဖြစ်ဖြစ် အိုးအိမ်ဝယ်ဖို့ပဲဖြစ်ဖြစ် ငွေမရှိတဲ့ မြို့နေလူတန်းစားအလွှာထဲမှာတော့ စီးပွားရေးတိုးတက်မှု နှေးသွားတယ်လို့ ကျွန်တော်ထင်တယ်။

ရန်ကုန်မြို့က လှိုင်သာယာတို့ ဘာတို့လို နေရာတွေကို ရောက်ရှိလာကြတဲ့ လူတွေဟာ လစာတစ်ခုနဲ့ အလုပ်လုပ်နိုင်တယ်။ သူတို့က သင်ယူတာမြန်ပေမယ့် ဘဝတွေက သိသိသာသာ တိုးတက်မလာဘူး။ ဥပမာ အိမ်တစ်လုံးဝယ်နိုင်လောက် တဲ့ငွေကြေး ရဖို့ သူတို့အတွက် သိပ်ခက်ပါတယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုရဲ့ နောက်ဆက်တွဲ တိုးတက်မှုတွေက လိုက်မလာခဲ့ပါဘူး။ ဒီလူတွေ ဒီအခြေအနေထက် ပိုကောင်းတာမျိုး ဖြစ်ခဲ့သင့်တာပေါ့။ ဒီပြဿနာရဲ့အဖြေက ဘာလဲတော့ မသိပါဘူး။ ဒါပေမဲ့ ဒါဟာ နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုကို တကယ်ပဲ တားဆီးထားခဲ့ပါတယ်။

အာဆီယံဒေသထဲက နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင် မြန်မာနိုင်ငံဟာ လာအိုနဲ့အတူ အောက်ခြေအဆင့်မှာ ရှိနေတုန်းပါပဲ။ လာအိုဆိုတာ တကယ့်နိုင်ငံသေးသေးလေးပါ။ လူဦးရေ လေး၊ ငါးသန်းလောက်ပဲ ရှိတယ်။ လုံးဝနွမ်းပါးပြီး ပညာတတ် နည်းနည်းပဲရှိတဲ့ ကွန်မြူနစ်နိုင်ငံလေးပါ။ မြန်မာနိုင်ငံအနေနဲ့ ဘာနဲ့ပဲတိုင်းတိုင်း လာအိုထက်အများကြီး ပိုစွမ်းဆောင်နိုင်တာမျိုးပဲ ဖြစ်သင့်ပါတယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်အတွင်း သည့်ထက်မက တိုးတက်မှုတွေ ရခဲ့သင့်ပါတယ်။ ဒါပေမယ့် ဖြစ်အောင်လုပ်နိုင်ခဲ့ပုံ မပေါ်ပါဘူး။

မေး - ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အသုံးချလိုက်တယ်လို့ ရေးခဲ့ဖူးတယ် မဟုတ်လား။ အဲဒါအတွက် သူအနေနဲ့ ပေးဆပ်မှုတစ်စုံတစ်စုံ လုပ်ခဲ့ရလား။ ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် လိုချင်တာရလိုက်တယ်လို့ ထင်လား။

ဖြေ - သူ့အတွက် အရှုံးမရှိဘူးလို့တော့ ထင်တယ်။ ပြည်သူတွေကလည်း ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုအသုံးချခံလိုက်ရတယ်၊ ဘာတွေ အလုပ်ဖြစ်သွားတယ်ဆိုတာကို မကြည့်ကြဘူးလေ။ သူ့အနေနဲ့ ဒီကိစ္စကို ပြည်သူတွေကို ဖွင့်မပြောခဲ့တာက သူ့အတွက်လည်း ကောင်းပါတယ်။ ဒါကြောင့် သူကလည်း လူသိရှင်ကြား ထုတ်မပြောဘူး။ သူ့အနေနဲ့ လွှတ်တော်ထဲမှာ ရောက်ရှိသွားတာဟာ တစ်နည်းတစ်ဖုံအားဖြင့် ပိုကောင်းတယ်။ ဒါဟာ သမ္မတဦးသိန်းစိန်ရဲ့ လှပတဲ့ နိုင်ငံရေးအကွက်ရွှေ့မှုပါ။ သမ္မတအနေနဲ့ (ဒေါ်စု လွှတ်တော်ထဲ ရောက်ရုံဆိုတော်ပြီလား) ဆိုတာတော့ ကျွန်တော်မသိဘူး။ ဒီလောက်ပဲလိုချင်တယ်ဆိုတာ ဖြစ်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ သည့်ထက်မက လုပ်ဆောင်ခဲ့သင့်တာပေါ့။ ဒါပေမယ့် ဥပဒေစိုးမိုးရေးဆိုတာ တကယ့်ကို ခက်ခဲနက်နဲပါတယ်။ တရားစီရင်ရေးစနစ်ကတော့ မပြောင်းလဲသေးပါဘူး။

မေး - မီဒီယာတွေများပြားလာတာရဲ့ အခန်းကဏ္ဍဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖွံ့ဖြိုးမှုအတွက် သိပ်ကို အားရစရာကောင်းတယ်လို့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားတယ်နော်။

ဖြေ - မြန်မာတွေ နိုင်ငံရေးကို ဒီလောက်ကြိုက်ကြ၊ နှစ်သက်ခုံမင်ကြတာကို ကျွန်တော်တော့ အားအရဆုံးပဲ။ နိုင်ငံရေးဟာ ဒီလောက် ဆိုးရွားခဲ့တဲ့ကြားက ခုလိုဘာကြောင့်ဖြစ်နေကြသလဲ ဆိုတာတော့ မသိဘူး။ သူတို့ သတင်းစာတွေ၊ မီဒီယာတွေကို စိတ်ဝင်စားကြတယ်။ လမ်းပေါ်မှာ သတင်းစာဖတ်နေတဲ့သူတွေ၊ ရေဒီယိုနားထောင်နေတဲ့သူတွေကို တွေ့ဖူးမှာပါ။ ဒါကြောင့် ဖက်ဒရယ်စနစ်ပဲဖြစ်ဖြစ်၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီ ဖော်ဆောင် ရေးပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ မီဒီယာရပ်ဝန်း၊ မီဒီယာအခန်းကဏ္ဍဟာ အလွန်အရေးပါတယ်လို့ ထင်ပါတယ်။

မေး - ဒါပေမယ့် သာမန်ပြည်သူတွေကို စကားပြောကြည့်ပြန်တော့ သူတို့က ရွေးကောက်ပွဲကို စိတ်မဝင်စားကြပြန်ဘူး။

ဖြေ - ၂ဝ၁ဝ ရွေးကောက်ပွဲနောက်ပိုင်းမှာ ပြည်သူတွေ ရွေးကောက်ပွဲကို စိတ်မဝင်စားတော့တာနဲ့ ပတ်သက်လို့ ကျွန်တော် အပြစ်မတင်ချင်ပါဘူး။ ပြည်သူတွေဟာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေအပေါ်မှာ ယုံကြည်မှုရှိဖို့ လိုအပ်တယ်။ ဒါပေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲရလဒ်က မြန်မာပြည်သူတွေအတွက် ယုံကြည်မှု ဖြစ်မလာဘူး။ ဒါကြောင့် သူတို့ ရွေးကောက်ပွဲတွေအပေါ်မှာ အရာအားလုံးရဲ့အဖြေအဖြစ် ယုံကြည်ချက် နည်းသွားတာပါ။ ဒါဟာလည်း ကျော်လွှားရမယ့် အရာတစ်ခုပဲပေါ့။ ဒီလိုဖြစ်ဖို့ဆိုတာကလည်း ကောင်းမွန်တဲ့ရွေးကောက်ပွဲတစ်ခု ရှိမှသာ ကျော်လွှားနိုင်မှာပါ။ ဒီတစ်ကြိမ်မှာတော့ ပြည်သူတွေ အများကြီး ပြင်ဆင်လုပ်ထားပြီးပြီ ထင်ပါတယ်။ Carter Center, IDEA, IFES အစရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပေးတဲ့ လေ့ကျင့်မှုတွေ၊ သင်တန်းတွေ၊ ပညာပေးမှုတွေ၊ လှုံ့ဆော်မှုတွေကြောင့် မြန်မာနိုင်ငံဟာ ဘယ်တုန်းကနဲ့မှ မတူအောင် ဒီတစ်ကြိမ် ပြင်ဆင်ထားပြီးပြီလို့ ကျွန်တော် ရေးခဲ့ဖူးပါတယ်။

ဒါမျိုးတွေ အရင်တုန်းက ရှိမှ မရှိခဲ့တာ။ ဒီအဖွဲ့အစည်းက လူတွေဟာ မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်ကတည်းက ကြိုရောက်နေကြတာပါ။ အခုဆိုရင် ဒီမှာအခြေကျနေပြီး နယ်မြေအသီးသီးက ရွေးကောက်ပွဲစောင့်ကြည့် ရေးအဖွဲ့ ကွန်ရက်တစ်ခုကို ဖန်တီးလိုက်နိုင်ပါပြီ။ ဒါ အင်မတန်မှ ကောင်းပါတယ်။

ခုအချိန်မှာတော့ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး ဘယ်လိုထွက်လာမလဲဆိုတာ ထွေထွေထူးထူး အာမမခံနိုင်သေးဘူး။ သာမန်ပြည်သူတွေအတွက် ရွေးကောက်ပွဲရလဒ်က သိပ်ကို စိတ်ပျက်လောက်စရာလည်း ဖြစ်သွားနိုင်ပါတယ်။

နောက်တစ်ချက်က ရွေးကောက်ပွဲမှာ NLD အနေနဲ့ အစိုးရတစ်ရပ် ဖွဲ့နိုင်ခဲ့ရင်တောင်မှ ကောင်းကောင်းမွန်မွန် မကိုင်တွယ်မလုပ်ဆောင်နိုင်ဘူး ဆိုရင်ရော၊ ဒါဖြင့် ရွေးကောက်ပွဲလုပ်ရတာ ဘာအတွက်လဲ၊ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ခင်ဗျားတို့အနေနဲ့ ဒါဟာ ဖြတ်ကိုဖြတ်သန်းရမှာပါ။ ဒီလို မဖြစ်ဖို့ ခင်ဗျားတို့လုပ်နိုင်တာ များများစားစား မရှိလှပါဘူး။ ပြည်သူတွေအနေနဲ့ အထူးသဖြင့် အခွန်ထမ်းပြည်သူတွေဟာ သူတို့ဖြစ်ချင်တာကို ပြောပြချင်ကြပါတယ်။ ပြောခွင့်လည်းရထိုက်ပါတယ်။

ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကျွန်တော်မသိပါဘူး။ NLD က ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားပုံမရဘူး၊ လူကြိုက်ကတော့ များနေတုန်းပဲလို့ ထင်ပါတယ်။ ဒါလည်း ပြဿနာမဟုတ်ပါဘူးလို့ ထင်တယ်။ သူတို့အနေနဲ့ အစိုးရတစ်ရပ် တကယ်မဖွဲ့နိုင် မလုပ်နိုင်သရွေ့ကတော့ (သူတို့ရဲ့ပြင်ဆင်မှုကို) ကျွန်တော်တို့ မသိနိင်ပါဘူး။ ပြည်သူတွေရဲ့ လိုလားချက်တွေအပေါ်မှာတော့ သူတို့က ပိုပြီး ငဲ့ကြည့်ကြမှာပါ။ ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading