"တက်လာမယ့် သမ္မတက အရပ်သားထဲကပဲ ဖြစ်သင့်ပါတယ်"

ကမန်အမျိုးသားတိုးတက်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှတိုး
ကမန်အမျိုးသားတိုးတက်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှတိုး

ကမန်အမျိုးသားတိုးတက်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှတိုးသည် နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်သူဖြစ်သည်။

ပါတီသည် ကမန်လူမျိုးများတည်ရှိရာ ရခိုင်ပြည်နယ်တွင်သာ လှုပ်ရှားမှုပိုမိုများပြားသည့် ပါတီငယ်တစ်ခု ဖြစ်သည်။ မကြာသေးခင်က Myanmar Now နှင့် ရန်ကုန်တွင် တွေ့ဆုံစဉ် အသက် ၅၆ နှစ် ရှိပြီဖြစ်သည့် ကျောင်းဆရာဟောင်း ဦးလှတိုးက မဲဆန္ဒနယ်မြေ ရွေးချယ်မှု၊ ပါတီ၏ မဲဆွယ်စည်းရုံးမှု၊ ရွေးကောက်ပွဲပြီးကာလ ဖြစ်နိုင်ချေများ၊ ၂ဝ၁၅ အလွန် သမ္မတ စသည့် အကြောင်းအရာများကို ပြောပြခဲ့သည်။ သတင်းထောက် အိချယ်ရီအောင်က တွေ့ဆုံမေးမြန်းထား ခြင်းဖြစ်သည်။

မေး - ကမန်အမျိုးသားတိုးတက်ရေးပါတီကို မတည်ထောင်ခင်တုန်းက ဦးလှတိုး ဘယ်ပါတီမှာ လှုပ်ရှားခဲ့သလဲ။

ဖြေ - အရင်တုန်းက ပညာရေးဝန်ထမ်း ကျောင်းဆရာဖြစ်တဲ့ အတွက် ဘယ်ပါတီဝင်မှ မဟုတ်ပါဘူး။ တာမွေ အ.ထ.က ၅ မှာ အထက်တန်းကျောင်းသားတွေကို နောက်ဆုံးစာသင်ခဲ့ပါတယ်။ ၁၉၈ဝ တုန်းကစပြီး ကျောင်းဆရာ စလုပ်တာပဲ။ ၁၉၉၅ မှာတော့ ကျောင်းဆရာအလုပ်က နှုတ်ထွက်ပြီး ၂ဝ၁ဝ မှာ ပါတီကို တည်ထောင်ခဲ့တာပါ။ ဝန်ထမ်းဘဝကတည်းက နိုင်ငံရေးကို စိတ်ဝင်စားခဲ့တာပါ။ ဒါကြောင့် ပါတီတည်ထောင်ဖြစ်တာပါ။ အခုတော့ တခြား ဘာစီးပွားရေးမှ မလုပ်ပါဘူး။

မေး - ပါတီက ဘယ်ဒေသတွေမှာ ဝင်ပြိုင်မှာလဲ။

ဖြေ - ရခိုင်ပြည်နယ်မှာ ၂ ယောက်၊ ရန်ကုန်တိုင်းဒေသကြီးမှာ ၂ ယောက် ဝင်ပြိုင်မှာပါ။ ၄ ယောက်လုံးက အမျိုးသားတွေပါပဲ။

မေး - အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဘာကြောင့် ဝင်ရောက်မယှဉ်ပြိုင်တာပါလဲ။

ဖြေ - ဗဟိုကောက်မတီဝင် စုစုပေါင်း ၁၅ ဦးမှာ အမျိုးသမီး ၃ ဦး ပါပါတယ်။ ကျွန်တော်တို့က သူတို့ကို ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မဝင်ဖြစ်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့ ၄ ယောက်ပဲ ဝင်လိုက်ရတာပါ။

မေး - ပါတီက ဘယ်ဒေသတွေမှာ အားကောင်းသလဲ။

ဖြေ - ရခိုင်ပြည်နယ်ပါ။ အဲဒီမှာက ကမန်လူမျိုးအများစုရှိတယ်လေ။

မေး - ပါတီက ရခိုင်ပြည်နယ်မှာ အားကောင်းတယ်ဆိုပြီး အခုကျတော့ ကမန်လူမျိုးစုနည်းပါးတဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ်ကို ရွေးချယ်ခဲ့တာ ဘာကြောင့်လဲ။

ဖြေ - ၂ဝ၁ဝ တုန်းက ရခိုင်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့လည်း အနိုင်မရရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာက ကမန်လူဦးရေက ရခိုင်လူဦးရေလောက် သိပ်မများတဲ့အတွက်ကြောင့်ပါ။ ရခိုင်ပြည်နယ်မှာက လူမျိုးရေးခွဲခြားတာတွေ ရှိမယ်။ ရန်ကုန်မှာက လူမျိုးရေးခွဲခြားတယ်ဆိုတာ မရှိဘူး။ ကိုယ်ကိုယ်တိုင်ကလည်း မင်္ဂလာတောင်ညွှန့်မှာ နေတဲ့အတွက် ဒီမှာပဲပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပါတီကလည်း တစ်နိုင်ငံလုံးကို စည်းရုံးမှာဖြစ်တဲ့အတွက် ရန်ကုန်မှာပြိုင်ဖြစ်တဲ့ သဘောပါ။ လွှတ်တော်ထဲနေရာရရင်လည်း ကိုယ့်လူမျိုး ကိုယ့်ပြည်နယ်ကိစ္စကို ဦးစားပေးပြီး လုပ်ဆောင်သွားမှာပါ။ ကိုယ်နိုင်ငံကိစ္စတွေ လုပ်သွားမှာပါ။ လွှတ်တော်မှာပြောတဲ့စကားနဲ့ အပြင်မှာပြောတဲ့စကား သိပ်မတူဘူးလေ။ လွှတ်တော်ပြင်ပက သမ္မတကိုပဲ စာလှမ်းရေးပြီးပြောပြော၊ ဝန်ကြီးကိုပဲ စာလှမ်းရေးပြီးပြောပြော ဘာမှ ထူးခြားမလာဘူး။ မရွေ့ဘူး။ ဒါကြောင့် ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

မေး - မဲဆွယ်စည်းရုံးရေးကာလက အများကြီး မရှိပါဘူး။ မဲဆွယ်ခွင့်ရတဲ့ကာလ အစောပိုင်းမှာ ပါတီက မဲမဆွယ်သေးတာ ဘာကြောင့်လဲ။

ဖြေ - အောက်တိုဘာ ပထမပတ်လောက်မှာတော့ စည်းရုံးရေးလုပ်ပါမယ်။ နိုင်ငံရေးပါတီဆိုပေမဲ့ လူအင်အား သိပ်မရှိသလို ငွေအင်အားလည်း သိပ်မရှိပါဘူး။ တခြားပါတီရဲ့ လူ၊ ငွေ သုံးနိုင်မှုကိုလည်း မယှဉ်နိုင်ပါဘူး။ ၁ဝ လပိုင်းအတွင်း မှာ တစ်ပတ်ကို တစ်ကြိမ်လောက်တော့ စည်းရုံးရေးလုပ်ဖို့ ရည်ရွယ်ထားပါတယ်။

မေး - ပြည်သူအများစုက ပါတီကြီး နှစ်ခုကိုပဲ သိတဲ့သဘောရှိတယ်။ ကမန်ပါတီက ကိုယ့်ကို အများ သိရှိပြီး စိတ်ဝင်စားလာအောင် ဘယ်လိုမဲဆွယ်မလဲ။

ဖြေ - ကျွန်တော်တို့ပါတီကို မေ့သွားမှာစိုးလို့ ရွေးကောက်ပွဲနီးမှ စည်းရုံးရေးလုပ်တာပါ။ ပါတီကြီးတွေကတော့ လူလည်းရှိတယ်၊ ငွေလည်းရှိတယ်ဆိုတော့ လုပ်ချင်တာ လုပ်လို့ရတယ်။ အဲဒီပါတီတွေ နည်းနည်းငြိမ်မယ့် အချိန်မှာ ကိုယ့်ပါတီက စည်းရုံးရေးထလုပ်မယ်။

မေး - ရက်အနည်းငယ်အတွင်းမှာ ကိုယ့်ပါတီကို လူသိအောင် ဘယ်လိုလုပ်မလဲ။

ဖြေ - ပြည်သူလူထုရဲ့ အခက်အခဲတွေကို လွှတ်တော်မှာ ဖြေရှင်းလို့ရအောင် တောင်းဆိုပေးသွားမယ်။ လမ်းမကောင်းတာတွေ ပြင်ဖို့အတွက်၊ လျှပ်စစ်မီးမရတာ၊ ရေမရတာ စတာတွေ အားလုံးရရှိအောင် လွှတ်တော်မှာ တောင်းဆိုပေးသွား မယ်ဆိုပြီး အဲဒီအချက်တွေပေါ်မှာ အခြေခံပြီး စည်းရုံးရေးလုပ်မှာပါ။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာက လုပ်ပေးလို့ရတာ မဟုတ်ဘူး၊ အစိုးရကိုတောင်းဆိုလို့ပဲ ရပါတယ်။ ဒါကြောင့် လွှတ်တော်ထဲရောက်ခဲ့မယ်ဆိုရင် အဲဒီအချက်တွေကို တောင်းဆိုသွားမှာပါ။

မေး - ရွေးကောက်ပွဲနေ့မှာ ပါတီရဲ့ မဲရုံကိုယ်စားလှယ်တွေက ဘယ်ဒေသတွေမှာ ရှိမလဲ။

ဖြေ - မင်္ဂလာတောင်ညွှန့်မြို့နယ်မှာတော့ မဲရုံတိုင်းကို ချသွားမှာပါ။ သာကေတ၊ ပုဇွန်တောင်၊ ဒေါပုံ၊ ဗိုလ်တထောင် စတဲ့ မြို့နယ်တွေကျတော့ နည်းနည်းကြီးတဲ့ မဲရုံတွေမှာပဲ မဲရုံကိုယ်စားလှယ်လောင်းတွေ ထားရှိသွားမှာပါ။ ရခိုင်မှာဆိုရင်လည်း အရေးကြီးတဲ့ မဲရုံကြီးတွေမှာပဲ မဲရုံကိုယ်စားလှယ်လောင်းတွေ ထားသွားမှာပါ။ နေရာတိုင်းမှာ မဲရုံကိုယ်စားလှယ် မထားနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူအင်အား သိပ်မရှိလို့ပါ။ လူအင်အားဘယ်လောက်သုံးမလဲ ဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး။

မေး - ဘယ်ဒေသတွေမှာ အရွေးခံရမယ် ထင်ပါသလဲ။

ဖြေ - သိပ်ပြီးမခန့်မှန်းရဲပါဘူး။ စာမေးပွဲဖြေတော့ ဖြေတယ်။ ဂုဏ်ထူးတော့ မရလောက်ဘူး။ အမှတ် ၄ဝ လောက်နဲ့တော့ အောင်မယ် ထင်တယ်။ ကိုယ်စားလှယ်လောင်း တစ်ယောက်လောက် အနိုင်ရလည်း မဆိုးပါဘူး။ ရန်ကုန်မှာ တစ်ယောက်လောက်အနိုင်ရအောင်တော့ ကြိုးစားသွားမှာပါ။ ရခိုင်ပြည်နယ်မှာ ရဖို့တော့ မလွယ်လောက်ဘူး ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာက လူမျိုးရေးခွဲခြားလို့ပါ။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်ဆိုရင် လူမျိုးကိုမကြည့်ဘဲ လူကိုလူလိုပဲကြည့်ပြီး မဲပေးခဲ့လို့ အနိုင်ရခဲ့တာလို့ပဲ မြင်မှာပါ။

မေး - ရွေးကောက်ပွဲ မနိုင်ဘူးဆိုရင် ပါတီက ဘာဆက်လုပ်မလဲ။

ဖြေ - ကမန်လူမျိုးတွေရဲ့လိုအပ်ချက်တွေ လွှတ်တော်ပြင်ပကနေ တောင်းဆိုသွားမှာပါ။ ရေ၊ မီး၊ လမ်း မကောင်းတဲ့ကိစ္စတွေနဲ့ ကမန်လူမျိုးတွေရဲ့ အရေးကိစ္စတွေကို ဆောင်ရွက်သွားမှာပါပဲ။ ပါတီ တည်ထောင်ထားတဲ့ အတွက် သမ္မတ၊ ဝန်ကြီးတွေကို ကမန်လူမျိုးတွေရဲ့ လိုအပ်ချက်ကို သွားတွေ့ပြီး ပြောဆိုလို့ရပါတယ်။ ပါတီမရှိဘူးဆိုရင် သူတို့နဲ့တွေ့ပြီး လိုအပ်ချက်တွေပြောဖို့ဆိုတာ သိပ်တော့ မလွယ်လှပါဘူး။

မေး - ဒီရွေးကောက်ပွဲက တရားမျှတမယ်လို့ မြင်လား။

ဖြေ - မျှတတယ်၊ မမျှတဘူးဆိုတာက ပြောဖို့စောသေးတယ်။ ပြည်တွင်းပြည်ပ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း စောင့်ကြည့်လေ့လာမှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲနေ့ရောက်ရင် တကယ်တရားမျှတတဲ့ ရွေးကောက်ပွဲ ဟုတ်မဟုတ် ဆိုတာ ပေါ်မှာပါပဲ။

မေး - ၂ဝ၁၅ ရွေးကောက်ပွဲက မြန်မာနိုင်ငံအတွက် အပြောင်းအလဲ ဖြစ်နိုင်မလား။

ဖြေ - ဒီရွေးကောက်ပွဲက အရင်လူတွေပဲ ရရင်တော့ သိပ်ပြီး ပြောင်းလဲလိမ့်မယ်လို့ မထင်ပါဘူး။ အတိုက်အခံပါတီ သို့မဟုတ် တိုင်းရင်းသားပါတီတွေပါ အစိုးရထဲမှာ ပါလာမယ်ဆိုရင်တော့ အပြောင်းအလဲဖြစ်မယ်လို့ ထင်ပါတယ်။ ညွှန့်ပေါင်းအစိုးရသာ ဖြစ်ခဲ့ရင် တစ်ယောက်မှားတာကို တစ်ယောက်က ထောက်ပြတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကောင်းသွားမှာပါ။ ပါတီကြီး နှစ်ခုပဲဆို တိုင်းရင်းသားတွေရဲ့ မကျေနပ်ချက်တွေ ပေါ်လာဦးမှာပါပဲ။ စစ်ဘက်က လာတဲ့ သမ္မတ မဟုတ်ဘဲ အရပ်သား တစ်ယောက်ယောက်ကိုပဲ (သမ္မတ) ဖြစ်စေချင်ပါတယ်။ ဘယ်ပါတီကပဲ နိုင်နိုင်၊ တက်လာမယ့် သမ္မတက အရပ်သားထဲကပဲ ဖြစ်သင့်ပါတယ်။ တပ်ကပဲ ယူနီဖောင်းလဲပြီး အုပ်ချုပ်တာ နှစ်ပေါင်း တော်တော် ကြာပြီပဲ။ သမ္မတ ဦးသိန်းစိန်ဆိုလည်း တပ်ကပဲလေ။ ပြည်သူကို ကိုယ်စားပြုတဲ့သမ္မတ ဖြစ်စေချင်ပါတယ်။ စစ်တပ်ဆိုတာက တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆင်းလာတဲ့သူဆိုတော့ ဘယ်လောက်တော်တော်၊ ဘယ်လောက်တတ်တတ် စစ်တပ်သွေးကတော့ ပါလာပြီးသားပဲ။ အရပ်သားကတော့ ပြည်သူထဲကလာတဲ့သူဖြစ်တဲ့အတွက် ပြည်သူတွေအခက်အခဲတွေကို စစ်တပ်ကလူထက် ပိုပြီး သိနေပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတကို အရပ်သားသမ္မတ ဖြစ်စေချင် တာပါ။ ၂ဝ၁၅ ရွေးကောက်ပွဲက ၂ဝ၁ဝ ရွေးကောက်ပွဲထက်တော့ ပိုပြီးကောင်းလာမယ်လို့ မြင်ပါတယ်။

မေး - ၅ နှစ်တာကာလအတွင်းမှာ အစိုးရက ဘာတွေကို အပြောင်းအလဲ လုပ်နိုင်ခဲ့တယ်လို့ မြင်ပါသလဲ။

ဖြေ - အပြောင်းအလဲကတော့ အသင့်အတင့်ပဲလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကောင်းတာကတော့ လူတိုင်း ဖုန်းကိုင်နိုင်တယ်။ ကားဈေးတွေ ကျတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးနိုင်ခဲ့တယ်။ မကောင်းတာကတော့ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို အစိုးရအနေနဲ့ အချိန်မီ တားဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။ ရခိုင်မှာ ၂ဝ၁၂ အရေးအခင်းဖြစ်သွားတဲ့ အချိန်မှာ စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲက ကမန်လူမျိုးတွေက ကြားညှပ်ပြီး အကြမ်းဖက်သမားတွေကြောင့် ပညာရေး၊ ကျန်းမာရေး အစုံ ဒုက္ခရောက်ခဲ့ရပါတယ်။ ပဋိပက္ခ ဖြစ်လာရင် အစိုးရအနေနဲ့ ငြိမ်းချမ်းအောင် အမြန်ဆုံး လုပ်သင့်ပါတယ်။ ဖြစ်ပွားမှုက တော်တော်လေးကြာရှည်ခဲ့တဲ့အတွက် ကမန်တွေအပြင် ပြည်သူလူထုတော်တော်များများရဲ့ အိုးအိမ် အဆောက်အအုံတွေ ဖျက်ဆီးခံရပါတယ်။ မြန်မာနိုင်ငံမှာက တရားဥပဒေစိုးမိုးမှုက အားနည်းပါတယ်။ ဒါကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲက တက်လာတဲ့ သမ္မတက တရားဥပဒေ စိုးမိုးမှု အားကောင်းအောင် အဓိက ဦးစားပေးပြီး လုပ်သင့်ပါတယ်။ အရေးအခင်း တစ်ခုဖြစ်တယ်ဆိုတာနဲ့ အဲဒါကို ဖြေရှင်းဖို့ အစိုးရအနေနဲ့ အဆင်သင့်ဖြစ်နေရပါမယ်။ ။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading