"အုပ်ချုပ်ရေးယန္တရားကြီး ခိုင်ခိုင်မာမာရှိဖို့လုပ်ရမယ်"

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ရွေးကောက်ပွဲ အပြတ်အသတ်နိုင်ခဲ့သောကြောင့် မကြာမီ အစိုးရဖွဲ့ရတော့မည်ဖြစ်သည်။ ဒီဇင်ဘာလလယ်မှ အစပြုပြီး အစိုးရ၏ နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီ၊ NLD ၏ အသွင်ကူးပြောင်းရေး အဖွဲ့တို့ မကြာခဏ တွေ့ဆုံပြီး ညှိနှိုင်းလျက်ရှိသည်။

မကြာသေးမီက Myanmar Now သတင်းထောက် ထက်ခေါင်လင်းနှင့် ရန်ကုန်မြို့ NLD ရုံးချုပ်တွင် တွေ့ဆုံစဉ် NLD ၏ ဗဟိုကော်မတီဝင်လည်းဖြစ်၊ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးလည်း ဖြစ်သည့် ဦးဉာဏ်ဝင်းက အာဏာလွှဲပြောင်းရေး၊ အစိုးရအဖွဲ့သစ်၏မူဝါဒ၊ ပြုပြင်ပြောင်းလဲရေး၊ တရားစီရင်ရေး စသည့် အကြောင်းအရာများကို ပြောပြခဲ့သည်။ ပြောဆိုချက်များထဲမှ တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မေး - အခု လက်ရှိအစိုးရအဖွဲ့နဲ့ ဝန်ကြီးဌာနတွေ အာဏာလွှဲပြောင်းရေးကိစ္စ ဆွေးနွေးနေတာ ဘယ်အခြေအနေအထိ ခရီး ရောက်နေပြီလဲဆိုတာ ပြောပြပါခင်ဗျ။

ဖြေ - အဲဒီဆွေးနွေးတဲ့အဖွဲ့မှာ ကျွန်တော်တော့မပါဘူး။ သို့သော် ကျွန်တော်သိရသလောက်တော့ အားလုံးအဆင်ပြေပါတယ်။ သဘောထားအားလုံးတူတယ်လို့ ကျွန်တော်ပြောတာမဟုတ်ဘူး။ လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီးတော့ ခက်ခဲနေတဲ့၊ အဟန့်အတားဖြစ်နေတာတွေတော့ မရှိပါဘူး။ အဆင်ပြေတယ်လို့ သာမန်အားဖြင့် ပြောလို့ရပါတယ်။ အသေးစိတ်တော့ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ဆီက အဖွဲ့လည်းရှိတယ်။ ဟိုဘက်မှာလည်း အဖွဲ့ရှိတယ်။ ဒီနှစ်ဖွဲ့ မကြာခဏတွေ့ပြီးတော့ ညှိနေကြတယ်။

မေး - လာမယ့် အစိုးရအဖွဲ့အတွင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တချို့လူတွေ၊ လက်ရှိအစိုးရအဖွဲ့ထဲက တချို့ကို တာဝန်ပေးဖို့ အစီအစဉ်ရှိလား။

ဖြေ - ကျွန်တော်တို့ ဘယ်သူ့ကိုသုံးမယ်၊ ဘယ်သူ့ကို မသုံးဘူးဆိုတာ မပြောနိုင်ပါဘူး။ တစ်ခုတော့ရှိတယ်၊ ကျွန်တော်တို့ စဉ်းစားတာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေ၊ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ကိစ္စတွေ၊ တရားဥပဒေစိုးမိုးရေးတွေ အဲဒါတွေက ဦးစားပေးလုပ်မှာပါ။

မေး - လက်ရှိ အစိုးရအဖွဲ့မှာ သတင်းထုတ်ပြန်မှုအပိုင်း အားနည်းနေတယ်။ NLD အစိုးရအဖွဲ့မှာ သတင်းမြန်မြန်ဆန်ဆန် စီးဆင်းဖို့ ဘယ်လို ပြင်ဆင်ထားလဲ။

ဖြေ - သတင်းဌာနတွေအနေနဲ့ကတော့ ပြန်ကြားရေးကပဲ သတင်းထုတ်ပြန်ရေးကို ကိုင်ရဦးမှာပဲ။ ဒါ သူ့အလုပ်လည်း ဖြစ်ပါတယ်။ ပြီးတော့ သတင်းနဲ့ ပတ်သက်ရင် ကျွန်တော်တို့ကိုယ်တိုင် သတင်းတွေဟာ အရေးကြီးတဲ့ဟာကို Quote (ကိုးကားချက်) မလုပ်ဘဲနဲ့ ထည့်တယ်၊ ဆိုတော့ စွပ်စွဲလို့လည်း မရဘူး။ Quote လုပ်ထားတယ်ဆိုရင် ကျွန်တော်တို့ ရှင်းလို့ရတယ်။ အဲဒါမျိုးတွေ တော်တော်များများ ဖြစ်နေပါတယ်။ ကျွန်တော်က အပြစ်တင်တာမဟုတ်ပါဘူး။ အဲဒါတွေမဖြစ်အောင်ကျွန်တော်တို့ အစိုးရဖွဲ့တဲ့အခါ လုပ်မယ်၊ စီစဉ်ဆောင်ရွက်မယ်လို့ စိတ်ကူးထားပါတယ်။

မေး - ဒါဆို ပြန်ကြားရေး ဝန်ကြီးဌာနက ဆက်ရှိနေဦးမှာပေါ့။

ဖြေ - လောလောဆယ်တော့ ပြန်ကြားရေးဝန်ကြီးဌာနက ဆက်ရှိနေဦးမှာပါ။ နိုင်ငံတကာမှာလို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ပြန်ကြားရေးဌာနတွေ၊ သတင်းထုတ်ပြန်ရေးအဖွဲ့တွေ ထားဖို့ဆိုတာ နောင်တော့ မပြောတတ်ဘူး၊ လောလောဆယ်တော့ မရှိသေးဘူး။

မေး - သမ္မတ ဦးသိန်းစိန်လက်ထက်မှာ လုပ်ခဲ့တဲ့ စီမံကိန်းတွေဟာ တိုင်းပြည်အပေါ်မှာ ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိတယ်လို့ ယူဆလဲ။

ဖြေ - အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က မေးထားပါတယ်၊ သူတို့က မဖြေသေးပါဘူး။ စီမံကိန်းကြီးတွေ ဘာရှိလဲ၊ ဘယ်လိုပုံစံနဲ့ ဒီ စီမံကိန်းကို အကောင်အထည်ဖော်တာလဲ၊ ဘယ်လောက် ဖော်ပြီးပြီလဲ၊ ဘယ်လောက်ကျန်သေးလဲ။ ဒါတွေကို နောင်တက်လာမယ့် NLD အစိုးရ သိဖို့လိုတယ်။ ဒါသိမှ အလုပ်လုပ်လို့ရမှာ။ အဲဒီမေးခွန်းရဲ့ အဖြေက အဲဒီထဲမှာပါမှာ။ ကျွန်တော်တို့ အခုချိန်ထိ အဲဒီရဲ့ စာရင်းမရသေးပါဘူး။ နှစ်ဖက်ညှိနှိုင်းတဲ့အထဲက ထွက်လာတာ မရှိသေးပါဘူး။ အဓိက အဲဒါပဲ။ စီမံကိန်းတွေ ဘယ်တုန်းကလုပ်တာလဲ၊ ရည်ရွယ်ချက်ကဘာလဲ၊ ဘယ်လောက်သုံးပြီးပြီလဲ၊ ဘယ်ငွေနဲ့ သုံးတာလဲ၊ ဘယ်လောက် ကျန်သေးလဲ။ ဒါမှ ရှေ့ဆက်ပြီးတော့ ဒါကိုအကောင်အထည်ဖော်မလဲ၊ မနိုင်လို့ နောက်ထပ်အများကြီးလိုသေးတယ်ဆိုရင်လည်း ခဏရပ်ပေါ့ဗျာ။ ငွေရှာပေါ့။ သူ့ဘာသာသူ ဆက်သွားနိုင်ရင်လည်း ဆက်သွားပေါ့။ ဒါတွေကို ပထမ သိဖို့လိုတယ်။ NLD ကိုယ်တိုင်ကို အဲဒါတွေ မသိသေးပါဘူး။

မေး - NLD အနေနဲ့မဟုတ်ဘဲ ကိုယ့်ရဲ့ ပုဂ္ဂလိက အမြင်ကရော ဘယ်လိုလဲ။

ဖြေ - ကျွန်တော့်ရဲ့ တသီးပုဂ္ဂလအမြင်အရပြောရင်လည်း အဲဒီလိုမြင်နိုင်ဖို့ဆိုတာ အရေးကြီးတာက အဲဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်။ ကိုင်တွယ်တဲ့သူတွေက ပွင့်ပွင့်လင်းလင်းမပြောဘူး၊ မထုတ်ပြန်ဘူးဆိုရင် သုံးသပ်ရတာလဲ အမှန်မရနိုင်ဘူး။ အမှန်မရလို့ ကောင်းစွာမဝေဖန်နိုင်ရင် ဘယ်ဟာမှ မချောပါဘူး။ ဝေဖန်မှုဆိုတာ အိုးဖုတ်သလိုပါပဲ၊ ရိုက်ချက်များမှပဲ ချောမှာပါ။

မေး - NLD အစိုးရအနေနဲ့ တပ်မတော်အပေါ်မှာ ဘယ်လိုသဘောထားမလဲ။

ဖြေ - တပ်မတော်ဆိုတာ တိုင်းပြည်မှာ မရှိမဖြစ် အရေးကြီးတဲ့ ဌာနကြီးတစ်ခုပါ။ စစ်သားအရေအတွက်၊ တပ်ရင်းအရေအတွက်က အရေးမကြီးဘူး။ အရှေ့တောင်အာရှမှာဆိုရင်လည်း အင်အားကြီးနိုင်ငံကြီးတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့က အရေအတွက်နဲ့၊ ခိုင်းကောင်းတဲ့ဟာရှိနေရုံနဲ့ မဖြစ်ဘူး။ ခေတ်မီတပ်မတော်ဖြစ်ဖို့ကို ဦးတည်ဖို့လိုတယ်လို့ ထင်ပါတယ်။

မေး - အရပ်သားစစ်စစ် သမ္မတဖြစ်လာရင် တပ်အပေါ် သြဇာလွှမ်းမိုးမှု အားနည်းနေလိမ့်လို့ တချို့က ယူဆကြတယ်။

ဖြေ - အဲဒါက သမ္မတဖြစ်လာမယ့်သူရယ်၊ သူတို့ရဲ့ အဖွဲ့အစည်းတွေရဲ့ အခြေအနေပေါ်မှာ မူတည်တယ်။ ကမ္ဘာ့နိုင်ငံတွေကို လှည့်ကြည့််လိုက်ရင် အရပ်သားအစိုးရတွေက တိုင်းပြည်ကိုအုပ်ချုပ်တယ်။ တပ်မတော်ဆိုတာ အဲဒီထဲကမှ Institution (အဖွဲ့အစည်း) တစ်ခု။ ဒီမှာလည်း အဲဒီလို ဖြစ်သင့်တယ်။

မေး - အုပ်ချုပ်ရေးယန္တရားတွေထဲက ဘယ်အချက်တွေကို အဓိက ဦးစားပေးပြုပြင်မလဲ။

ဖြေ - ကျွန်တော့်အမြင်အရတော့ ဗျူရိုကရေစီယန္တရားတည်ဆောက်မှရမှာပဲ။ မြန်မာနိုင်ငံမှာ ဒီလိုဟာရှိခဲ့တယ်။ ဒါပေမယ့် ၁၉၆၂ ခုနှစ်ကစပြီးတော့ ၂ဝ၁ဝ ခုနှစ်အထိ သူတို့(စစ်အာဏာရှင်တွေ) က ဖျက်ဆီးလိုက်တယ်။ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပြုပြင်ဖို့ ကြိုးစားတယ်။ အမြဲတမ်း အတွင်းဝန်ဆိုတာကို ခန့်တယ်။ အဲဒီဟာက ဘယ်အစိုးရတက်တက်၊ ဘယ်နိုင်ငံရေးသမားလာလာ အုပ်ချုပ်ရေးက သူ့ဘာသာသူ ရှိနေမှာ။ အုပ်ချုပ်ရေးအရာရှိက သူ့အလုပ်သူ လုပ်သွားမှာ၊ ဒီပုံစံနဲ့ သွားရမှာ။ အခုအစိုးရ ကြိုးစားတာလည်း တပိုင်းတစ်စပေါ့။ ကျွန်တော်တို့က ဒီလိုအုပ်ချုပ်ရေးယန္တရားကြီး ခိုင်ခိုင်မာမာရှိဖို့ လုပ်ရမယ်။

မေး - နည်းနည်းအသေးစိတ် ပြောပြပေးပါ။

ဖြေ - နိုင်ငံရေး ခေါင်းဆောင်က သူလိုချင်တဲ့ဟာကို အောက်ကိုချပေး၊ အောက်က ပုံဖော်။ အောက်က ပုံဖော်တာကိုတော့ သွားပြီး ဆရာမလုပ်နဲ့၊ သူက အဲဒီလောက် မတတ်ဘူး၊ သူက Policy Guide Line (မူဝါဒဆိုင်ရာညွှန်ကြားချက်) ပဲ ပေးရမှာ။ အသေးစိတ်ကို သွားဝင်ပါလိုက်တာနဲ့ ပျက်တာပဲ။ ကျွန်တော်တို့ ကြီးပြင်းလာတဲ့ဘဝမှာ တပ်တွေက ဌာနဆိုင်ရာတွေကို ဝင်တယ်၊ သူတို့အကုန်တတ်တယ်လို့ ပြောတာပဲ၊ အဲဒီလို ပြောပြီးလုပ်ခဲ့လို့ ပျက်နေခဲ့တာ။ ကျွန်တော်တို့က သူ့လိုင်းနဲ့သူသွားမှာ၊ ဆင်အလုပ် ဆင်လုပ်၊ မြင်းအလုပ် မြင်းလုပ်ပဲ။

မေး - ခြစားမှုကိစ္စတွေကရော ဘယ်လိုလဲ။

ဖြေ - ဒါက ဥပဒေစိုးမိုးရေးကိစ္စတွေပဲ။ တရားဥပဒေစိုးမိုးရေးကို လူတွေကလည်း နားလည်ရမယ်။ စနစ်ချည်းပဲလည်း မဟုတ်ဘူး။ ဥပဒေမှာပေးထားတဲ့ဟာကို မလုပ်တာ၊ နောက်တစ်ခုက ဥပဒေမှာပေးထားတဲ့ဟာကို ပိုလုပ်တာ၊ ဒီနှစ်ခုရှိနေသမျှ တိုင်းပြည် မတိုးတက်ဘူး၊ အုပ်ချုပ်ရေးယန္တရားလည်း မခိုင်မာဘူး။ လုပ်ပိုင်ခွင့်ဆိုတာက ဥပဒေက လာရမှာ၊ ပါးစပ်ကလာရမှာ မဟုတ်ဘူး။

မေး - လက်ရှိတရားစီရင်ရေးမဏ္ဍိုင်က ယိုင်နဲ့နေတယ်လို့ အများကလည်း ဝေဖန်ထားကြတော့ အဲဒီဟာကို ဘယ်လိုပြုပြင်ဖို့လိုမယ်လို့ ဥပဒေသမား တစ်ယောက်ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ယူဆသလဲ။

ဖြေ - စနစ်ဟောင်းတွေ ပြန်ဖော်ထုတ်ရမယ်။ ကျွန်တော်တို့မီလိုက်တဲ့ခေတ်မှာ တရားရေးအရာရှိတစ်ယောက်ဟာ ရာထူးတက်ဖို့ဆိုတာ သူစစ်ဆေးခဲ့တဲ့ အနည်းဆုံး အမှုတွဲ ၃ တွဲလောက် အထက်အဆင့်ဆင့် တင်ပြရတယ်။ အထက်က လူကို မကြည့်ဘူး၊ ဖိုင်ကိုပဲကြည့်တာ။ ဘယ်လောက် စနစ်တကျ စီရင်ခဲ့လဲ၊ အဲဒါမလုပ်ရင် ဘယ်တော့မှ ရာထူးမတိုးဘူး။ အဲဒီလိုလုပ်မှ တရားရုံးအမှုတွဲတွေကို တရားသူကြီးတွေက ခိုင်ခိုင်လုံလုံလုပ်မှာ။ လာဘ်စားဦးတော့၊ ရက်ရက်စက်စက် မစားရဘူး။ သူ တစ်သက်လုံး ရာထူးမတက်ဘဲ နေချင်သလား၊ လူတိုင်းက ရာထူးတက်ချင်တာပေါ့၊ အဲဒီတော့ ကောင်းကောင်းလုပ်၊ ရှိနေတဲ့ ဥပဒေကိုလည်း ပေးထားတဲ့အတိုင်းပဲ လုပ်ပေါ့၊ ပိုမလုပ်ရဘူး။ ဒီနှစ်ခုနဲ့သာ လုပ်သွားမယ်ဆိုရင် လာဘ်ပေးလာဘ်ယူက လျော့သွားမယ်။

မေး - NLD ဘက်က ဥပဒေကိစ္စနဲ့ ပတ်သက်ပြီး တရားရေးသမား ၄ဝ လောက် လျာထားတာရှိတယ်လို့ အသံတွေထွက်နေတယ်။

ဖြေ - သတင်းထဲမှာ အဲဒီလိုပါလာတာကိုလည်း တစ်ယောက်ကပြောတယ်။ ဒါပေမယ့် ကျွန်တော် အဲဒါမသိဘူး။ တရားရေးက အစိုးရအဖွဲ့နဲ့ မဆိုင်ဘူး။ အစိုးရအဖွဲ့သက်တမ်းကုန်တာ၊ လွှတ်တော်သက်တမ်းကုန်တာ တရားရေးနဲ့ ဘာမှမဆိုင်ဘူး။ တရားရေးကသက်သက်။ ဒီဘက်မှာရှိနေတာက ရှေ့နေချုပ်ပဲရှိတာ၊ ရှေ့နေချုပ်က အစိုးရပြုတ်ရင် သူပြုတ်တယ်။ လူစားထိုးလည်းရတယ်။ အခု ၄ဝ တို့၊ ၆ဝ တို့ ဘာ့ကြောင့်အဲဒီလိုပြောနေကြလဲ ကျွန်တော်မသိဘူး။

မေး - NLD မှာ သမ္မတရာထူးအတွက် လျာထားတာရှိတယ်လို့ ဦးဉာဏ်ဝင်းက ပြောကြောင်း ဂျပန်သတင်းဌာနတစ်ခုက ရေးခဲ့ဖူးတယ်။ ဘယ်သူတွေကို လျာထားတာလဲ။

ဖြေ - အဲဒီဟာက သတင်းမှားပါ။ ရေးပုံရေးနည်းမှားတာပါ။ ကျွန်တော်ပြောခဲ့တာက သမ္မတ ဖြစ်ထိုက်တဲ့သူ ၁ဝ ဦးမက ရှိတယ်လို့။ အဲဒါကို သူတို့က ၁ဝ ဦးရှိတယ်လို့ ရေးလိုက်တာ။ အဲဒီဟာက ကျွန်တော်တို့ပါတီထဲမှာ ရှိတာကိုပြောတာ။ ပါတီထဲမှာ ဝါရင့်တယ်၊ ပညာလည်းရှိတယ်၊ လုပ်သက်လည်းရင့်တယ်၊ နိုင်ငံရေးဝါလည်းရင့်တယ်၊ သစ္စာလည်းရှိတယ်။ အဲဒီလိုလူမျိုးတွေ ပါတီထဲမှာ အများကြီးပါလို့ ကျွန်တော်ဖြေခဲ့တာ။ ။

မေး - ပြည်ပရောက်နေတဲ့သူတွေအတွက်ရော အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဆိုတာမျိုး ကြေညာမယ့်အစီအစဉ် ရှိလား။

ဖြေ - ကျွန်တော်တော့ အဲဒါလက်ခံတယ်၊ ဒါက နိုင်ငံရေးအရ။ ဥပဒေအရတော့ အဲဒါမမှန်ပြန်ဘူး။ နိုင်ငံခြားသားပတ်စ်ပို့ ကိုင်လိုက်တာနဲ့ နိုင်ငံသားအဖြစ်က ဥပဒေအရ အလိုလိုရပ်ဆိုင်းသွားတယ်၊ အဲဒါကို ဘယ်လိုပြန်လုပ်မလဲဆိုတာ ဥပဒေမှာ မပါဘူး။ ပါတာတစ်ခုက နိုင်ငံတော်သမ္မတက ဘယ်ဟာမဆို သူကယ်တင်နိုင်တယ်၊ ဒါနဲ့ပဲလုပ်ရမှာ။ အခု လုပ်နေခဲ့တာလည်း ဒါနဲ့ပဲလုပ်ခဲ့တာ။ တချို့နိုင်ငံသား ပြန်ရတယ်၊ တချို့မရဘူး၊ မရတဲ့သူတွေမှာ ကျွန်တော့်မိတ်ဆွေ တချို့လည်း ပါပါတယ်။ လိုအပ်ရင် ဥပဒေကို ပြင်သင့်တယ်လို့ ထင်တယ်။ နိုင်ငံသားပြန်ပေးတာနဲ့ ပတ်သက်ပြီး ကန့်သတ်ထားတာတွေကို ဖြေလျှော့ဖို့တော့ အစီအစဉ်ရှိလာမယ်လို့ ထင်ပါတယ်။ ။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading