"အုပ်ချုပ်ရေးယန္တရားကြီး ခိုင်ခိုင်မာမာရှိဖို့လုပ်ရမယ်"

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ရွေးကောက်ပွဲ အပြတ်အသတ်နိုင်ခဲ့သောကြောင့် မကြာမီ အစိုးရဖွဲ့ရတော့မည်ဖြစ်သည်။ ဒီဇင်ဘာလလယ်မှ အစပြုပြီး အစိုးရ၏ နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီ၊ NLD ၏ အသွင်ကူးပြောင်းရေး အဖွဲ့တို့ မကြာခဏ တွေ့ဆုံပြီး ညှိနှိုင်းလျက်ရှိသည်။

မကြာသေးမီက Myanmar Now သတင်းထောက် ထက်ခေါင်လင်းနှင့် ရန်ကုန်မြို့ NLD ရုံးချုပ်တွင် တွေ့ဆုံစဉ် NLD ၏ ဗဟိုကော်မတီဝင်လည်းဖြစ်၊ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးလည်း ဖြစ်သည့် ဦးဉာဏ်ဝင်းက အာဏာလွှဲပြောင်းရေး၊ အစိုးရအဖွဲ့သစ်၏မူဝါဒ၊ ပြုပြင်ပြောင်းလဲရေး၊ တရားစီရင်ရေး စသည့် အကြောင်းအရာများကို ပြောပြခဲ့သည်။ ပြောဆိုချက်များထဲမှ တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မေး - အခု လက်ရှိအစိုးရအဖွဲ့နဲ့ ဝန်ကြီးဌာနတွေ အာဏာလွှဲပြောင်းရေးကိစ္စ ဆွေးနွေးနေတာ ဘယ်အခြေအနေအထိ ခရီး ရောက်နေပြီလဲဆိုတာ ပြောပြပါခင်ဗျ။

ဖြေ - အဲဒီဆွေးနွေးတဲ့အဖွဲ့မှာ ကျွန်တော်တော့မပါဘူး။ သို့သော် ကျွန်တော်သိရသလောက်တော့ အားလုံးအဆင်ပြေပါတယ်။ သဘောထားအားလုံးတူတယ်လို့ ကျွန်တော်ပြောတာမဟုတ်ဘူး။ လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီးတော့ ခက်ခဲနေတဲ့၊ အဟန့်အတားဖြစ်နေတာတွေတော့ မရှိပါဘူး။ အဆင်ပြေတယ်လို့ သာမန်အားဖြင့် ပြောလို့ရပါတယ်။ အသေးစိတ်တော့ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ဆီက အဖွဲ့လည်းရှိတယ်။ ဟိုဘက်မှာလည်း အဖွဲ့ရှိတယ်။ ဒီနှစ်ဖွဲ့ မကြာခဏတွေ့ပြီးတော့ ညှိနေကြတယ်။

မေး - လာမယ့် အစိုးရအဖွဲ့အတွင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တချို့လူတွေ၊ လက်ရှိအစိုးရအဖွဲ့ထဲက တချို့ကို တာဝန်ပေးဖို့ အစီအစဉ်ရှိလား။

ဖြေ - ကျွန်တော်တို့ ဘယ်သူ့ကိုသုံးမယ်၊ ဘယ်သူ့ကို မသုံးဘူးဆိုတာ မပြောနိုင်ပါဘူး။ တစ်ခုတော့ရှိတယ်၊ ကျွန်တော်တို့ စဉ်းစားတာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေ၊ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ကိစ္စတွေ၊ တရားဥပဒေစိုးမိုးရေးတွေ အဲဒါတွေက ဦးစားပေးလုပ်မှာပါ။

မေး - လက်ရှိ အစိုးရအဖွဲ့မှာ သတင်းထုတ်ပြန်မှုအပိုင်း အားနည်းနေတယ်။ NLD အစိုးရအဖွဲ့မှာ သတင်းမြန်မြန်ဆန်ဆန် စီးဆင်းဖို့ ဘယ်လို ပြင်ဆင်ထားလဲ။

ဖြေ - သတင်းဌာနတွေအနေနဲ့ကတော့ ပြန်ကြားရေးကပဲ သတင်းထုတ်ပြန်ရေးကို ကိုင်ရဦးမှာပဲ။ ဒါ သူ့အလုပ်လည်း ဖြစ်ပါတယ်။ ပြီးတော့ သတင်းနဲ့ ပတ်သက်ရင် ကျွန်တော်တို့ကိုယ်တိုင် သတင်းတွေဟာ အရေးကြီးတဲ့ဟာကို Quote (ကိုးကားချက်) မလုပ်ဘဲနဲ့ ထည့်တယ်၊ ဆိုတော့ စွပ်စွဲလို့လည်း မရဘူး။ Quote လုပ်ထားတယ်ဆိုရင် ကျွန်တော်တို့ ရှင်းလို့ရတယ်။ အဲဒါမျိုးတွေ တော်တော်များများ ဖြစ်နေပါတယ်။ ကျွန်တော်က အပြစ်တင်တာမဟုတ်ပါဘူး။ အဲဒါတွေမဖြစ်အောင်ကျွန်တော်တို့ အစိုးရဖွဲ့တဲ့အခါ လုပ်မယ်၊ စီစဉ်ဆောင်ရွက်မယ်လို့ စိတ်ကူးထားပါတယ်။

မေး - ဒါဆို ပြန်ကြားရေး ဝန်ကြီးဌာနက ဆက်ရှိနေဦးမှာပေါ့။

ဖြေ - လောလောဆယ်တော့ ပြန်ကြားရေးဝန်ကြီးဌာနက ဆက်ရှိနေဦးမှာပါ။ နိုင်ငံတကာမှာလို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ပြန်ကြားရေးဌာနတွေ၊ သတင်းထုတ်ပြန်ရေးအဖွဲ့တွေ ထားဖို့ဆိုတာ နောင်တော့ မပြောတတ်ဘူး၊ လောလောဆယ်တော့ မရှိသေးဘူး။

မေး - သမ္မတ ဦးသိန်းစိန်လက်ထက်မှာ လုပ်ခဲ့တဲ့ စီမံကိန်းတွေဟာ တိုင်းပြည်အပေါ်မှာ ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိတယ်လို့ ယူဆလဲ။

ဖြေ - အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က မေးထားပါတယ်၊ သူတို့က မဖြေသေးပါဘူး။ စီမံကိန်းကြီးတွေ ဘာရှိလဲ၊ ဘယ်လိုပုံစံနဲ့ ဒီ စီမံကိန်းကို အကောင်အထည်ဖော်တာလဲ၊ ဘယ်လောက် ဖော်ပြီးပြီလဲ၊ ဘယ်လောက်ကျန်သေးလဲ။ ဒါတွေကို နောင်တက်လာမယ့် NLD အစိုးရ သိဖို့လိုတယ်။ ဒါသိမှ အလုပ်လုပ်လို့ရမှာ။ အဲဒီမေးခွန်းရဲ့ အဖြေက အဲဒီထဲမှာပါမှာ။ ကျွန်တော်တို့ အခုချိန်ထိ အဲဒီရဲ့ စာရင်းမရသေးပါဘူး။ နှစ်ဖက်ညှိနှိုင်းတဲ့အထဲက ထွက်လာတာ မရှိသေးပါဘူး။ အဓိက အဲဒါပဲ။ စီမံကိန်းတွေ ဘယ်တုန်းကလုပ်တာလဲ၊ ရည်ရွယ်ချက်ကဘာလဲ၊ ဘယ်လောက်သုံးပြီးပြီလဲ၊ ဘယ်ငွေနဲ့ သုံးတာလဲ၊ ဘယ်လောက် ကျန်သေးလဲ။ ဒါမှ ရှေ့ဆက်ပြီးတော့ ဒါကိုအကောင်အထည်ဖော်မလဲ၊ မနိုင်လို့ နောက်ထပ်အများကြီးလိုသေးတယ်ဆိုရင်လည်း ခဏရပ်ပေါ့ဗျာ။ ငွေရှာပေါ့။ သူ့ဘာသာသူ ဆက်သွားနိုင်ရင်လည်း ဆက်သွားပေါ့။ ဒါတွေကို ပထမ သိဖို့လိုတယ်။ NLD ကိုယ်တိုင်ကို အဲဒါတွေ မသိသေးပါဘူး။

မေး - NLD အနေနဲ့မဟုတ်ဘဲ ကိုယ့်ရဲ့ ပုဂ္ဂလိက အမြင်ကရော ဘယ်လိုလဲ။

ဖြေ - ကျွန်တော့်ရဲ့ တသီးပုဂ္ဂလအမြင်အရပြောရင်လည်း အဲဒီလိုမြင်နိုင်ဖို့ဆိုတာ အရေးကြီးတာက အဲဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်။ ကိုင်တွယ်တဲ့သူတွေက ပွင့်ပွင့်လင်းလင်းမပြောဘူး၊ မထုတ်ပြန်ဘူးဆိုရင် သုံးသပ်ရတာလဲ အမှန်မရနိုင်ဘူး။ အမှန်မရလို့ ကောင်းစွာမဝေဖန်နိုင်ရင် ဘယ်ဟာမှ မချောပါဘူး။ ဝေဖန်မှုဆိုတာ အိုးဖုတ်သလိုပါပဲ၊ ရိုက်ချက်များမှပဲ ချောမှာပါ။

မေး - NLD အစိုးရအနေနဲ့ တပ်မတော်အပေါ်မှာ ဘယ်လိုသဘောထားမလဲ။

ဖြေ - တပ်မတော်ဆိုတာ တိုင်းပြည်မှာ မရှိမဖြစ် အရေးကြီးတဲ့ ဌာနကြီးတစ်ခုပါ။ စစ်သားအရေအတွက်၊ တပ်ရင်းအရေအတွက်က အရေးမကြီးဘူး။ အရှေ့တောင်အာရှမှာဆိုရင်လည်း အင်အားကြီးနိုင်ငံကြီးတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့က အရေအတွက်နဲ့၊ ခိုင်းကောင်းတဲ့ဟာရှိနေရုံနဲ့ မဖြစ်ဘူး။ ခေတ်မီတပ်မတော်ဖြစ်ဖို့ကို ဦးတည်ဖို့လိုတယ်လို့ ထင်ပါတယ်။

မေး - အရပ်သားစစ်စစ် သမ္မတဖြစ်လာရင် တပ်အပေါ် သြဇာလွှမ်းမိုးမှု အားနည်းနေလိမ့်လို့ တချို့က ယူဆကြတယ်။

ဖြေ - အဲဒါက သမ္မတဖြစ်လာမယ့်သူရယ်၊ သူတို့ရဲ့ အဖွဲ့အစည်းတွေရဲ့ အခြေအနေပေါ်မှာ မူတည်တယ်။ ကမ္ဘာ့နိုင်ငံတွေကို လှည့်ကြည့််လိုက်ရင် အရပ်သားအစိုးရတွေက တိုင်းပြည်ကိုအုပ်ချုပ်တယ်။ တပ်မတော်ဆိုတာ အဲဒီထဲကမှ Institution (အဖွဲ့အစည်း) တစ်ခု။ ဒီမှာလည်း အဲဒီလို ဖြစ်သင့်တယ်။

မေး - အုပ်ချုပ်ရေးယန္တရားတွေထဲက ဘယ်အချက်တွေကို အဓိက ဦးစားပေးပြုပြင်မလဲ။

ဖြေ - ကျွန်တော့်အမြင်အရတော့ ဗျူရိုကရေစီယန္တရားတည်ဆောက်မှရမှာပဲ။ မြန်မာနိုင်ငံမှာ ဒီလိုဟာရှိခဲ့တယ်။ ဒါပေမယ့် ၁၉၆၂ ခုနှစ်ကစပြီးတော့ ၂ဝ၁ဝ ခုနှစ်အထိ သူတို့(စစ်အာဏာရှင်တွေ) က ဖျက်ဆီးလိုက်တယ်။ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပြုပြင်ဖို့ ကြိုးစားတယ်။ အမြဲတမ်း အတွင်းဝန်ဆိုတာကို ခန့်တယ်။ အဲဒီဟာက ဘယ်အစိုးရတက်တက်၊ ဘယ်နိုင်ငံရေးသမားလာလာ အုပ်ချုပ်ရေးက သူ့ဘာသာသူ ရှိနေမှာ။ အုပ်ချုပ်ရေးအရာရှိက သူ့အလုပ်သူ လုပ်သွားမှာ၊ ဒီပုံစံနဲ့ သွားရမှာ။ အခုအစိုးရ ကြိုးစားတာလည်း တပိုင်းတစ်စပေါ့။ ကျွန်တော်တို့က ဒီလိုအုပ်ချုပ်ရေးယန္တရားကြီး ခိုင်ခိုင်မာမာရှိဖို့ လုပ်ရမယ်။

မေး - နည်းနည်းအသေးစိတ် ပြောပြပေးပါ။

ဖြေ - နိုင်ငံရေး ခေါင်းဆောင်က သူလိုချင်တဲ့ဟာကို အောက်ကိုချပေး၊ အောက်က ပုံဖော်။ အောက်က ပုံဖော်တာကိုတော့ သွားပြီး ဆရာမလုပ်နဲ့၊ သူက အဲဒီလောက် မတတ်ဘူး၊ သူက Policy Guide Line (မူဝါဒဆိုင်ရာညွှန်ကြားချက်) ပဲ ပေးရမှာ။ အသေးစိတ်ကို သွားဝင်ပါလိုက်တာနဲ့ ပျက်တာပဲ။ ကျွန်တော်တို့ ကြီးပြင်းလာတဲ့ဘဝမှာ တပ်တွေက ဌာနဆိုင်ရာတွေကို ဝင်တယ်၊ သူတို့အကုန်တတ်တယ်လို့ ပြောတာပဲ၊ အဲဒီလို ပြောပြီးလုပ်ခဲ့လို့ ပျက်နေခဲ့တာ။ ကျွန်တော်တို့က သူ့လိုင်းနဲ့သူသွားမှာ၊ ဆင်အလုပ် ဆင်လုပ်၊ မြင်းအလုပ် မြင်းလုပ်ပဲ။

မေး - ခြစားမှုကိစ္စတွေကရော ဘယ်လိုလဲ။

ဖြေ - ဒါက ဥပဒေစိုးမိုးရေးကိစ္စတွေပဲ။ တရားဥပဒေစိုးမိုးရေးကို လူတွေကလည်း နားလည်ရမယ်။ စနစ်ချည်းပဲလည်း မဟုတ်ဘူး။ ဥပဒေမှာပေးထားတဲ့ဟာကို မလုပ်တာ၊ နောက်တစ်ခုက ဥပဒေမှာပေးထားတဲ့ဟာကို ပိုလုပ်တာ၊ ဒီနှစ်ခုရှိနေသမျှ တိုင်းပြည် မတိုးတက်ဘူး၊ အုပ်ချုပ်ရေးယန္တရားလည်း မခိုင်မာဘူး။ လုပ်ပိုင်ခွင့်ဆိုတာက ဥပဒေက လာရမှာ၊ ပါးစပ်ကလာရမှာ မဟုတ်ဘူး။

မေး - လက်ရှိတရားစီရင်ရေးမဏ္ဍိုင်က ယိုင်နဲ့နေတယ်လို့ အများကလည်း ဝေဖန်ထားကြတော့ အဲဒီဟာကို ဘယ်လိုပြုပြင်ဖို့လိုမယ်လို့ ဥပဒေသမား တစ်ယောက်ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ယူဆသလဲ။

ဖြေ - စနစ်ဟောင်းတွေ ပြန်ဖော်ထုတ်ရမယ်။ ကျွန်တော်တို့မီလိုက်တဲ့ခေတ်မှာ တရားရေးအရာရှိတစ်ယောက်ဟာ ရာထူးတက်ဖို့ဆိုတာ သူစစ်ဆေးခဲ့တဲ့ အနည်းဆုံး အမှုတွဲ ၃ တွဲလောက် အထက်အဆင့်ဆင့် တင်ပြရတယ်။ အထက်က လူကို မကြည့်ဘူး၊ ဖိုင်ကိုပဲကြည့်တာ။ ဘယ်လောက် စနစ်တကျ စီရင်ခဲ့လဲ၊ အဲဒါမလုပ်ရင် ဘယ်တော့မှ ရာထူးမတိုးဘူး။ အဲဒီလိုလုပ်မှ တရားရုံးအမှုတွဲတွေကို တရားသူကြီးတွေက ခိုင်ခိုင်လုံလုံလုပ်မှာ။ လာဘ်စားဦးတော့၊ ရက်ရက်စက်စက် မစားရဘူး။ သူ တစ်သက်လုံး ရာထူးမတက်ဘဲ နေချင်သလား၊ လူတိုင်းက ရာထူးတက်ချင်တာပေါ့၊ အဲဒီတော့ ကောင်းကောင်းလုပ်၊ ရှိနေတဲ့ ဥပဒေကိုလည်း ပေးထားတဲ့အတိုင်းပဲ လုပ်ပေါ့၊ ပိုမလုပ်ရဘူး။ ဒီနှစ်ခုနဲ့သာ လုပ်သွားမယ်ဆိုရင် လာဘ်ပေးလာဘ်ယူက လျော့သွားမယ်။

မေး - NLD ဘက်က ဥပဒေကိစ္စနဲ့ ပတ်သက်ပြီး တရားရေးသမား ၄ဝ လောက် လျာထားတာရှိတယ်လို့ အသံတွေထွက်နေတယ်။

ဖြေ - သတင်းထဲမှာ အဲဒီလိုပါလာတာကိုလည်း တစ်ယောက်ကပြောတယ်။ ဒါပေမယ့် ကျွန်တော် အဲဒါမသိဘူး။ တရားရေးက အစိုးရအဖွဲ့နဲ့ မဆိုင်ဘူး။ အစိုးရအဖွဲ့သက်တမ်းကုန်တာ၊ လွှတ်တော်သက်တမ်းကုန်တာ တရားရေးနဲ့ ဘာမှမဆိုင်ဘူး။ တရားရေးကသက်သက်။ ဒီဘက်မှာရှိနေတာက ရှေ့နေချုပ်ပဲရှိတာ၊ ရှေ့နေချုပ်က အစိုးရပြုတ်ရင် သူပြုတ်တယ်။ လူစားထိုးလည်းရတယ်။ အခု ၄ဝ တို့၊ ၆ဝ တို့ ဘာ့ကြောင့်အဲဒီလိုပြောနေကြလဲ ကျွန်တော်မသိဘူး။

မေး - NLD မှာ သမ္မတရာထူးအတွက် လျာထားတာရှိတယ်လို့ ဦးဉာဏ်ဝင်းက ပြောကြောင်း ဂျပန်သတင်းဌာနတစ်ခုက ရေးခဲ့ဖူးတယ်။ ဘယ်သူတွေကို လျာထားတာလဲ။

ဖြေ - အဲဒီဟာက သတင်းမှားပါ။ ရေးပုံရေးနည်းမှားတာပါ။ ကျွန်တော်ပြောခဲ့တာက သမ္မတ ဖြစ်ထိုက်တဲ့သူ ၁ဝ ဦးမက ရှိတယ်လို့။ အဲဒါကို သူတို့က ၁ဝ ဦးရှိတယ်လို့ ရေးလိုက်တာ။ အဲဒီဟာက ကျွန်တော်တို့ပါတီထဲမှာ ရှိတာကိုပြောတာ။ ပါတီထဲမှာ ဝါရင့်တယ်၊ ပညာလည်းရှိတယ်၊ လုပ်သက်လည်းရင့်တယ်၊ နိုင်ငံရေးဝါလည်းရင့်တယ်၊ သစ္စာလည်းရှိတယ်။ အဲဒီလိုလူမျိုးတွေ ပါတီထဲမှာ အများကြီးပါလို့ ကျွန်တော်ဖြေခဲ့တာ။ ။

မေး - ပြည်ပရောက်နေတဲ့သူတွေအတွက်ရော အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဆိုတာမျိုး ကြေညာမယ့်အစီအစဉ် ရှိလား။

ဖြေ - ကျွန်တော်တော့ အဲဒါလက်ခံတယ်၊ ဒါက နိုင်ငံရေးအရ။ ဥပဒေအရတော့ အဲဒါမမှန်ပြန်ဘူး။ နိုင်ငံခြားသားပတ်စ်ပို့ ကိုင်လိုက်တာနဲ့ နိုင်ငံသားအဖြစ်က ဥပဒေအရ အလိုလိုရပ်ဆိုင်းသွားတယ်၊ အဲဒါကို ဘယ်လိုပြန်လုပ်မလဲဆိုတာ ဥပဒေမှာ မပါဘူး။ ပါတာတစ်ခုက နိုင်ငံတော်သမ္မတက ဘယ်ဟာမဆို သူကယ်တင်နိုင်တယ်၊ ဒါနဲ့ပဲလုပ်ရမှာ။ အခု လုပ်နေခဲ့တာလည်း ဒါနဲ့ပဲလုပ်ခဲ့တာ။ တချို့နိုင်ငံသား ပြန်ရတယ်၊ တချို့မရဘူး၊ မရတဲ့သူတွေမှာ ကျွန်တော့်မိတ်ဆွေ တချို့လည်း ပါပါတယ်။ လိုအပ်ရင် ဥပဒေကို ပြင်သင့်တယ်လို့ ထင်တယ်။ နိုင်ငံသားပြန်ပေးတာနဲ့ ပတ်သက်ပြီး ကန့်သတ်ထားတာတွေကို ဖြေလျှော့ဖို့တော့ အစီအစဉ်ရှိလာမယ်လို့ ထင်ပါတယ်။ ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading