"နိုင်ငံကောင်းဖို့ အရင်လုပ်ပါ"

ပေါင်မြို့နယ် – လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်မိကွန်ချမ်းသည် မွန်အမျိုးသားပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ နိုင်သက်လွင်၏ သမီးဖြစ်သည်။ သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ထင်ရှားသည့် အမတ်လောင်းတစ်ဦး ဖြစ်လာသည်။

မကြာသေးမီက Myanmar Now နှင့် တွေ့ဆုံရာတွင် လုပ်ငန်းရှင်ဘဝမှ လွှတ်တော်တွင်း ရောက်ရန် ကြိုးပမ်းနေသည့် ဒေါ်မိကွန်ချမ်းက NLD ကို ရွေးချယ်ခဲ့ပုံ၊ ဒေသတွင်း မဲဆန္ဒနယ်မြေတို့၏ အခြေအနေ၊ အနာဂတ် မျှော်မှန်းချက်များ အကြောင်း ပြောပြထားသည်။

သတင်းထောက် ဖြိုးသီဟချိုက သူ၏ မဲဆန္ဒနယ်မြေသို့ သွားရောက်ပြီး တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

မေး။ ။ ဒေါ်မိကွန်ချမ်းက အထင်ကရ မွန်အမျိုးသားပါတီ ခေါင်းဆောင်တစ်ဦးရဲ့သမီးဖြစ်နေပြီးတော့ NLD ကနေ ဘာကြောင့် ဝင်ပြိုင်ရတာလဲ။

ဖြေ။ ။ အဖေ့ပါတီကနေ နဂိုကတည်းက ဝင်လည်းမပါပါဘူး။ အဖေ့ပါတီကို ကျွန်မက ကူညီလုပ်ဆောင်ပေးတယ်။ အဲဒီလောက်ပါပဲ။ (မွန်)လူမျိုးရေးအတွက်ကိုလည်း ကျွန်မက တစိုက်မတ်မတ် လုပ်ဆောင်ပေးခဲ့ပါတယ်။ နိုင်ငံတစ်ခုကို ပြောင်းလဲဖို့အတွက်က ကျွန်မတို့တိုင်းရင်းသားတွေအားလုံး ပါဝင်ရမယ်။ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့အတွက်ကို ကျွန်မတို့က ဝင်ပြီးတော့ ပံ့ပိုးပေးတာ။ နေရာဝင်ယူတာလည်း မဟုတ်ဘူး၊ ကျွန်မတို့လူမျိုးကို တိုက်ခိုက်ချင်လို့လည်း မဟုတ်ဘူး၊ အပြိုင်အဆိုင် လုပ်ချင်လို့လည်း မဟုတ်ပါဘူး။ နောက်နောင်လည်း ရန်ဘက်အသွင် ဆောင်လာမှာမဟုတ်ပါဘူး။

မေး။ ။ မွန်ပြည်နယ်မှာ မွန်တိုင်းရင်းသားတွေကို အခြေပြုတည်ထောင်ထားတဲ့ပါတီ သုံးခုရှိပါတယ်။ ရွေးကောက်ပွဲမှာ ဒီပါတီတွေကြား မဲကွဲမှာ၊ မဲပြန့်သွားမှာကို စိုးရိမ်ပါသလား။

ဖြေ။ ။ ရွေးကောက်ပွဲမဝင်ခင်အချိန်ကတည်းက စဉ်းစားမိပါတယ်၊ ပါတီက နှစ်ခု၊ သုံးခုဖြစ်လာပြီဆိုကတည်းက ကျွန်မတို့မဲက အကွဲကွဲ အပြဲအပြဲတွေ ဖြစ်လာမှာပါပဲ၊ (ရွေးကောက်ခံရတဲ့) မွန်ကိုယ်စားလှယ်တွေ နည်းလာမယ်။ အဓိက ကျွန်မပြောချင်တာက ဒီအချိန်မှာ အစိုးရဖွဲ့နိုင်တဲ့ ပါတီတစ်ခုကို ထောက်ခံမှသာလျှင် အပြောင်းအလဲတစ်ခုကို လုပ်နိုင်မယ်။ ဒါကြောင့် အစိုးရဖွဲ့နိုင်ပြီး ပြည်သူဘက်က ရပ်တည်ပေးနိုင်တဲ့ပါတီကို မဲထည့်ပေးမှသာလျှင် ၂ဝ၁၅မှာ ကျွန်မတို့ လိုချင်တဲ့ အပြောင်းအလဲတစ်ခုကို ဖော်ဆောင်နိုင်မယ်။ ဒါကြောင့်ကျွန်မတို့ တိုင်းရင်းသားတွေကိုလည်း ပြောပြပါတယ်၊ ကျွန်မတို့နိုင်ငံကောင်းဖို့ အရင်လုပ်ပါ၊ ကျွန်မတို့နိုင်ငံကောင်းရင် ကျွန်မတို့လူမျိုးတွေ အလိုလိုကောင်းသွားမှာပါလို့ မေတ္တာရပ်ခံထားပါတယ်။

မေး။ ။ ဒေါ်မိကွန်ချမ်းရဲ့ မဲဆန္ဒနယ်မှာ မဲပေးနိုင်တဲ့သူ ဘယ်လောက်များ ရှိပါသလဲ။

ဖြေ။ ။ အခုစာရင်းအရဆိုရင်တော့ ၁၈ဝ,ဝဝဝ ကျော် ရှိပါတယ်။ နိုင်ငံရပ်ခြားကိုပြောင်းရွေ့နေထိုင်တဲ့ ရွေ့ပြောင်းအင်အားက သုံးသောင်းကျော် ရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တာကိုတော့ တိတိကျကျ မသိသေးဘူး။

မေး။ ။ နိုင်ငံရပ်ခြားကိုပြောင်းရွေ့ပြီး အလုပ်လုပ်ကိုင်နေတဲ့သူတွေ မဲစာရင်းထဲမှာ ပြန်ပါနေတာနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ဒီဒေသက မိသားစုတစ်စုမှာ အိမ်မှာကျန်ခဲ့တာက အဖေနဲ့အမေပဲ ရှိတယ်။ ကျန်တဲ့ သား၊ သမီးတွေက နိုင်ငံခြားမှာပဲ အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် မဲဆန္ဒရှင်စာရင်းထဲမှာတော့ အကုန်လုံး ပြန်ပါနေတယ်ပေါ့။ ဒါက စိုးရိမ်စရာကောင်းပါတယ်။ မိသားစုတွေကိုလည်း ပြောပြပါတယ်။ မဲစာရင်းလာမထည့်နိုင်တဲ့ လူဦးရေကို ကိုယ်တိုင် (ရွေးကောက်ပွဲကော်မရှင်ကို) တင်ပြရမှာပေါ့။ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကတော့ သူတို့နဲ့ သက်ဆိုင်တဲ့ကော်မရှင်မှာ သွားပြီးတော့ တင်ပြရမှာပေါ့။ NLD ရပ်ကွက်ကျေးရွာ စည်းရုံးရေးအဖွဲ့တွေက ဒါတွေကိုဖယ်ထုတ်ဖို့ လုပ်ကိုင်နေပါတယ်။ တစ်ချို့နေရာတွေမှာ ပယ်ဖျက်တယ်။ တချို့နေရာတွေမှာတော့ မဲဆန္ဒရှင်စာရင်းကို သူတို့နေထိုင်ရာနိုင်ငံတွေရဲ့သံရုံးတွေကို လွှဲပြောင်းပေးရတာမျိုး ရှိပါတယ်။

မေး။ ။ ဒေသတွင်း အချုပ်သားတွေ မဲပေးခွင့်အတွက်ရော စုံစမ်းထားတာ ရှိပါသလား။

ဖြေ။ ။ အချုပ်သား မဲဆန္ဒရှင်စာရင်းတွေကိုလည်း အတိအကျ မသိရဘူး။ အဲဒါကို သိရဖို့အတွက်ကိုလည်း ကြိုးစားနေရပါတယ်။ ကြိုတင်မဲတွေပေါ့။ ကော်မရှင်ကလည်း ဘာမှ ကျွန်မတို့ကို မပြောသေးဘူး။ အချုပ်သားတွေရဲ့မဲပေးခွင့် အတွက်ကလည်း စာရင်းအတိအကျ ကောက်နေရတုန်း။ ကြိုတင်မဲကိုလည်း စိုးရိမ်နေရတယ်။ အမည်တစ်ခုထဲကို ငါးကြိမ်လောက်ပါနေတာကိုလည်း တွေ့နေရတယ်။

မေး။ ။ မွန်ပြည်နယ်ရဲ့ကျေးလက်ဒေသတွေမှာ ပါတီတချို့ ဘာသာရေး အကြောင်းပြပြီး မဲဆွယ်နေတယ်လို့ သိရပါတယ်။ မိကွန်ချမ်းရဲ့ ပေါင်မြို့နယ်မှာရော ရှိပါသလား။

ဖြေ။ ။ နေရာတိုင်းလိုလိုကို ဖြစ်နေပါတယ်။ ဘာသာရေးကို ခုတုံးလုပ်တာက မြို့ပေါ်မှာလုပ်တာထက်ကို အစွန်အဖျားမှာရှိတဲ့၊ ဘာသာရေးကိုင်းရှိုင်းတဲ့ တိုင်းရင်းသားတွေကို လုပ်တာမျိုး တွေ့ရတယ်။ အဲဒီဒေသတွေမှာဆိုရင် ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲနိုင်မယ်ဆိုရင် ကုလားတွေ လွမ်းမိုးမယ်။ ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားမယ်ဆိုပြီးတော့ စကားလုံးတွေနဲ့ စည်းရုံးနေတာမျိုးကို ကြားနေရပါတယ်။ ဒါကို သက်သေအထောက်အထားတွေ ရရှိဖို့အတွက် ကိုလည်း ကျွန်မမဲဆန္ဒနယ်မှာ လှုံ့ဆော်ထားတာ ရှိပါတယ်။ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်အချိန်၊ ဘယ်ကာလမှာပြောတယ်ဆိုတာကို သက်သေအထောက်အထားနဲ့တကွ တိတိကျကျ ရခဲ့ရင်တော့ ကျွန်မကတော့ တရားစွဲမှာ။ ကျွန်မကိုဆိုရင် "ကျွန်မအမျိုးသားက ကုလား၊ ကျွန်မကလည်း ဗုဒ္ဓဘာသာမဟုတ်ဘူး" ဆိုပြီးတော့ ဝါဒဖြန့်နေတာမျိုးတွေကို ကြားနေရပါတယ်။

မေး။ ။ ရွေးကောက်ပွဲအလွန်ကာလအတွက် ဘာတွေ ကြိုတင်ပြင်ဆင်ထားသလဲ။

ဖြေ။ ။ ကော်မရှင်မှာသတ်မှတ်ထားတဲ့ ဥပဒေအတိုင်း လိုက်နာပါတယ်။ ဟောပြောပွဲမှာလည်း ကော်မရှင်ကခွင့်ပြုထားတဲ့အတိုင်း ဟောပြောတယ်။ ဘယ်သူ့ကိုမှလည်း ပုတ်ခတ်ပြီးတော့ မဟောပြောဘူး။ ဘယ်သူ့ကိုမှလည်း အပြစ်တင် ပြီးတော့ မဟောပြောဘူး။ လူထုအသိရှိအောင် ဟောပြောတယ်။ ကျွန်မတို့သွားတဲ့ ခရီးစဉ်တွေမှာဆိုရင်လည်း လူဦးရေကစပြီး အသုံးစရိတ်တွေအထိ စနစ်တကျ လုပ်ကိုင်ထားပါတယ်။ ကော်မရှင်ရဲ့စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ စောင့်ကြည့်နေတယ်ဆိုတော့ ရွေးကောက်ပွဲပြီးသွားလို့ ကျွန်မတို့ နိုင်ခဲ့ရင် ဒီဥပဒေတွေနဲ့ပဲ ထိုးနှက်လာနိုင်ပါတယ်။

မေး။ ။ ရွေးကောက်ပွဲအလွန်မှာ လွှတ်တော်တွင်းနိုင်ငံရေးအတွက်ရော ဘာတွေများ ပြင်ဆင်ထားပါသလဲ။

ဖြေ။ ။ အဓိကကတော့ စနစ်နဲ့ဥပဒေတွေကို ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုဘက်က ရပ်တည်နိုင်မယ့် ဥပဒေတွေ ပြုနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအခွင့်အရေးတွေရအောင်လို့လည်း လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ပါတီရဲ့မူဝါဒတွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်ကိုင်သွားရမှာ ဖြစ်ပါတယ်။

မေး။ ။ NLD က လွှတ်တော်တွင်း အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဥပဒေပြုရေးတွေမှာ အောင်မြင်မှု အလွန်နည်းပါးပါတယ်။ ၂ဝ၁၅ အလွန်မှာရော ဘာတွေများ ဆက်လုပ်နိုင်မယ်လို့ မျှော်လင့်ပါသလဲ။

ဖြေ။ ။ ၂ဝ၁၂မှာ NLD က လွှတ်တော်တွင်းမှာ နေရာရခဲ့တာ ၅ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။ ဒီ ၅ ရာခိုင်နှုန်းနဲ့ အစိုးရလည်း မဖွဲ့နိုင်သလို၊ လုပ်ပိုင်ခွင့်လည်း ဘာမှ မရှိခဲ့ပါဘူး။ ပုဒ်မ ၄၃၆ နဲ့ ၅၉(စ)တွေ (ပြင်ဆင်ရေး) မှာလည်း ကိုယ့်ရဲ့ အင်အားနဲ့ ဘာမှ လုပ်လို့မရခဲ့ဘူး။ အခု ၂ဝ၁၅မှာ ရာခိုင်နှုန်းအပြည့် နိုင်ပြီးတော့ အစိုးရ ဖွဲ့နိုင်ခဲ့ပြီဆိုရင်တော့ လုပ်ပိုင်ခွင့်တွေကိုယ်ရခဲ့ရင် အကုန်လုံးရပြီပေါ့။ အဲဒီအချိန်ကျတော့ အလုပ်လုပ်တယ် မလုပ်ဘူး ဆိုတာ ပြည်သူက အဆုံးအဖြတ်ပေးလို့ရတယ်။

မေး။ ။ NLD အစိုးရဖွဲ့နိုင်မယ်ဆိုရင် အခြေခံဥပဒေပြင်ဆင်ရေးပါ လုပ်လို့ရမယ် ထင်ပါသလား။

ဖြေ။ ။ အခြေခံဥပဒေပြင်ဆင်ရေးအတွက် စစ်တပ်ကလည်း အရေးကြီးပါတယ်။ စစ်တပ်ကလည်း အခန်းကဏ္ဍတစ်ခုအနေနဲ့က ပါထားတာကိုး။ ပြည်သူလူထုပေါ်မှာပဲ မူတည်နေတယ်။ တောင်းဆိုမယ်ဆိုရင်တော့ မပြင်နိုင်စရာအကြောင်း တော့ မရှိဘူး။ မဖြစ်ဖြစ်အောင်တော့ ကျွန်မတို့က လုပ်ဆောင်နိုင်မှာပဲ။ ။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading