"စစ်သားမဟုတ်ပေမယ့် တိုင်းပြည်ကိုကောင်းအောင် လုပ်ပေးလို့ရပါတယ်"

တသီးပုဂ္ဂလအမတ်လောင်း ဦးဌေးအောင်
တသီးပုဂ္ဂလအမတ်လောင်း ဦးဌေးအောင်

ရန်ကုန် - ၂ဝ၁၅ ရွေးကောက်ပွဲ တသီးပုဂ္ဂလအမတ်လောင်းတွေထဲမှာ လုပ်ငန်းရှင် ဦးဌေးအောင်လည်း ပါဝင်ပါတယ်။ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် မဲဆွယ်နေတဲ့ ဦးဌေးအောင်ဟာ မြန်မာနိုင်ငံရဲ့ မော်တော်ကားဈေးကွက်မှာ ထင်ရှားသူတစ်ဦး ဖြစ်ပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသ ဟသာၤတမြို့ဇာတိ ဦးဌေးအောင်ဟာ ပြည်ပအတွေ့အကြုံများပြားတဲ့လုပ်ငန်းရှင် ဖြစ်ပြီး လွန်ခဲ့တဲ့နှစ် မြို့တော်စည်ပင်ရွေးကောက်ပွဲမှာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စည်ပင်သာယာရေးကော်မတီ ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံရသူပါ။

Myanmar Now သတင်းထောက် ထက်ခေါင်လင်းနဲ့ မကြာသေးခင်က တွေ့ဆုံရာမှာ ဦးဌေးအောင်က မြန်မာ့မဲဆန္ဒရှင်များ၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်တဲ့ အလားအလာ၊ နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေမှု၊ သူ ရွေးကောက်ပွဲဝင်ရတဲ့အကြောင်းရင်းတွေကို ပြောပြထားပါတယ်။

မေး - ရွေးကောက်ပွဲဝင်ဖို့ ဘယ်လို စိတ်ကူးမိတာလဲ။

ဖြေ - ရန်ကုန်မြို့တော်စည်ပင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့မြို့နယ်လောက်ပဲ လုပ်ပေးလို့ရတယ်။ အဲဒါကြောင့် လွှတ်တော်ထဲမှာသွားပြီးတော့ ပြည်သူ့အကျိုးပြုနိုင်မယ့် ဥပဒေတွေ တင်ပြနိုင်အောင်၊ စီးပွားရေးစနစ်တွေ တင်ပြနိုင်အောင်ပေါ့။ အခုပြောနေတဲ့ ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုပေမယ့် တကယ်တမ်း ဆင်းရဲသား လူတန်းစားတွေမှာ ဖြစ်လာရဲ့လား၊ ဖြစ်မလာတာ ဘာ့ကြောင့်လဲ။ ဒါကို ဘယ်လောက်ပဲ ဆောင်းပါးထဲမှာ ရေးရေး၊ စာနဲ့နိုင်ငံတော်သမ္မတရုံးကိုပဲ ပို့ပို့၊ အကောင်အထည်ပေါ်မလာတာ ရှိသလို ပေါ်တာလည်း ရှိတာပေါ့။ ကျွန်တော်တို့ တင်ပြတဲ့ ကိစ္စတချို့ကို သက်ဆိုင်ရာလူကြီးတွေက သူတို့ပဲတင်ပြသလိုလို၊ သူတို့ပဲလုပ်သွားသလိုလိုနဲ့ ကျွန်တော်တို့က ဦးနှောက်ဖောက်စားခံလိုက်ရတာ ပေါ့။ ကိုယ်တိုင်တင်ပြနိုင်ဖို့၊ လွှတ်တော်ထဲမှာပြောနိုင်ဖို့ဆိုတာ အရွေးခံမှပဲ ရမှာကိုး။ ကျွန်တော်တို့လည်း စစ်သားမဟုတ်ပေမယ့် တိုင်းပြည်ကိုကောင်းအောင် လုပ်ပေးလို့ရပါတယ်။

မေး - ပါတီတစ်ခုခုဘက်ကနေ မရပ်တည်ဘဲနဲ့ ဘာ့ကြောင့် တသီးပုဂ္ဂလအဖြစ် ရပ်တည်ရတာလဲ။

ဖြေ - ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်နိုင်တဲ့လူတစ်ယောက်လို့ ယုံကြည်တယ်။ ဒီမိုကရေစီနိုင်ငံ တော်တော်များများဟာလည်း သမ္မတဟာ ဖြစ်သွားပေမယ့်လည်း သူဟာ ရာထူးရတာကလွဲလို့ ကျန်တဲ့သူတိုင်းဟာ လုပ်ဖော်ကိုင်ဘက်တွေပဲ။ ငါဟာသမ္မတပဲ၊ ငါ့ပြောစကား နားထောင်ရမယ်၊ ငါပြောတဲ့အတိုင်းလုပ်ဆိုတာမျိုး မရှိဘူး။ ကျွန်တော်တို့မြန်မာပြည်မှာ အဲဒီလိုမဟုတ်ဘူး။ ဘယ်ပါတီပဲကြည့်လိုက်၊ တစ်ဦးတစ်ယောက်တည်းသော ခေါင်းဆောင်အောက်မှာ အကုန်လုံးက ပြားပြားဝပ်နေတာဖြစ်တော့ ဒါ့ကြောင့်မို့ (ပါတီ) မဝင်တာ။

မေး - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို မြင်သလဲ။

ဖြေ - ဒေါ်အောင်ဆန်းစုကြည်ဟာ တော်ပါတယ်၊ လူထုခေါင်းဆောင်တစ်ယောက်ပါ။ ကျွန်တော့်အမြင်ပြောရရင် လူထုခေါင်းဆောင်လို့ ပြောမယ့် ဗိုလ်ချုပ်အောင်ဆန်းဟာ သူနဲ့ကွာခြားမှုတွေ ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက တကယ့်ကို ပြည်သူတွေကြားမှာ ဆင်းပြီးတော့၊ ပြည်နယ်နဲ့တိုင်းတွေကိုဆင်းပြီးတော့ အဲဒီလူတွေကို ဆရာတင်ပြီး ပူးပေါင်းဆောင်ရွက်တာ၊ တပည့်လို့မြင်ပြီးဆောင်ရွက်တာ မဟုတ်ဘူး။ NLD မှာရှိနေတဲ့သူ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တော်တော်များများနဲ့လည်း (ကျွန်တော်) သိပါတယ်။ ဒေါ်စုစကားအောက်မှာပဲ။ သူ့ကိုပြန်ပြီးတော့ တစ်ယောက်မှ မပြောရဲကြဘူး။ ဒါ မဟုတ်ဘူး၊ ကျွန်တော်တို့က ဒီလိုပါတီထဲကို ရောက်သွားရင် ပြန်ပြောရမှာ။ မှန်တယ်ထင်ရင် ထောက်ပြရမှာ။ အဲဒီလို ပြောခွင့်မရှိဘူး၊ ပြောလို့မရဘူးဆိုရင်တော့ ကျွန်တော်တို့က ဘယ်ပါတီမှာမှ သွားပြီး ရပ်တည်မှာမဟုတ်ဘူး။

မေး - အာဏာရပါတီ နဲ့ သမ္မတ ဦးသိန်းစိန်တို့အပေါ်မှာရော ဘယ်လိုသဘောထားလဲ။

ဖြေ - အဲဒီပါတီထဲမှာလည်း အလယ်အလတ်လမ်းစဉ်၊ အမြင်ကျယ်တဲ့လူတွေ ရှိပါတယ်။ အဲဒီပါတီထဲက လူတွေက စစ်သားတွေဆိုပေမယ့် အဲဒီလူတွေကလည်း ကျွန်တော်တို့လို တိုင်းနဲ့ပြည်နယ်အနှံ့က အထက်တန်းတွေအောင်ပြီးတော့ ဗိုလ်ဖြစ်ခဲ့ကြတဲ့သူတွေ၊ ပြည်သူတွေထဲက ပြည်သူတွေပဲ။ စစ်သားဖြစ်သွားလို့ လူမျိုးတစ်မျိုးဖြစ်သွားတာ မဟုတ်ဘူး။ သို့သော် ရာထူးကြီးတွေ ရသွားပြီးတော့ ဘဝင်မြင့်၊ အောက်ခြေကို ပြန်မကြည့်တဲ့ မသမာတဲ့ ကိုယ်ကျိုးရှာပုဂ္ဂိုလ်တွေ ရှိသလို လေးစားထိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကနေ့မှာ အားသာရာသွားနေတာ၊ လူများစုက များရင် နိုင်သွားတာပေါ့။

မေး -အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်အုပ်စုထဲ ဦးဌေးအောင် ပါသလား။

ဖြေ - ကျွန်တော်တို့က စီးပွားရေးသမား။ ဘယ်အစိုးရပဲတက်လာလာ၊ မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ ဌာနဆိုင်ရာက ဖိတ်ခေါ်တဲ့အလုပ်ဆို လုပ်ပါတယ်။ လက်သိပ်ထိုးပြီးပေးတဲ့အလုပ်ဆို မလုပ်ဘူး။ စစ်အစိုးရလက်ထက်က မော်တော်ကား တင်သွင်းခွင့်ပိတ်ထားတယ်၊ ဦးပိုင် (တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်) ကနေပဲ မော်တော်ကားတွေ သွင်းတယ်။ ပြည်ခိုင်ဖြိုးဖြစ်လာတော့လည်း မြန်ဟုန်မြင့်ဆိုပြီး ကုမ္ပဏီထောင်ပြီး မော်တော်ကားသွင်းပြီး လူကြီးတွေကို ပေးတယ်။ ကျွန်တော် လုံးဝမလုပ်ဘူး။ သို့သော် ၂ဝဝ၆ ခုနှစ်ကျော်လောက်က လူကြီးတွေ အပြောင်းအလဲဖြစ်ကြတယ်။ အဲဒီမှာ လေလံတင်ရွေးချယ်ရေးအဖွဲ့ ဖွဲ့ပြီးတော့ တရားဝင်တင်ဒါခေါ်တဲ့အခါမှာ ကျွန်တော်ဝင်လုပ်တယ်။ ကုမ္ပဏီပေါင်း ၃ဝ ကျော်ဝင်ပြီးတော့ မျှတတဲ့ကစားပွဲလေ။ ကျွန်တော်တင်ဒါအောင်ပေမယ့် ကျွန်တော့်ကို အကုန်မပေးဘူး။ တချို့ဆိုသွင်းမယ်လို့ ယူပြီးကာမှ ဆက်မသွင်းနိုင်လို့ ခင်ဗျားပဲသွင်းပေးပါဗျာ ဆိုတာ ဖြစ်လာတယ်။ မသွင်းနိုင် ရင် အရေးယူရမှာကို အရေးမယူဘဲ ကျွန်တော့်ကို ပြန်သွင်းခိုင်းတာ။ ကျွန်တော် ဘယ်သူ့မှ မကြောက်ဘူး။ ဒီလိုပဲ ကျွန်တော် ရပ်တည်လာတာ။ ရင်းနှီးတယ်ဆိုပေမယ့် ဒီလူတွေနဲ့ ပေါင်းစားတာ တစ်ခုမှမရှိဘူး။ သို့သော် လုပ်ငန်းသဘော အရတော့ ဆက်ဆံရတယ်။ ဘယ်ဗိုလ်ချုပ်တွေကိုမှ ခေါင်းခွေ့ပြီး တစ်ကျပ်တန်မှာ ဆယ်ပြားပေးပြီး လုပ်ခဲ့တာ တစ်ခုမှမရှိဘူး။ တပ်မတော်ထဲမှာလည်း ချစ်စရာကောင်းတဲ့သူ အများကြီးပါ။ ဒီကနေ့ ဗိုလ်ချုပ်တွေဖြစ်ပြီးတော့ အိမ်တစ်လုံး တောင် ကောင်းကောင်းမပိုင်တဲ့သူတွေ ရှိပါတယ်။

မေး - အာဏာရပါတီ၊ NLD တို့ အားကောင်းနေတဲ့ ဒီရွေးကောက်ပွဲမှာ တသီးပုဂ္ဂလကိုယ်စားလှယ်တွေ မျှော်လင့်ချက် ဘယ်လောက် ရှိသလဲ။

ဖြေ - ကျွန်တော်က တိုက်ပွဲတစ်ခုလိုကို စဉ်းစားတာ။ လေ့လာပြီးမှ လုပ်တာ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရမယ်။ ကိုယ့်ကိုမဲပေးမယ့်ပြည်သူကို ယုံကြည်မှု ရှိရမယ်။ ပြည်သူယုံကြည်မှုရှိအောင်လည်း ကိုယ်က လုပ်ပြရမယ်။ အဲဒီလို မဟုတ်ဘဲ မိုက်နဲ့လိုက်အော်၊ ဆိုင်းဘုတ်လေး ချိတ်ပြီးတော့ မဲပေးပါ ဆိုတာတော့ လုပ်လို့မရဘူး။ ကျွန်တော့်လုပ်ငန်းဘဝမှာ ဂျပန်တစ်ဝက်၊ မြန်မာတစ်ဝက် နေလာခဲ့တဲ့သူ။ ဂျပန်တွေရဲ့ ရွေးကောက်ပွဲစနစ်၊ မဲစည်းရုံးတဲ့စနစ် လေ့လာ ပြီးသား။ ဂျပန်မှာ လွှတ်တော်အမတ်တစ်ယောက်ဖြစ်ဖို့ အရမ်းခက်တယ်။ သူ့တိုင်းပြည်က ဖွံ့ဖြိုးပြီးသားတိုင်းပြည်၊ လွယ်လွယ်လေးနဲ့ မဲဆန္ဒရှင်တစ်ယောက်ရဲ့ မဲတစ်ပြားကိုရဖို့ မလွယ်ဘူး။ ကျွန်တော်တို့မှာက ပြောင်းလဲချင်တယ်ဆိုပေ မယ့် ၇၅ ရာခိုင်နှုန်းသော ပြည်သူတွေက စိတ်မဝင်စားဘူး။ ဘယ်လို မဲပေးရမလဲ၊ ကိုယ်မဲပေးမယ့်လူက ဘယ်လောက်အရည်အချင်းရှိသလဲ၊ သူက ဘယ်လောက်စွမ်းဆောင်မှုတွေရှိလဲ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဘယ်လောက်လုပ် ထားသလဲဆိုတဲ့ လေ့လာမှုတွေ မရှိဘူးဗျ။ မဲရုံရှေ့ရောက်တော့မှ ဘယ်သူ့ကိုပေးလိုက်ပါဆိုတဲ့ အကြံပြုချက်နဲ့ ပေးတဲ့သူ များတယ်။ ကိုယ်ပိုင်အရည်အချင်းနဲ့ ဘယ်သူ့ကို မဲပေးရမယ်ဆိုတဲ့ဟာကို မစဉ်းစားဘဲ မဲထည့်ရင် မှားသွားမယ်။

မေး - အခြေခံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးကိစ္စတွေ အတွက် ဘယ်လို စိတ်ကူးထားပါသလဲ။

ဖြေ - အနိုင်ရသွားတဲ့ပါတီက အစိုးရဖြစ်လာလို့ ကျွန်တော်တို့ကို သုံးမှကိုး။ သူတို့သုံးမှရမှာကိုး။ သူတို့ရဲ့ပါတီဝင်မဟုတ်ရင် သူတို့အစိုးရအဖွဲ့မှာ ထည့်ချင်မှ ထည့်မှာ။ သုံးရင်တော့ ကျွန်တော်တို့က အကြံပေးဖို့တွေ၊ ပြောဖို့တွေ အဆင်သင့် ပါပဲ။ တိုင်းရင်းသားအဖွဲ့ အစည်းတွေနဲ့ ပက်သက်ရင်လည်း ပြောစရာတွေ အများကြီးရှိပါတယ်။ သူတို့ရပ်တည်ရေးအတွက် နယ်စပ်မှာ ဆက်ကြေးတွေ ကောက်ပြီး တချိန်လုံး တော်လှန်ရေးလုပ်တာဆိုပေမယ့် ကိုယ်ကျိုးစီးပွားရှာနေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေ ရှိတာပဲ။ တချို့ခေါင်းဆောင်တွေဟာ နယ်စပ်မှာ ကျိကျိတက်ချမ်းသာပြီး သူတို့သားသမီးတွေကို အမေရိကားအထိ ကျောင်းတွေထားနေချိန်မှာ အောက်မှာရှိတဲ့တိုင်းရင်းသားတွေက မွဲတေနေတာ၊ အခိုင်းခံနေရတာတွေ ရှိပါတယ်။ ဒီလိုပါပဲ။

မေး - လွှတ်တော်တွေမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ရှိနေတဲ့အချက်ကို ဘယ်လို မှတ်ချက်ပေးချင်လဲ။

ဖြေ - အဲဒါကတော့ တချို့နိုင်ငံတွေမှာလည်း ရှိပါတယ်။ ရှိနေတဲ့တိုင်းပြည်တွေဟာ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့လိုပဲ သူပုန်၊ သူကန်တွေ များလို့ ဒီအဖွဲ့အစည်းကို ထားထားရတာကိုး။ လက်ရှိအနေအထားအရ ကျွန်တော်တို့ သူတို့ကို စွန့်လွှတ်လို့ မရဘူး။ အတိုင်းအတာတစ်ခု ရောက်ရင်တော့ သူတို့ကို သွားခိုင်းရမှာပေါ့။

မေး - အတိုင်းအတာဆိုတာ ဘယ်လောက်အချိန်ကို ဆိုလိုတာလဲ။

အတိုင်းအတာဆိုတာ ကျွန်တော်တို့ အရင်ဆုံး ငြိမ်းချမ်းရေး လုပ်ရပါ့မယ်။ ငြိမ်းချမ်းရေး ပြေလည်သွားပြီ ဆိုတာနဲ့အမျှ သူတို့ နောက်ဆုတ်သွားဖို့ကိုလည်း တစ်ပြိုင်နက်တည်း လုပ်ရပါ့မယ်။

မေး - အဲဒါတွေလုပ်ဖို့က အခြေခံ ဥပဒေပြင်ဆင်ရေးပဲ မဟုတ်လား။ ပြင်ဖို့ ပထမအဆင့်အတွက် လွှတ်တော်ထဲ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဖို့ လိုအပ်တယ် ဆိုတဲ့ ပုဒ်မ ၄၃၆ နဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ - ၄၃၆ ကိုတော့ ပြောရရင် ဟိုလွှတ်တော်ရောက်ရင် မဲစနစ်နဲ့သွားတာကိုး။ အဲဒီမဲစနစ်အပေါ်မှာ မူတည်တာပေါ့ဗျာ။ အဲဒီ ၇၅ ရာခိုင်နှုန်းကျော်ဆိုတဲ့ စကားလုံးကိုတော့ ပြင်မှပဲရမှာ။ ဒါမှတခြားဟာတွေ ပြင်လို့ရမှာ။ ကျော်ဖို့ဆိုတာ လည်း တပ်ထဲကဟာတွေ (တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ) ပါမှပဲ ရမှာ။ ဒါ့ကြောင့်မို့လို့ အတိုင်းအတာတစ်ခုအထိ တစ်ထစ်ချင်း လျှော့သွားမှရမှာ။ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လုံးဝဖြုတ်ထုတ်လိုက်ဖို့လည်း လက်ခံချင်မှ လက်ခံမှာပေါ့။

မေး - ဦးဌေးအောင် လွှတ်တော်ထဲ ရောက်သွားရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ဒုသမ္မတအဖြစ် မဲမေး ရွေးချယ်မလဲ။

ဖြေ - ပြည်သူ့လွှတ်တော်ထဲကို ရောက်လာကြမယ့် ပါတီတွေထဲမှာ ၇၃ ရာခိုင်နှုန်းလောက်နိုင်မှ အဲဒီပါတီက သူ့ရဲ့စိတ်ကြိုက်သမ္မတတစ်ယောက်ကို ရွေးလို့ရမှာ ဖြစ်တယ်။ ဒါ့ကြောင့် NLD နိုင်မလား။ ပြည်ခိုင်ဖြိုး နိုင်မှာလား ကျွန်တော်တို့ မသိရသေးဘူး။ အဲဒါ သိပြီးမှ ဒါကို ဆက်စဉ်းစားလို့ရမယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မြှောက်လို့မရဘူး။ ဒါပေမယ့် လွှတ်တော်ထဲရောက်သွားလို့ လွှတ်တော်မှာ အားလုံးသဘောတူ တယ်ဆိုရင် ဒုတိယသမ္မတ ပေးလို့ရပါတယ်။ ဖွဲ့စည်းပုံက ဘယ်လောက်ပဲ ရေးထားထား၊ ၇၅ ရာခိုင်နှုန်းကျော်၊ ၈ဝ ရာခိုင်နှုန်းတို့က မဲပေးမယ်၊ အားလုံးက သမ္မတလုပ်ပါလို့ပြောရင်တော့ ဥပဒေကို မပြင်ဘဲနဲ့ ချွင်းချက်အနေနဲ့ လုပ်လို့ရပါ တယ်။ ကျွန်တော်ထင်ပါတယ်၊ သူ့တစ်ပါတီထဲ နိုင်သွားရင်တော့ သူ သမ္မတ ဖြစ်ချင်မှ ဖြစ်မှာပါ၊ ညွန့်ပေါင်းအစိုးရဖြစ်လာရင်တော့ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မြှောက်ပါလိမ့်မယ်။ ကျွန်တော်တို့တိုင်းပြည်က နှစ်ပေါင်း မြောက်များစွာ ဖအေသတ်၊ အကိုသတ်၊ ညီသတ်ပြီး အာဏာတွေယူလာတဲ့တိုင်းပြည်၊ အာဏာကို မက်ကြတယ်။ ရသွားရင်လည်း အာဏာကို ယစ်မူးတတ်ကြတယ်။ လူတွေဟာ ဆင်းရဲတာကို ခံနိုင်ပေမယ့် ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ကြ သလိုပေါ့။ ချမ်းသာတဲ့ဒဏ် ခံနိုင်တဲ့ ခေါင်းဆောင်ဖြစ်ဖို့ လိုပါတယ်။ ။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading