"မန္တလေးက အားလုံးမျက်စိကျနိုင်တဲ့နေရာ"

ဒေါက်တာဇော်မြင့်မောင်
ဒေါက်တာဇော်မြင့်မောင်

ပညာရေး အလေးပေးသော၊ မောင်နှမ များပြားသော မိသားစုတွင် ကြီးပြင်းလာရသူ ဒေါက်တာဇော်မြင့်မောင်သည် ငယ်စဉ်ကပင် နိုင်ငံရေး စိတ်ဝင်စားသော်လည်း မိဘနှစ်ပါး၊ မောင်နှမ ရှစ်ဦးတို့ ဒုက္ခရောက်မည်ကို ထောက်ထားပြီး နိုင်ငံရေးတွင် ပါဝင်ခြင်းမပြုခဲ့ဟု ဆိုသည်။ ဦးနေဝင်း အစိုးရလက်ထက် မန္တလေးဆေးတက္ကသိုလ် ဆရာဖြစ်သူ ဖခင်မှာ ကျောင်းသား အဆောင်မှူးလည်း ဖြစ်သည်။ နိုင်ငံရေးလှုပ်ရှားသော သူငယ်ချင်းများ ကျောင်းထုတ်ခံရသည်ကို တွေ့မြင်ခဲ့ရသည်။

၁၉၈၈ လူထုလှုပ်ရှားမှု ဖြစ်လာချိန်တွင်တော့ နိုင်ငံရေး လောကထဲ ခြေစုံပစ် ဝင်လိုက်တော့သည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် အမရပူရ မဲဆန္ဒနယ်မှ ရွေးကောက်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ် ဖြစ်လာသော်လည်း လွှတ်တော်သို့ မရောက်ဘဲ နိုင်ငံအတွင်း ဆိုးရွားပါပေ့ဆိုသော ထောင်များတွင် ၁၉ နှစ် နေခဲ့ရသည်။ ၂ဝဝ၉ တွင် လွတ်မြောက်လာပြီးနောက် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဖြစ်လာသော ဒေါက်တာဇော်မြင့်မောင်ကို ဒေါ်အောင်ဆန်းစုကြည် ဘေးတွင် ပုံမှန်မြင်တွေ့ခဲ့ရသည်။

၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် နိုင်သောကြောင့် ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကိုယ်စားလှယ် ဖြစ်လာပြီး ၂ဝ၁၅ ရွေးကောက်ပွဲတွင်မူ မန္တလေးတိုင်းဒေသကြီး လွှတ်တော် အမရပူရမဲဆန္ဒနယ် အမှတ် ၁ တွင် ထောက်ခံမဲ ၇၆ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။

မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်မည်ဟု အများက ခန့်မှန်းနေကြသော ဒေါက်တာဇော်မြင့်မောင်သည် သူ့ကို ပါတီက မည်သည့်နေရာတွင် ချထားမည်ဖြစ်ကြောင်း မသိသေးဟုဆိုသည်။ Myanmar Now သတင်းဌာန၏ သတင်းထောက်ချုပ် သင်းလဲ့ဝင်းကို ပါတီအကြောင်း၊ မန္တလေးတွင်ရှိသော စိန်ခေါ်မှုများအကြောင်း ပြောပြထားသည်။

မေး - ၂ဝ၁၂ မှာ နိုင်တာနဲ့ ၂ဝ၁၅ နိုင်တာ ဘယ်လိုကွာခြားလဲ။

ဖြေ - ၂ဝ၁၂ နိုင်တုန်းက P to P (prison to parliament - အကျဉ်းထောင်မှ လွှတ်တော်သို့) ဆိုပြီး ကျွန်တော် ပြောတယ်။ ၉ဝ ခုနှစ်က အိပ်မက်မက်ခဲ့တဲ့ ပါလီမန်ကိုသွားဖို့၊ ဒီမိုကရေစီရရှိဖို့ကို လုပ်နိုင်တော့မယ် ဆိုပြီးတော့ ဝမ်းသာတယ်။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲအပြီး လွှတ်တော်မှာ ကျွန်တော်တို့က လေးဆယ်ကျော်၊ သူတို့ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)က သုံးရာကျော် လောက်ရှိတယ်ပေါ့လေ။ အခု ကျွန်တော်တို့က လေးရာနီးပါး ရှိတယ်၊ သူတို့က လေးဆယ်ကျော်။ ပြည်သူ တာဝန်ပေးပြီ၊ ကျွန်တော်တို့ လုပ်ဖို့ပဲ ကျန်တော့တယ်၊ ဒီတာဝန်ကို ကျွန်တော်တို့ ဘယ်လို ကျေပွန်အောင် ထမ်းဆောင်နိုင်မလဲဆိုတဲ့ စိုးရိမ်စိတ်တော့ ရှိတယ်။

မေး - ထောင်နဲ့လွှတ်တော် ခရီးလမ်းက ဘယ်လိုလဲ။ လွှတ်တော်ထဲ လွယ်လွယ်ကူကူ ရောက်လာမယ်လို့ ထင်ထားသလား။

ဖြေ - ထောင်ထဲမှာ နေရတုန်းက တအားကျပ်တယ်။ စာဖတ်ခွင့် မရှိဘူး။ ပုံစံကြီး ထိုင်ရတယ်။ မဝရေစာ စားရတာ၊ အိမ်က မထောက်ပံ့ဘူးဆိုရင် ရပ်တည်ဖို့ ခဲယဉ်းတယ်။ အတိတ်ကို မဖော်ချင်ပါဘူး။ ပြန်လွတ်လာတဲ့ အချိန်မှာလည်း နိုင်ငံရေးအခင်းအကျင်းက တအားဆိုးတယ်။ NLD ဖျက်သိမ်းခံရတော့မယ် ဆိုတာ ပလူကိုပျံနေတယ်။ အဲဒီကြားထဲကနေ ကျွန်တော်တို့ ရုန်းကန်ခဲ့ရတာ လွယ်အိတ်တစ်လုံးနဲ့။ ရုံးတွေ ပိတ်ထားတယ်။ ၂ဝ၁ဝ မတိုင်ခင် အထက်ဗမာပြည် လှည့်တဲ့အချိန်မှာ တချို့ မြို့နယ်တွေက ကျွန်တော်တို့ကို ညလက်သင့်ခံရင် ည ၁ဝ နာရီ၊ ၁၁ နာရီလောက်မှ အစည်းအဝေး လုပ်ရတယ်၊ မှတ်မှတ်ရရ နေပြည်တော်မှာ လက်ခံမယ့်သူ တစ်ယောက်မှမရှိဘူး။ တည်းခိုခန်း သွားတည်းရတယ်။ တည်းပြီးတော့မှ စည်းရုံးရတယ်။ အဲဒီလိုဆိုတော့ နိုင်ငံရေး မျှော်လင့်ချက်က တော်တော်ကို နည်းပါးပါတယ်။ ရွေးကောက်ပွဲ မဝင်ဘူး ၊ အဖျက်ခံရမယ် ဆိုရင်လည်း ဆက်လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်တော့ ရှိတယ်။ ဒီလိုရှောရှောရှူရှူ ပါလီမန်ထဲ ရောက်လာလိမ့်မယ်တော့ မထင်ဘူး။

၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်တာ တော်တော်ကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ ရွေးကောက်ပွဲက ဘယ်လိုမှ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ မဝင်ဘူးပေါ့။ ကျွန်တော်တို့ နိုင်ငံရေး ဆုံးဖြတ်ချက် မှန်တယ်လို့ထင်တယ်။ ရွေးကောက်ပွဲပြီးတဲ့ အချိန်မှာ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်လိုက်တယ်။ အဲဒါကြောင့် လမ်းပွင့်သွားတယ်လို့ ထင်တယ်။

မေး - အာဏာလွဲှပြောင်းပေးတဲ့ ယဉ်ကျေးမှုက မြန်မာပြည်မှာ မရှိတာကြာလှပြီ။ ဒီအတွက် ပြည်ခိုင်ဖြိုးအစိုးရကို ကျေးဇူးတင်သလား။

ဖြေ - နှစ်ပိုင်းပြောရလိမ့်မယ်။ လွှတ်တော် လွှွဲပြောင်းရေးလုပ်နေတာ အင်မတန် အဆင်ပြေတယ်၊ အကုန်လုံး ပြင်ဆင်ပေးတယ်။ လွှတ်တော် လွဲှပြောင်းရေးကို ဘယ်သူတွေ တာဝန် ယူလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တယ်။ ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာသူ) နဲ့ ကျွန်တော်နဲ့က လွှတ်တော် ပြောင်းရွှေ့ရေးဆိုင်ရာ အဖွဲ့မှာပါတယ်။ ကျွန်တော်တို့က လွှတ်တော် ပြောင်းရွှေ့ရေးကို တာဝန်ယူကြတယ်။ စနစ်ကျတယ် ၊ စိတ်ကျေနပ်ဖို့ ကောင်းတယ်။ ဗမာပြည်မှာ နှစ်ပေါင်းငါးဆယ် လောက် ပျောက်နေတဲ့ ဥပဒေပြုတဲ့ ပါလီမန် လွှဲပြောင်းရေးကတော့ တအားကောင်းပါတယ်။

နောက်တစ်ပိုင်းကတော့ အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူတဲ့ တစ်ဖွဲ့ရှိတယ်။ သူတို့က ကျွန်တော်တို့လောက် မလွယ်ကူဘူးပေါ့နော်။

မေး - (ထွေအုပ်) အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ပြည်ထဲရေးရဲ့ အောက်မှာ။ ပြည်ထဲရေးဝန်ကြီးကို တပ်မတော်က ရွေးချယ်တာဆိုတော့ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲ။

ဖြေ - ထွေအုပ်ကို ပြည်ထဲရေးအဖွဲ့ထဲမှာ ထည့်ထားတာက နည်းနည်းလုပ်ရခက်နေတာ။ ကျွန်တော်တို့ ကြားတာပေါ့နော်။ ထွေအုပ်ကို အရင်အစိုးရ လက်ထက်မှာ ကတည်းက ခွဲထုတ်ချင်တယ်။ ဒါပေမဲ့ မအောင်မြင်ဘူးပေါ့။ ဟိုတစ်နေ့က လူဝင်မှုကြီးကြပ်ရေးဌာနကို ပြည်ထဲရေးအောက်ကို ထည့်ချင်တယ် (လို့ သမ္မတက ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာပို့တယ်)။ ကျွန်တော် လက်ရှိအခြေအနေမှာတော့ ဒါကို လက်မခံနိုင်ဘူး။ တပ်မတော်က ကာကွယ်ရေးရယ်၊ ပြည်ထဲရေးရယ်၊ နယ်စပ်ရေးရာရယ် ယူထားပြီးတော့မှ အရပ်သားဖြစ်နေတဲ့ လူဝင်မှုကြီးကြပ်ရေးကို သူတို့ထဲ ထည့်လိုက်မယ်ဆိုတော့ တပ်ပေါ်မှာ ပိုပြီးပါဝါရသွားတာပေါ့။ အဲဒါလည်း တစ်ပိုင်းပါသလို ပြီးခါနီး လွှတ်တော်ကြီးပေါ်မှာ ကမန်းကတန်းနဲ့ သမ္မတက သဝဏ်လွှာပေးပို့တာ ကတော့… ကျွန်တော်တို့ကတော့ နောက်လွှတ်တော်မှာ ဆက်စဉ်းစားဖို့ ပြောလိုက်တယ်။

မေး - ဘာဖြစ်လို့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် အတွက် ဝင်မပြိုင်တာလဲ။

ဖြေ - တိုင်းဒေသကြီးမှာ အတွေ့အကြုံရှိတဲ့သူ လိုတယ်။ တကယ့် ဖက်ဒရယ် ပြည်ထောင်စုဆိုရင် တိုင်းဒေသကြီးလည်း အရေးကြီးလာပြီ။ အဲဒါကြောင့် ဆင်းတာ။ (နေပြည်တော်မှာ) နေချင်တယ်ဆိုရင်လည်း ရာထူးမက်တယ် ဖြစ်ဦးမယ်။ မနေချင်ဘူးဆိုရင်လည်း ကြီးကျယ်တယ် ဖြစ်ဦးမယ်။ အစ်မ (ဒေါ်အောင်ဆန်းစုကြည်)က တိုင်းဒေသကြီး ဆင်းရမယ်ဆိုတော့ ဟုတ်ကဲ့ဆိုပြီး တစ်ချက်လေးမှ မငြင်းပါဘူး။

မေး - မန္တလေးမှာ ဘာအခက်အခဲတွေ ရှိမလဲ။

ဖြေ - မန္တလေးက အားလုံးမျက်စိကျနိုင်တဲ့ နေရာ။ တရုတ်နဲ့လည်း နီးတယ် ၊ အိန္ဒိယနဲ့လည်း နီးတယ်။ စီးပွားရေး အချက်အချာနေရာ မြို့ ဖြစ်လာတယ်။ စက်မှုဇုန်တွေ ၊ ပြသ၁နာတွေ အများကြီးပဲ။ နောက်ပြီး မြို့ကြီးက တဖြည်းဖြည်း ညစ်ပတ်နေပြီ။ ရွေတချောင်း (ချောင်းရေ) က တအားပဲ ညစ်ပတ်နေပြီ။ အဓိက စိန်ခေါ်မှုကတော့ မြေသိမ်းထားတဲ့ ကိစ္စတွေ။ အခုလောလောဆယ်ကို ထပ်ပြီးတော့ သိမ်းနေကြသေးတယ်။ ဒီမြေသိမ်းယာသိမ်း ပြဿနာတွေကိုတော့ ရှင်းရမယ်။ နေရာတိုင်းမှာ ပျံ့နှံ့နေတဲ့ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက် ခြစားမှုကလည်း ရှိနေသေးတာပဲ။ အစိုးရအဖွဲ့ ဖွဲ့ပြီဆိုရင် NLD အနေနဲ့ စိန်ခေါ်မှုလည်းများ၊ အခွင့်အလမ်းလည်း ပိုများမယ် ထင်ပါတယ်။

မေး - နန်းတွင်းမှာ စစ်တပ်က အကြီးအကျယ် တပ်စွဲထားတယ်နော်။ အဲဒါကျတော့ ဘယ်လို ကိုင်တွယ်ရမလဲ။

ဖြေ - အဲဒါတော့ ခေါင်းထဲ ဘာမှထည့်မထားသေးဘူး။ အခုချိန်မှာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဆိုတာ တော်တော်များများ အလေးထားလာတဲ့ အချိန်။ တန်ဖိုးထားသင့်တာပေါ့နော်။ ကျုံးကြီးဆိုရင် တော်တော် ပြင်လိုက်တာ ကြည့်ရတာ ဆိုးသွားပြီ။ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ ပြင်ရမှာ။ သပ်ရပ်သွားတယ်လို့ ထင်ပေမယ့် ယဉ်ကျေးမှုရှုထောင့်က ကြည့်လိုက်တဲ့အခါ တန်ဖိုးမဲ့သွားတယ်။ ကျွန်တော်တို့က စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး အဲဒီရှုထောင့်ကနေပဲ ကြည့်နေသေးတယ်ပေါ့နော်။ မန္တလေးမှာက နောင်တစ်ချိန်မှာ ခရီးသွားလုပ်ငန်း တိုးတက်လာမှာ။

မေး - စစ်တပ်နဲ့ NLD ညှိနှိုင်းတဲ့အခါမှာ ဝန်ကြီးချုပ်နေရာတချို့ လိုချင်တယ်လို့ စစ်တပ်က တောင်းဆိုတယ်လို့ ပြောတဲ့သူ တချို့လည်း ရှိတယ်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဘယ်သူ ဖြစ်လာမလဲ။

ဖြေ - ဘာမျှော်လင့်ချက်နဲ့မှ ကျွန်တော် အောက်ကို (မန္တလေးတိုင်းဒေသကြီးကို) ဆင်းတာ မဟုက်ပါဘူး။ အခုလည်း ကျွန်တော် ဘာဖြစ်မယ်ဆိုတာ ကျွန်တော်ကိုယ်တိုင် မသိတဲ့အတွက် သူတို့တောင်းတဲ့ဟာတွေ မသိပါဘူး။ (ဒေါ်အောင်ဆန်းစုကြည်နဲ့) ကာချုပ်နဲ့တွေ့တုန်းက ကျွန်တော်ပါတယ်၊ ဒါတွေက(ထုတ်) ပြောလို့ မရဘူးလေ။

မေး - မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဆိုတာတွေ အများကြီးရှိတဲ့ မန္တလေးမှာ အမျိုးသားရေးဝါဒီတွေလည်း တော်တော်များများ ထွက်လာတယ်။ ဘာသာရေးကို အသုံးချပြီးတော့ နိုင်ငံရေး လုပ်တာတွေနဲ့ ပတ်သက်ပြီးတော့ကော စိတ်ပူမိလား။

ဖြေ - အမျိုးသားရေးဝါဒီတွေ ပေါ်လာကတည်းကတော့ စိုးရိမ်စရာ ရှိတယ်။ စာရွက်စာတမ်းတွေ ဖြန့်တာတွေက ကျွန်တော်တို့ ကြားနေရတယ်။ တော်တော် သတိထားပါတယ်။ စိုးရိမ်မှုရှိပေမယ့် မန္တလေးတိုင်းမှာတော့ သံဃာတွေက NLD တွေကို စောင့်ရှောက်တာတွေ ရှိပါတယ်။ ပြောရရင်တော့ တွေ့ဆုံဆွေးနွေးလို့ ရတယ်ပေါ့နော်။ အခုလောလောဆယ် ကတော့ ပြသ၁နာ ကြီးကြီးကျယ်ကျယ် မရှိပါဘူး။

မေး - နိုင်ငံရေးလုပ်ခဲ့တဲ့ တစ်လျှောက်လုံး နောင်တရမိတာ ရှိသလား။

ဖြေ - ဒါက ကျွန်တော်ရွေးတဲ့ လမ်းလေ။ ဒီရွေးတဲ့လမ်း ကျွန်တော် လျှောက်တဲ့အတွက် မိသားစု နစ်နာသွားတယ်။ ကျွန်တော့်သားတွေမှာ လိုချင်တာတွေ ရှိခဲ့ဖူးတယ်။ သူတို့ လိုအပ်ချက်တွေကို ကျွန်တော့် အမျိုးသမီး တစ်ယောက်တည်း မဖြည့်နိုင်ဘူး။ ဒီမှာ အထူးပြောချင်တာကတော့ ကျွန်တော့် အမျိုးသမီးနှစ် ၂ဝ လုံးလုံး ကျွန်တော့်ကို မညည်းမညူဘဲနဲ့ ထောင်ဝင်စာ လာတွေ့တယ်။ ကျွန်တော့်သားတွေ သမီးတွေကို လူဖြစ်အောင် လုပ်ပေးခဲ့တဲ့သူ။ ကျွန်တော့်ကို အင်တာဗျူးတိုင်း နောက်ဆုံးပိတ် ဘာနဲ့ပိတ်တတ်လဲဆိုတော့ ကျွန်တော့် အမျိုးသမီးကို ကျွန်တော် ကျေးဇူးတင်ပါတယ်လို့။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading