"စီမံကိန်းတိုင်းကို ကန့်ကွက်ပြီး တားဆီးနေတာ မဟုတ်ဘူး"

ဒေါ်ဒေဝီသန့်စင်
ဒေါ်ဒေဝီသန့်စင်

ရန်ကုန် - သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူ၊ အောင်ပင်လယ်မဂ္ဂဇင်း အယ်ဒီတာချုပ် ဒေါ်ဒေဝီသန့်စင်သည် ၂ဝ၁၁ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော မြန်မာအစိမ်းရောင်ကွန်ရက်၏ တာဝန်ခံ ဖြစ်သည်။ ကွန်ရက်၏ လုပ်ငန်းစဉ်များ ထဲတွင် ကျောက်မီးသွေးအသုံးပြုမှုနှင့် ပတ်သက်ပြီး လေ့လာရေး၊ ပညာပေးရေး တို့လည်း ပါဝင်သည်။

မကြာသေးခင်က Myanmar Now နှင့် တွေ့ဆုံစဉ် ၆၈ နှစ်အရွယ် ဒေါ်ဒေဝီသန့်စင်က ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ၏ ဘေးထွက်ဆိုးကျိုး၊ စက်ရုံဆောက်မည့်ဒေသရှိ ပြည်သူတို့၏အသံ အရေးပါမှု၊ အစိုးရသစ်လက်ထက်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒ ရှိသင့်ပုံတို့ကို ပြောပြခဲ့သည်။

သတင်းထောက် ကေဇွန်နွေးက ရန်ကုန်မြို့ရှ အောင်ပင်လယ်မဂ္ဂဇင်းရုံးခန်းသို့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်။

မေး - ကျောက်မီးသွေးစက်ရုံတွေကနေ ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။

ဖြေ - ကျောက်မီးသွေးကထွက်တဲ့ ဓာတ်ငွေ့ဟာ ဖန်လုံအိမ်ဓာတ်ငွေ့ထက် လူတွေရဲ့ကျန်းမာရေးကို ပိုမို ဒုက္ခပေးနိုင်တယ်။ အဲဒီဓာတ်ငွေ့မှာ အဆိပ်တွေဖြစ်တဲ့ ပြဒါး၊ ခဲ၊ ခရိုမိုက်လိုမျိုးတွေ ပါတဲ့အတွက်ကြောင့် လူတွေရဲ့ အဆုတ်၊ နှလုံးနဲ့ ပတ်သက်တဲ့ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်တယ်။ အထူးသဖြင့် လေဖြတ်တာ၊ ပန်းနာရင်ကြပ် စတဲ့ ဝေဒနာဆိုးတွေ ဖြစ်နိုင်တယ်၊ ကျောက်မီးသွေးကထွက်တဲ့အမှုန်ဟာ လေထုထဲမှာ ခွင့်ပြုထားတာထက် ပိုများလာရင် လူငယ်တွေ သက်တမ်းမစေ့ဘဲ အသက်ဆုံးရှုံးတဲ့အထိ အန္တရာယ်ဖြစ်နိုင်တယ်။

မေး - တချို့နိုင်ငံတွေမှာလည်း သုံးနေကြတာပဲ မဟုတ်လား ဆရာမ။

ဖြေ - နိုင်ငံတကာမှာ ကျောက်မီးသွေးနဲ့ လျှပ်စစ်ထုတ်တဲ့နေရာမှာ ဖြစ်ဖြစ်၊ ကျောက်မီးသွေးတူးပြီး စီးပွားရှာတာဖြစ်ဖြစ် ပိတ်သိမ်းနေကြတာတွေများတယ်။ အရင်တုန်းကတော့ မရှိသုံး သုံးရတာပေါ့။ ဒါပေမဲ့နောက်ပိုင်းမှာ လျှပ်စစ်စွမ်းအင်နဲ့ ပတ်သက်ပြီး အစားထိုးစရာတွေ အများကြီးပဲ၊ အထူးသဖြင့် သဘာဝက ထုတ်ယူနိုင်တဲ့ ရေအား၊ နေစွမ်းအင်၊ လေစွမ်းအင်တွေနဲ့ အစားထိုးပြီးတော့ လူ့ရဲ့အသက်အန္တရာယ်၊ ကျန်းမာရေး၊ ပတ်ဝန်းကျင် မထိခိုက်အောင်
နည်းပညာအသစ်တွေ အသုံးပြုနေတာ တွေ့ရတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ အစိုးရတွေက အဓိကထားပြီး စဉ်းစားသင့်တဲ့ ဘာသာရပ်တစ်ခုဖြစ်တယ်။ မြန်မာပြည်တစ်ခုတည်း လုပ်လို့ မရဘူး။ ဘယ်တိုင်းပြည်မှာ ဖြစ်ဖြစ် Green Policy (ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမူဝါဒ) ထည့်ပြီးတော့လုပ်မှ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူသားမျိုးနွယ်တွေအတွက် သက်တမ်းလည်း ရှည်ကြမယ်၊ ကမ္ဘာကြီးလည်း ကျန်းမာမယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ သဘာဝကပေးတဲ့ လေထု၊ ရေထု၊ မြေထုပေါ်မှာ အခြေခံထားတာ။ လေကို ရှူနေရတယ်၊ ရေကို သန့်ရှင်းမှုအတွက်၊ စိုက်ပျိုးရေးနဲ့ ကိုယ့်ရဲ့ကျန်းမာရေးအတွက်ကို သုံးနေရတယ်။ မြေဆိုရင်လည်း အိမ်ရာဆောက်နေရတယ်၊ စိုက်ပျိုးနေရတယ်။ ဒါကြောင့် ဒီရေထု၊ လေထု၊ မြေထုတွေ ညစ်ညမ်းကုန်ရင် လူတွေရဲ့ စားဝတ်နေရေးပါ ဒုက္ခရောက်နိုင်တယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကို သီးသန့်ဝန်ကြီးဌာနအဖြစ် ထားသင့်တယ်။ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အနေနဲ့ အရင်တုန်းက နှစ်ငါးဆယ်လုံးလုံး အဲဒီဝန်ကြီးဌာန မရှိခဲ့ဘူး။ အခုရှိပြန်တော့လည်း သစ်တောဝန်ကြီးဌာနနဲ့ တွဲထားတယ်၊ လူသားတွေအတွက် အခြေခံအကျဆုံး၊ အကျယ်ပြန့်ဆုံး ကိစ္စရပ်ကြီး တစ်ခုအတွက် ဝန်ကြီးဌာန သီးသန့် ရှိသင့်တယ်။ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံရေး အကုန်လုံးဟာ သဘာဝပတ်ဝန်းကျင်နဲ့ မလွတ်ကြဘူး။ အိန္ဒိယမှာ ၁၉၈ဝ တုန်းက ကြက်သွန် ၁ဝ ရူပီးကနေ ၈၈ ရူပီး ဖြစ်သွားတဲ့အချိန်မှာ အင်ဒီရာဂန္ဒီအစိုးရ ပြုတ်ကျသွားတယ်၊ အီဂျစ်မှာ ဆိုလည်း ဒီအတိုင်းပဲ၊ ကောက်ပဲသီးနှံဈေးတွေ တက်လာတဲ့အခါမှာ သမ္မတမူဘာရက် ဒုက္ခရောက်တာပဲ၊ ပြည်သူတွေက ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကို မလိုချင်ကြဘူး။ ဒါပေမဲ့ ကမ္ဘာမှာလည်း ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် စိုက်ပျိုးရေးနိုင်ငံတွေ အရမ်းနစ်နာတယ်။ သဘာဝပတ်ဝန်းကျင်ရဲ့ပြောင်းလဲမႈတွေ၊ ဆုတ်ယုတ်မှုတွေက နိုင်ငံချင်း ဆက်စပ်နေတယ်၊ ဥပမာ အင်ဒိုနီးရှားမှာ တောမီးလောင်တယ်၊ သူ့ဟာသူ မီးလောင်တာ (အိမ်နီးချင်း) မလေးရှားနဲ့ စင်ကာပူကကျောင်းတွေပိတ်၊ လေယာဉ်ခရီးစဉ်တွေ ဖျက်ရတယ်၊ သဘာဝကိုက တောတောင်ရေမြေ၊ ပင်လယ်သမုဒ္ဒရာတွေကို ကာဆီးထားလို့မရဘူး။ အဲ့ဒီအတွက်ကြောင့် နိုင်ငံတိုင်း Green Policy ရှိသင့်တယ်။ မဟုတ်ရင် ကမ္ဘာဟာ ဒီထက် အပူချိန်တွေ တက်လာမယ်၊ ရေခဲတောင်တွေ ပြိုမယ်၊ ပင်လယ်ရေတွေ မြင့်တက်လာမယ်။

မေး - အစိုးရသစ်လက်ထက်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သီးသန့်ဝန်ကြီးဌာန ထားရှိပေးဖို့ လွှတ်တော်ထဲကတစ်ဆင့် တောင်းဆိုသွားဖို့ ရှိပါသလား။ ဘာတွေ ပြင်ဆင်ထားပါသလဲ။

ဖြေ - အဲဒါကတော့တောင်းဆိုရမှာပဲ၊ ဘယ်လိုအချက်အလက်တွေ ပြင်ဆင်ထားလဲဆိုရင် မြန်မာအစိမ်းရောင်ကွန်ရက်အနေနဲ့ တိုင်းပြည်အတွက်လိုအပ်လာရင် ကျွမ်းကျင်တဲ့ ပညာတွေနဲ့ ပံ့ပိုးဖို့ဆိုပြီးတော့ စေတနာ့ဝန်ထမ်းအဖွဲ့ကို ပညာရှင်တွေနဲ့ ဖွဲ့ထားတယ်၊ အဆိုးရောအကောင်းရော ချပြမယ်၊ ဘယ်သူတာဝန်ပေးပေး မပေးပေး မြစ်ဆုံ၊ လက်ပံတောင်း၊ အခုနောက်ဆုံးကျောက်မီးသွေးကိစ္စမှာ မြန်မာအစိမ်းရောင်ကွန်ရက်သည် အစိုးရနဲ့ပြည်သူလူထုကြားမှာ ထိန်းညှိပေးတဲ့အဖွဲ့ပဲ ဖြစ်တယ်၊ လိုအပ်တဲ့အခါ ရေတွေ၊ မြေတွေကို နိုင်ငံတကာစံနှုန်းနဲ့ စမ်းပေးတယ်၊ ဒါတွေကို နိုင်ငံတော်သမ္မတ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေကို ပို့တယ်။ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးပြောရမှာ ပညာရှင်စစ်စစ်တို့ရဲ့တာဝန်ဖြစ်တယ်။ အဲ့ဒီလိုပြောခြင်းအားဖြင့် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို အလေးထားပြီး ကာကွယ်ရာလည်းကျတယ်။ မဟုတ်တာတွေလုပ်နေတာကို မထောက်ပြဘူးဆိုရင် တိုင်းပြည်နဲ့ပြည်သူအပေါ်မှာ ဒီပညာရှင်တွေဟာ သစ္စာဖောက်တာပဲလို့ မြင်တယ်။

မေး - အစိုးရသစ်လက်ထက်မှာ ဒီကျောက်မီးသွေးအသုံးပြုမှုနဲ့ ပတ်သက်ပြီး ဘယ်လိုပြောင်းလဲလာနိုင်မယ်လို့ မျှော်လင့်ထားပါသလဲ။

ဖြေ - ကျောက်မီးသွေးကိစ္စကို လက်ရှိ အစိုးရတောင်မှ Clean Coal Technology (သန့်စင်တဲ့ကျောက်မီးသွေး နည်းပညာ) ဆိုပြီးတော့ သူက ပြောနေတယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်အားလုံးကတော့ လက်မခံဘူး၊ ဘာကြောင့်လဲ။ အစိုးရဟာ Clean Government မဖြစ်သေးဘူး၊ လာဘ်စားမှုတွေက အများကြီးရှိသေးတယ်၊ ဥပဒေတွေ ထုတ်ပြန်ပေမဲ့ မျက်နှာကြီးရာ ဟင်းဖတ်ပါနေတုန်းပဲ၊ ဥပမာ သစ်နဲ့ပတ်သက်ရင် တရုတ်တွေကို ဖမ်းပြလိုက်တယ်၊ ပြီးတော့ ပြန်လွှတ်လိုက်တယ်၊ သဘောက မညီမျှတဲ့ ဥပဒေတွေနဲ့ဆိုတော့ ဒါကိုလုပ်လို့မရသေးဘူးပေါ့၊ ဂျပန်တွေနဲ့တွေ့တဲ့အခါ ဒီကလူတွေပြောနေသလို ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းက ဘယ်လိုမှ Clean Coal မဖြစ်နိုင်ဘူး ဆိုတာကို ဂျပန်တွေက ဝန်ခံတယ်၊ သူတို့က ကမ္ဘာမှာ နည်းပညာ အရမ်းလည်း ကောင်းတယ်၊ ငွေကြေးလည်း တတ်နိုင်တယ်၊ သူတို့ကကျောက်မီးသွေးကို ပြန်လည်မွမ်းမံပြီး သန့်စင်အောင်၊ ပတ်ဝန်းကျင်ကို မထိခိုက်အောင်လုပ်ပြီးတော့မှ သုံးစွဲတာဖြစ်တယ်လို့ ပြောတယ်၊ ပင်လယ်ကိုလည်း အကာအကွယ်တွေ ပေးရတယ်၊ မြေအောက်ကိုလည်း ကာဗွန်ဒိုင်အောက်ဆိုဒ်တွေထည့်ရတယ်၊ ကာဗွန်တွေ ကောင်းကင်ပြင်ကို ရောက်မသွားဖို့ မြေအောက်ထဲ သိုလှောင်တဲ့ပညာရပ်ကို က အမေရိကမှာ သုသေတနလုပ်တာ နောက်ဆုံးတော့ အဲဒီသုတေသနလုပ်ငန်းကို ပိတ်လိုက်တယ်၊ ငွေရေးကြေးရေး မတတ်နိုင်တော့လို့။ မြန်မာပြည်အနေနဲ့ ဘယ်လိုမှ မလုပ်နိုင်ဘူး။ သာမန် ဘီယာလေး၊ ကြာဇံစက်ရုံလေးမှာ ဘာမှရှုပ်ထွေးတဲ့စနစ် မပါတာတောင်မှ ထွက်တဲ့အနံ့အသက်နဲ့ စွန့်ပစ်ပစ္စည်းကိစ္စတွေကို စက်မှုဇုန်တွေမှာ သေသေချာချာ မလုပ်ထားနိုင်ဘူး။

မေး - ကျောက်မီးသွေးအသုံးပြုမှု ရပ်တန့်သွားရေးအတွက် ဘာတွေ ဆက်ပြီး လုပ်ဖို့ စိတ်ကူးထားပါသလဲ။

ဖြေ - လုပ်စရာရှိတဲ့အလုပ်ကို ဆက်လုပ်သွားမယ်။ ဒီအစိုးရကိုလည်း စာတင်ပြီးပြီ၊ ပြောပြီးပြီ၊ ဒါပေမဲ့ သူတို့ဆက်လုပ်တယ်၊ စာအုပ်တွေထုတ်ပြီးပြီ၊ ပြည်သူတွေကိုလည်း နားလည်အောင် အကောင်းအဆိုး ချပြပြီးပြီ။ ဒေသခံတွေက လက်ခံမှဖြစ်မှာ။ ဒေသခံတွေ သဘောပေါက်အောင် သူတို့ကို သင်တန်းတွေ၊ ပညာပေးမယ်၊ စာအုပ်တွေနဲ့နားလည်အောင်လုပ်ပေးမယ်ဆိုရင်၊ ဒါ သူတို့ကိုယ်တိုင် လက်မခံဘူးဆိုရင် ဒီမိုကရေစီစစ်စစ်နိုင်ငံတွေမှာ ပြည်သူလူထုရဲ့အသံ ပြည်သူလူထုက မကြိုက်ဘူး၊ မလိုချင်ဘူးဆိုရင် အဲ့ဒီအစိုးရအနေနဲ့ လုပ်ကိုမလုပ်သင့်ဘူး။

မေး - ကျောက်မီးသွေး ဘေးထွက်ဆိုးကျိုးတွေကို ကျောက်မီးသွေးနဲ့ပတ်သက်တဲ့စီမံကိန်း နယ်မြေက ဒေသခံတွေ သိကြပါသလား။

ဖြေ - သိတယ်၊ သူတို့သိတယ်၊ မိုင်းနင်းအင်ဂျင်နီယာတွေ၊ စာအုပ်တွေက တစ်ဆင့်၊ သင်တန်းတွေကတစ်ဆင့် သူတို့ သိတယ်။ သိသွားတဲ့အခါမှာ ကုမ္ပဏီက ဆင်းမယ်၊ Clean Coal အကြောင်း ပြောမယ်၊ တစ်ခါ အစိုးရကလာပြီး အလုပ်တွေရမယ်ဆိုပြီး ညှိနှိုင်းမယ်ဆိုရင် သူတို့က မေးခွန်းတွေ ပြန်မေးတတ်တယ်၊ ဒါဟာ အရေးအကြီးဆုံးပဲ။ ပညာရှင်တွေ လက်ခံတာ၊ လက်မခံတာထက် ဒေသခံတွေက တကယ်သဘောပေါက်ပြီးတော့ သူတို့အတွက် ဆိုးကျိုးတွေကို သိပြီးတော့ တားမြစ်တာဟာ ပိုပြီးတော့ သဘာဝကျတယ်။

မေး - မြန်မာနိုင်ငံမှာ ကျောက်မီးသွေးနဲ့ပတ်သက်ပြီး ထင်ရှားတဲ့အကျိုးဆက်တစ်ခုကို ပြောပါရှင့်။

ဖြေ - ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့မှာ တီကျစ်ကျောက်မီးသွေးစက်ရုံရှိတယ်၊ ဒေသရဲ့ပတ်ဝန်းကျင် ညစ်နွမ်းသွားတယ်ဆိုတာ မျက်မြင်ကိုယ်တွေ့။ သူတို့ အရင်သုံးခဲ့တဲ့၊ စိုက်ပျိုးခဲ့တဲ့၊ ချိုးခဲ့တဲ့ သန့်ရှင်းတဲ့ရေတွေဟာ အရင်က ဒီအရောင် မဟုတ်ပါဘူး၊ အခုအခါမှာ ဒီရေတွေကိုခပ်တဲ့အခါမှာ အောက်မှာ အနည်အမှုန်အမည်းတွေ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်။ ရေလှောင်ကန်တွေမှာ ဆိုရင်လည်း အမှုန်အမည်းတွေ၊ ဒါတောင်မှ ဒေါ်လေးတို့သွားတုန်းက စက်ရုံတွေ နားထားတဲ့အချိန်ဖြစ်တယ်။ စက်ရုံ မနားထားတဲ့အချိန်သာဆိုရင် အနံ့အသက်တွေရော မသန့်ရှင်းတဲ့လေပါ ရှူရတော့မှာလေ၊ အခုဆိုရင် အဲ့ဒီမှာ ကလေးပျက်ကျနှုန်းက များတယ်လို့ သိခဲ့ရတယ်။

စီမံကိန်းတိုင်းကို ကန့်ကွက်ပြီး တားဆီးနေတာ မဟုတ်ဘူး၊ မြစ်ဆုံကိစ္စပဲဖြစ်ဖြစ်၊ ကျောက်မီးသွေးကိစ္စပဲ ဖြစ်ဖြစ်၊ ဒါဟာ တိုင်းပြည်နဲ့ပြည်သူကို ကောင်းကျိုးထက် ဆိုးကျိုးကို ပိုပြီးတော့ ဖြစ်စေတာကြောင့် ပြည်သူလူထုက မလုပ်ချင်ဘဲ၊ ဆန္ဒ မပါဝင်ဘဲဖြစ်တဲ့ကိစ္စတွေမို့ တိကျတဲ့ အချက်အလက်တွေနဲ့ ဝိုင်းဝန်း ပံ့ပိုး ကူညီပြီး ပြည်သူနဲ့အတူ ရပ်ပေးနေတာဖြစ်ပါတယ်။ ။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading