"ရွေးကောက်ခံအာဏာရှင်စနစ် ပေါ်မယ့်အလားလာ တွေ့ရတယ်"

မကြာသေးမီက ရန်ကုန်တွင် တွေ့ရသော ဦးသိန်းညွန့် (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)
မကြာသေးမီက ရန်ကုန်တွင် တွေ့ရသော ဦးသိန်းညွန့် (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)

အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်သည် ပြည်သူ့လွှတ်တော်တွင် အထင်ရှားဆုံးလွှတ်တော်ကိုယ်စားလှယ်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ဦးသိန်းညွန့်သည် ၂ဝ၁ဝ ရွေးကောက်ပွဲ၊ ရလဒ် လျစ်လျူရှုခံရသည့် ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲတို့တွင် ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ရွေးချယ်တင်မြှောက်ခံရသည်။

ဆယ်နှစ်ကျော်ကြာ ပါဝင်လှုပ်ရှားခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်သောအခါ လုပ်ဖော်ကိုင်ဘက်တချို့နှင့်အတူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ထူထောင်ပြီး ရွေးကောက်ပွဲဝင်ခဲ့သူဖြစ်သည်။

နောက်ပိုင်းတွင် ဦးသိန်းညွန့်က အမျိုးသားဒီမိုကရေစီပါတီသစ်ကို တည်ထောင်ခဲ့သည်။ မကြာသေးမီက Myanmar Now သတင်းထောက် ထက်ခေါင်လင်းနှင့်တွေ့ဆုံရာတွင် ဦးသိန်းညွန့်က အနာဂတ်လုပ်ငန်းစဉ်၊ အခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် မျှော်လင့်ချက်၊ ရွေးကောက်ပွဲအပြီး NLD ကြုံတွေ့ရမည့် အခက်အခဲများအကြောင်း ပြောပြခဲ့သည်။ တွေ့ဆုံမေးမြန်းချက်များထဲမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မေး - ၂ဝ၁ဝ တုန်းက NLD မပါခဲ့တဲ့အတွက် ဦးသိန်းညွန့် အနိုင်ရတယ်လို့ တချို့က ပြောကြတယ်။ အခု NLD ပါလာတော့ ဘယ်လိုအနိုင်ရဖို့ ကြိုးပမ်းမှာလဲ။

ဖြေ - ၂ဝ၁ဝ တုန်းကတည်းက NLD က ကျွန်မ မပါဘဲနဲ့ မဲမပေးပါနဲ့လို့ တိုက်ခဲ့တာပဲ။ ကျွန်တော့်အတွက်က ဘာမှမထူးဆန်းဘူး။ အဲဒီတုန်းက ကျွန်တော်က မဲကို ၅ဝ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရခဲ့တာ။ အခု ၂ဝ၁၅ မှာ NLD က ကျွန်တော့်ကို ယှဉ်ပြိုင်လာတာ၊ အတိုက်အခံဖြစ်လာတာ မဆန်းပါဘူးဗျာ။ ဒါပေမယ့် ကျွန်တော်က သင်္ဃန်းကျွန်းလူထုကို ယုံကြည်တယ်။ အခု လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပမှာရော သင်္ဃန်းကျွန်းမြို့နယ်ရဲ့ ဖွံ့ဖြိုးရေး ကို ဆောင်ရွက် နိုင်ခဲ့သလို သင်္ဃန်းကျွန်းလူထုရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခဲ့ပြီ။ ဒါ့ကြောင့် သင်္ဃန်းကျွန်းလူထုဟာ ကျွန်တော့်နောက်က ခိုင်ခိုင်မာမာရပ်တည်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

မေး - သင်္ဃန်းကျွန်းဒေသခံတချို့ရဲ့ ပြောဆိုချက်တွေ၊ အင်တာနက်စစ်တမ်းတွေအရ ဆိုရင် တော်တော်များများက NLD ကို မဲပေးမယ်လို့ ဆိုကြတယ်။

ဖြေ - ခင်ဗျားတို့ကောက်တဲ့စစ်တမ်းတွေ၊ အင်တာနက်က ကောက်တဲ့စစ်တမ်းတွေဟာ ဘယ်လောက်ခိုင်မာယုံကြည်စိတ်ချရလို့လဲ။ တခါတလေ အင်တာနက်မှာဖန်တီးနေတဲ့ စစ်တမ်းတွေဟာ NLD အနိုင်ရဖို့အတွက် အစီအမံကျကျနဲ့ လုပ်နေတဲ့ ဝါဒဖြန့်မှုတွေပဲ ဖြစ်ပါတယ်။ ငွေကြေးမတောင့်တင်းတဲ့အတွက် ကျွန်တော် ဘယ်မီဒီယာမှာမှ ကြော်ငြာမထည့်ဘူး။ သင်္ဃန်းကျွန်းမှာ NLD ကို မဲပေးမယ်လို့ဆိုတာ NLD အဝန်းအဝိုင်းကို သွားမေးရင်တော့ ဟုတ်မှာပေါ့။ ကျွန်တော် ကူညီပေးခဲ့တဲ့ ဆင်းရဲသားရပ်ကွက်တွေကို သွားမေးရင်တော့ ဘယ်သူ့ကိုမဲပေးမယ်ဆိုတာ နိုဝင်ဘာ ၈ ရက်နေ့ကျရင် အဖြေထွက်မှာပါ။

မေး - ၂ဝ၁ဝ၊ ၂ဝ၁၅ ရွေးကောက်ပွဲတွေ ဝင်ခဲ့ရတဲ့ အဓိကအကြောင်းရင်းတွေက ဘာလဲ။

ဖြေ - ဝင်ပြိုင်ရတဲ့အကြောင်းအရင်းကလည်း ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ဘူးဆိုတာသိတယ်၊ အဲဒီတော့ ဒီအခြေခံဥပဒေထဲကနေ လူထုအတွက် တတ်နိုင်သမျှ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတွေရအောင် လုပ်မယ်ဆိုပြီး ဝင်ခဲ့တာ။ ဖွဲ့စည်းပုံမပြင်ရင် ရွေးကောက်ပွဲမဝင်ဘူး၊ သပိတ်မှောက်တယ်ဆိုတဲ့ လူတွေက ၂ဝ၁ဝ ရွေးကောက်ပွဲ ကျွန်တော်တို့ ဝင်တဲ့အခါမှာ ကျွန်မ မပါရင် မဲမပေးနဲ့ဆို ပြီးတော့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်။ သူတို့ရဲ့ တိုက်ခိုက်ချက် တွေကို ကြံ့ခိုင်ရေးက အသုံးချပြီးတော့ ကျွန်တော်တို့ကို နိုင်ငံရေးအရ ထိုးနှက်ခဲ့တယ်။ သို့သော် သင်္ဃန်းကျွန်းလူထုရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အောင်နိုင်ခဲ့ပြီးတော့ ဒီ ၅ နှစ်ဝန်းကျင်မှာ သင်္ဃန်းကျွန်း မြို့နယ်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခဲ့ပြီး မြို့နယ်ရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ပေးနိုင်ခဲ့ပြီ။ သင်္ဃန်းကျွန်းလူထုကိုလည်း တရားဥပဒေ စိုးမိုးမှုရဲ့ အကာအကွယ်ရအောင် ပေးနိုင်ခဲ့ပြီ၊ လွှတ်တော်အတွင်းရော လွှတ်တော်အပရော ပေါ့။ သင်္ဃန်းကျွန်း ပြည်သူတွေအတွက် လမ်း၊ ရေ၊ မီး၊ အိမ်သာကအစ လုပ်ပေးခဲ့ပြီးပြီ။ နိုင်ငံရေးအရ ကျွန်တော် အနိုင်ပိုင်းမယ်ဆိုရင် သင့်တော်တဲ့ အခြေအနေပါ။ ဒါပေမယ့် အခု တိုင်းပြည်မှာ ရွေးကောက်ခံအာဏာရှင်စနစ် ပေါ်မယ့်အလားလာ တွေ့ရတယ်။ ဒါဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ မလိုလားအပ်တဲ့ဟာ။ အဲဒါကို လွှတ်တော်အတွင်းမှာ တားဆီးနိုင်ဖို့။ လူတိုင်းဟာ သမ္မတ ဖြစ်ချင်နေရင်၊ အစိုးရဖြစ်ချင်နေရင် ဒီမိုကရေစီရဲ့အနှစ်သာရတွေ ပျက်သွားလိမ့်မယ်။ ဒီမိုကရေစီဆိုတာ မတူခြားနားတဲ့အမြင်တွေကို နားထောင်ရတယ်။ ဒီမိုကရေစီ အားကောင်းဖို့ဆိုရင် ခိုင်မာတောင့်တင်းတဲ့ အတိုက်အခံရှိဖို့လိုတယ်။

မေး - ဦးသိန်းညွန့်ရဲ့အသံက လွှတ်တော်ထဲမှာ တော်တော်လေးထွက်ခဲ့ပေမယ့် ၂ဝ၁၃ နောက်ပိုင်းမှာ အဆိုတွေတင်တာ၊ မေးခွန်းတွေမေးတာ၊ ဥပဒေတွေတင်တာ၊ ဆွေးနွေးတာ အားလျော့သွားတာ တွေ့ရတယ်။ အဲဒါ ဘာ့ကြောင့်များလဲ။

ဖြေ - ကျွန်တော့်ဘက်ကတော့ ပြည်သူလူထုရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို တောက်လျှောက်တင်တာပဲ။ သို့သော် ကျွန်တော်နာမည်ရလာတာကို မလိုလားတဲ့ အင်အားစုနဲ့ မလိုလားတဲ့ ပုဂ္ဂိုလ်တွေကနေ ကျွန်တော့်အဆိုတွေ၊ မေးခွန်းတွေကို လွှတ်တော်မှာ တက်နိုင်သမျှ အသံမထွက်အောင် ဆောင်ရွက်နေကြတယ်ဆိုတာကိုလည်း ကျွန်တော် ခန့်မှန်းမိတယ်။ လွှတ်တော်အစတုန်းက မေးခွန်း ၁ဝ ခွန်းမေးရင် ၇ ခွန်းလောက်က မေးခွင့်ရနေတဲ့ဟာကို လွှတ်တော် ၇ ကြိမ်မြောက်လောက်ကစပြီးတော့ မေးခွန်း ၅ ခွန်းပဲ မေးခွင့်ရတဲ့စနစ်ကို ပြောင်းလိုက်တယ်။ အဲဒါကြောင့် ကျွန်တော်က ကြယ်ပွင့်မပြမေးခွန်းတွေ မေးရင်းနဲ့ လူထုအတွက် ဆောင်ရွက်ခဲ့တယ်။ ကြယ်ပွင့်မပြတော့ လွှတ်တော်မှာ မဖြေတဲ့အတွက် လူမသိဘူးပေါ့။ အဆိုကျတော့ လွှတ်တော်ဥက္ကဋ္ဌရဲ့ လက်ထဲမှာရှိတယ်။ သူခွင့်ပြုမှ ပြောခွင့်ရတာ။ ဥပမာ စတုတ္ထအကြိမ်တုန်းက ကျောင်းသားသမဂ္ဂတွေဖွဲ့ဖို့ ကျွန်တော် လွှတ်တော်မှာ တင်ခဲ့တယ်၊ ဒါပေမယ့် ဆွေးနွေးခွင့် မရခဲ့ဘူး။ အဲဒါကြောင့် ကျွန်တော် ဥပဒေကြမ်းတွေကို အားပြုခဲ့တယ်။ ဥပဒေကြမ်းတွေက ဘယ်နည်းနဲ့ဖြစ်ဖြစ် လွှတ်တော်ရှေ့မှောက်ကို ပို့ရတယ်။

မေး - NLD အစိုးရဖွဲ့ခွင့်ရမယ်ဆိုရင် ဒီအစိုးရအပြောင်းအလဲအတွက် သူတို့နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ဖို့ရှိလဲ။

ဖြေ - NLD နဲ့ ကျွန်တော်တို့နဲ့က ပြောစရာမလိုတော့ဘူးလေ။ မလိုတော့ဘူးဆိုတာက ဒါတွေလုပ်ချင်ရင် လက်ရှိအစိုးရနဲ့ရော၊ အတိုက်အခံအင်အားစုနဲ့ရော ရွေးကောက်ပွဲမတိုင်ခင် ကြိုညှိနှိုင်းရတယ်။ NLD က အကြိုညှိနှိုင်းမှုကို လုပ်မှမလုပ်ပဲ။ နိုင်ငံရေးမှာ အပြုတ်တိုက်ရေးလမ်းစဉ်ကို ချလာပြီ။ အဲဒီတော့ သူနိုင်ရင်လည်း သူရင်ဆိုင်ရမယ့် နိုင်ငံရေး၊ စီးပွားရေး ပြဿနာတွေ တပုံကြီး။ ရှုံးလည်း သူရင်ဆိုင်ရမယ့် ပြဿနာတွေ တပုံကြီးပါ။ ကျွန်တော့်အနေနဲ့ ကတော့ ၂ဝ၁၅ ရွေးကောက်ပွဲရလဒ် ဘာထွက်ထွက် ရွေးကောက်ပွဲပြီးတာနဲ့ လက်တွေ့မြန်မာ့နိုင်ငံရေးမှာ လုပ်တတ်တဲ့ လူငယ်နိုင်ငံရေးသမားတွေကို ပျိုးထောင်နိုင်ဖို့၊ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့အညီ လုပ်တတ်၊ ကိုင်တတ်တဲ့ လူငယ်နိုင်ငံရေး မျိုးဆက်တွေရလာဖို့ NLD လည်းမဟုတ်၊ ကြံ့ခိုင်ရေးလည်းမဟုတ်တဲ့ တပ်ပေါင်းစုတစ်ခုကို ထူထောင်သွားမှာပါ။

မေး - အခြေခံဥပဒေပြင်ဆင်ရေးအတွက်ရော ဘာတွေလုပ်ဖို့ရှိလဲ။

ဖြေ - ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးဆိုတဲ့ လေလုံးထွားမှုဟာ ပြီးခဲ့တဲ့ ၁၂ ကြိမ်မြောက် လွှတ်တော်မှာ အဖြေထွက်သွားပြီ။ ကျွန်တော်က လေလုံးထွားတဲ့အလုပ် မလုပ်ဘူး။ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေကို လူထုကို မပေးဘူး။ အဲဒီတော့ ဒီအခြေခံဥပဒေထဲကပဲ လူထုအတွက်၊ တိုင်းပြည်အတွက် ရနိုင်သမျှ အခွင့်အရေးရဖို့၊ အကာအကွယ်ပေးဖို့တွေကိုပဲ ကျွန်တော် ဆက်ကြိုးစားမယ်။ အခြေခံဥပဒေပြင်ရေးဟာ လွှတ်တော်ပေါ်မှာ မတည်ဘူး၊ အမျိုးသားပြန်လည်သင့်မြတ် ရေးပေါ်မှာ တည်တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ရလာရင် တပ်မတော်အနေနဲ့ ဒီအခြေခံဥပဒေပြင်ရေးကို မလွဲမသွေ လုပ်ရတော့မယ်။ အောက်တိုဘာမှာ လက်နက်ကိုင် ၈ ဖွဲ့ လက်မှတ်ထိုးပြီ။ အဲဒါပြီးရင် နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲတွေ လာမယ်။ အဲဒီ ဆွေးနွေးပွဲတွေကနေ အခြေခံဥပဒေပြင်ဖို့ ဆွေးနွေးရမယ်။ အဲဒီလို ဖြစ်ရိုးဖြစ်စဉ် လုပ်သင့်လုပ်ထိုက်တဲ့လမ်းကြောင်းတွေကို သိလျက်သားနဲ့ ကျွန်မ နိုင်ရင် ဒီအခြေခံဥပဒေကို ပြင်ပေးမယ်လို့ ဒုတိယအကြိမ် လေလုံးထွားတာက ကိုယ်ပြောတဲ့အတိုင်း မဖြစ်လာရင် နိုင်ငံရေးမှာ တာဝန်ယူရဲတဲ့ သတ္တိတော့ ရှိဖို့လိုမယ်။

မေး - ရွေးကောက်ပွဲ နောက်ပိုင်းမှာ သမ္မတ ဖြစ်မယ်လို့ သတင်းထွက်နေတဲ့သူ ၄ ယောက်တောင်ရှိတယ်။ ဦးသိန်းညွန့်က ဘယ်သူ့ကို သမ္မတဖြစ်စေချင်သလဲ။

ဖြေ - ၄ ယောက်ကိုတော့ မပြောဘူး။ ၂ ယောက်ကိုတော့ ပြောမယ်။ သမ္မတဖြစ်ချင်တယ်လို့ ၂ နှစ်လောက်ကြိုပြောတဲ့သူတွေကို ကျွန်တော်ထောက်ခံမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ရဲ့ အခြေခံဥပဒေဟာ အမေရိကန်ရဲ့ အခြေခံဥပဒေမဟုတ်ဘူး၊ အဲဒါကို မလေ့လာဘဲနဲ့ ကျွန်မ သမ္မတ လုပ်ချင်တယ်၊ ကျွန်တော် သမ္မတလုပ်ချင်တယ်လို့ ပြောတာဟာ တော်တော် ရယ်စရာကောင်းတယ်။ ရွေးကောက်ပွဲပြီးမှ နိုင်တဲ့ရလဒ်ပေါ် မူတည်ပြီး ပြည်သူ့လွှတ်တော်က ၁ ယောက်၊ အမျိုးသားလွှတ်တော်က ၁ ယောက်၊ တပ်မတော်သားဘက်က ၁ ယောက်၊ ဒီ ၃ ယောက်ထဲကမှ ပြန်ရွေးရမှာ။ အဲဒီအချိန်ကျမှ လုပ်ရမယ့်ကိစ္စတွေကို အခုကြိုပြောတဲ့အတွက် အဲဒီလောက်အထိ နိုင်ငံရေးလောဘကြီးတဲ့သူတွေကို ကျွန်တော် မဲမပေးဘူး၊ အဲဒါတော့စိတ်ချ။

မေး - ရွေးကောက်ပွဲအလွန်မှာ ဦးသိန်းညွန့်တို့က လွှတ်တော်မှာ ဘာဆက်လုပ်မလဲ။

ဖြေ - ကြံ့ခိုင်ရေးပဲနိုင်နိုင်၊ NLD ပဲ နိုင်နိုင် လွှတ်တော်မှာ ကြံ့ခိုင်အားကောင်းတဲ့ အတိုက်အခံရှိဖို့ လိုမယ်။ ကျွန်တော်က အတိုက်အခံအဖြစ်ပဲ ရပ်တည်မှာ၊၂ဝ၁ဝ ကတည်းက ပြောခဲ့တာ။ ကျွန်တော်က ရာထူးလိုချင်တဲ့အမတ် မဟုတ်တဲ့ အတွက် ကနေ့အထိ လွှတ်တော်မှာ အတိုက်အခံအမတ်အဖြစ် ရပ်တည်နေခဲ့တာ ဒီနေ့အထိပဲ။ ။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading