"တပ်မတော်မှာ အများစုက ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားကြပါတယ်"

ဆလိုင်းလျန်မှုန်းဆာခေါင်း

တပ်မတော်နှင့် တိုင်းရင်းသား လူမျိုးစုများသည် နိုင်ငံ၏ဆိုးမွေကို အတူတကွ ခံစားနေရသူများ ဖြစ်သည့်အတွက် အပြန်အလှန် အပြစ်တင်နေပါက ဖြေရှင်းရမည့် ပြဿနာများ ပြေလည်မည်မဟုတ်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ ကြိုတင်ပြင်ဆင်ရေးကော်မတီဝင် တစ်ဦး ဖြစ်သူ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောလိုက်သည်။

နိုင်ငံတကာ အတွေ့အကြုံ များပြားသည့် ဆလိုင်းလျန်မှုန်းသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် လက်မှတ်ထိုးပြီးဖြစ်သည့် ချင်းအမျိုးသားတပ်ဦး၏ ဒုဥက္ကဋ္ဌ တစ်ဦးလည်း ဖြစ်သည်။

မကြာသေးမီက Myanmar Now သတင်းထောက် ဖြိုးသီဟချိုနှင့် တွေ့ဆုံစဉ် တပ်မတော်နှင့်ဆက်ဆံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာ၊ တိုင်းရင်းသားအရေးတို့နှင့်ပတ်သက်ပြီး ဆလိုင်းလျန်မှုန်း ပြောပြထားသည်များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး - ၂၁ ရာစုပင်လုံနဲ့ NCA နှစ်ခုကြားက အဆက်အစပ်က ဘယ်လိုရှိပါသလဲ။

ဖြေ - NCA မှာ ကျွန်တော်တို့ သဘောတူထားတဲ့ အခြေခံအချက်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ထောင်ရမယ်ဆိုတာပါပဲ။ ဒီအချက်က နိုင်ငံရေးအရ ဆိုရင်တော့ အရေးအပါဆုံးပါပဲ။ ဒုတိယ အရေးကြီးဆုံးက အဆင့် ၇ ဆင့်ပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံပါပဲ။ (၁) က NCA လက်မှတ်ထိုး ရမယ်။ (၂) က နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ သဘောတူညီချက်ယူရမယ်။ (၃) အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲ လုပ်ရမယ်။ (၄) က ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ လုပ်ရမယ်။ (၅) က ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ရမယ်။ (၆) ဒါကို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းရမယ်။ (၇) ဒါကို အကောင်အထည် ဖော်ရမယ် ဆိုပြီး လုပ်ထားတယ်။ ခုက ၂၁ ရာစုပင်လုံညီလာခံ ဆိုပြီးတော့ သုံးလာကြတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပါတဲ့ အစည်းအဝေးမှာ NLD ဘက်က ပြောတာက NCA စာချုပ်ပေါ်မှာ အခြေခံရမယ်။

အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဆိုတာက နာမည်လည်း လှတယ်၊ အနှစ်သာရလည်း ပြည့်ဝတယ်။ ၂၁ ရာစု ပင်လုံဆိုတာကလည်း နာမည်လည်းလှတယ်၊ အနှစ်သာရလည်း ပြည့်ဝတယ်။ ပြီးတော့ (၁၉၉၈ မှာ NLD နဲ့ တိုင်းရင်းသား လူမျိုးစု ပါတီတွေ စုပေါင်း တည်ထောင်တဲ့) ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီခေတ်ကတည်းက ၂၁ ရာစု ပင်လုံညီလာခံ ဆိုတာ သုံးလာကြတာ၊ အဲဒီဆက်စပ်မှုကို ဖော်ချင်တယ်။ အဲဒီအတွက်ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံ ဆိုပြီးတော့ သုံးထားတယ်။ ဆက်စပ်မှုက အဲဒီမှာ ခိုင်မာသွားတာပေါ့။

မေး - ငြိမ်းချမ်းရေးညီလာခံရဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် အကြောင်း ပြောပြပေးပါ။

ဖြေ - NLD ရွေးကောက်ပွဲနိုင်ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ အဲဒီမှာ သူနဲ့ကျွန်တော်တို့နဲ့ သဘောတူညီချက်က မူဘောင်ကို ရေးဆွဲတဲ့အခါမှာ ပြောင်းလွယ်ပြင်လွယ်ဖြစ်ရမယ် ဆိုပြီး သဘောတူထားတယ်။ NCA လမ်းကြောင်းပေါ်မှာတော့ အခြေခံမယ်။ ဘာကြောင့်လဲဆိုတော့ ဦးသိန်းစိန်အစိုးရ သက်တမ်း ကုန်ဆုံးပြီး NLD အစိုးရ တက်တဲ့အချိန်မှာ လူအပြောင်းအလဲလုပ်ဖို့ လိုမယ်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေထဲမှာ NCA ကို လက်မှတ် မထိုးရသေးတဲ့ အဖွဲ့အစည်းတွေ လာရင်လည်း သူတို့ဆန္ဒကို ဖော်ပြပေးဖို့ လိုတယ်။ အဲဒီအတွက်ကြောင့် မူဘောင်ကိုတော့ ပြောင်းလွယ်ပြင်လွယ် ဖြစ်အောင်လုပ်ရမယ်လို့ ကျွန်တော်တို့ သဘောတူညီမှု ရခဲ့တယ်။ ဒီတော့ ကျွန်တော်တို့ ခုလုပ်နေတာက NCA လမ်းကြောင်းနဲ့လည်း ကိုက်ညီတယ်။ ပြီးတော့ ရှစ်လေးလုံး အရေးတော်ပုံကနေပြီးတော့ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ မျှော်မှန်းချက်တွေနဲ့လည်း ကိုက်ညီ နေတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်ကတော့ မျှော်လင့်ချက် ကြီးကြီးမားမားကို ထားတယ်။ အောင်မြင်မယ်လို့လည်း မျှော်လင့်တယ်။ တပ်မတော်ကလည်း NCA ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ အပြည့်အဝ ထောက်ခံတယ် ဆိုတာကို သွားပြီး သတိထားမိတယ်။

မေး - တပ်မတော်က မဟာလူမျိုးကြီးဝါဒ ကျင့်သုံးတယ်ဆိုပြီး ဝေဖန်သူတွေ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ - မဟာ လူမျိုးကြီးဝါဒကို ကျင့်သုံးတယ်ဆိုတာ လက်ရှိတပ်မတော်လား၊ လက်ရှိတပ်မတော်က နာမည်ဆိုးကို အမွေဆက်ခံနေရတာလား၊ ဒါကို ခွဲပြီးတော့ ကြည့်ဖို့လိုတယ်။ မဟာလူမျိုးကြီးဝါဒကို ကျင့်သုံးခဲ့ပြီး တပ်မတော်ကို အလွဲသုံးစား လုပ်ခဲ့တဲ့လူတွေက ၁၉၆ဝ ကာလလောက်က တပ်မတော်လို့ ကျွန်တော် ပြောချင်တယ်။ အဲဒီအရှိန်အဝါကြီးက ကြီးနေတော့ ၁၉၉ဝ နအဖ၊ နဝတ စစ်အစိုးရအထိတောင် အရှိန်က မသေဘူး။ ဒါပေမယ့် ကျွန်တော် ၂ နှစ်၊ ၃နှစ်လောက် တပ်မတော်နဲ့ ဆွေးနွေးလာခဲ့တော့ … လက်ရှိ တပ်မတော်မှာ အများစုက ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားကြပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကိုလည်း နားလည်ကြပါတယ်။ ဒီပြည်တွင်းစစ် ပြဿနာ၊ ဒီတိုင်းပြည်ရဲ့ပြဿနာ စပေါ်တုန်းက ကျွန်တော်တို့အားလုံးဟာ မွေးတောင်မမွေးသေးပါဘူး။ ကျွန်တော်တို့အားလုံးက ဒီတိုင်းပြည်ရဲ့ ဆိုးမွေကို အတူတကွ ခံစားနေရတာပါ။ ဘယ်သူက မဟာလူမျိုးကြီးဝါဒသမားလဲ၊ ဘယ်သူက ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင်ရှိသူလဲ ဆိုပြီးတော့ အချင်းချင်း အပြစ်တင်ပြီး ရန်ရှာနေတာထက် ပေါင်းပြီးတော့ လုပ်မှဖြစ်မယ်၊ တိုင်းပြည်ပြဿနာကို အတူတကွ ဖြေရှင်းဖို့ လိုတယ်ဆိုတဲ့ ခံစားချက်မျိုးနဲ့ ချဉ်းကပ်မယ် ဆိုရင်တော့ ဒီပြဿနာ ပြေလည်မှာ ဖြစ်တယ်။ အဲလိုမှမဟုတ်ဘဲ တပ်မတော်က ကျွန်တော်တို့ တိုင်းရင်းသားတွေကို အပြစ်တင်လိုက်၊ ကျွန်တော်တို့က တပ်မတော်ကို အပြစ်တင်လိုက်၊ NLD ကို ကြားမှာခံလိုက်နဲ့တော့ ဒီပြဿနာဟာ ပြေလည်မှာ မဟုတ်ပါဘူး။

မေး - NLD ဟာ တိုင်းရင်းသားပြဿနာကို ဖြေရှင်းရာမှာ အကြပ်ရိုက်သွား၊ ကြားညပ်သွားနိုင်ပါသလား။

ဖြေ - မညပ်နိုင်ပါဘူး။ ပြန်စဉ်းစားကြည့်ပါ။ ပြည်တွင်းစစ်ကို အကြောင်းပြပြီးတော့ စစ်အာဏာရှင်စနစ် ကြာရှည်လာတယ်။ လူထုက မခံနိုင်တော့ ၁၉၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်လာတယ်။ NLD ပေါ်ပေါက်လာခဲ့တယ်။ ၁၉၉ဝ အလွန် ကာလတွေတုန်းက နိုင်ငံတကာက ကျွန်တော်တို့နိုင်ငံရဲ့ ပြဿနာကို ဒီမိုကရေစီနဲ့ စစ်အာဏာရှင်ပြဿနာလို့ပဲ မြင်တယ်။ တိုင်းရင်းသားပြဿနာကို တွဲမမြင်ကြဘူး။ သူတို့ နိုင်ငံတကာက သိထားတာက The Beauty and the beast ပေါ့၊ အလှမယ်လေးကတော့ အိမ်ထဲမှာ အကျယ်ချုပ် ခံထားနေရတယ်၊ စစ်ဘီလူးတွေက အပြင်မှာ သောင်းကျန်းနေကြတယ်ပေါ့၊ The Beauty ကို လာကယ်ချင်ကြတယ်၊ ကျွန်တော်တို့ တိုင်းရင်းသား ပြဿနာကို ပြောမယ် ဆိုရင်တော့ သူတို့ နားမထောင်ချင်ကြဘူး။ လက်ရှိအနေအထားမှာ NCA က ဘာကြောင့် အရေးကြီးနေလဲဆိုတော့ အဓိက အခြေခံ အကြောင်းအရာဖြစ်တဲ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက လက်မှတ် ထိုးထားတာ ဖြစ်နေတယ်။ အဲဒါကြောင့် ဒီအပေါ်မှာ အခြေခံပြီးတော့ ပြဿနာကို ဖြေရှင်းမယ်ဆိုရင် ကျွန်တော်တို့က အခြေခံကို ကိုင်ပြီးသားဖြစ်မယ်။

မေး - ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး၊ ကာကွယ်ရေး၊ လုံခြုံရေးကိစ္စတွေကို ၂၁ ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးသွားမယ်၊ ကျန်တဲ့ စီးပွားရေး၊ လူမှုရေးဆိုင်ရာတွေကို CSO Forum လို့ ခေါ်တဲ့ အရပ်ဘက်အဖွဲ့များနဲ့ တွေ့ဆုံပွဲ မှာ ဆက်လက်ပြီးတော့ ဆွေးနွေးမယ်လို့ သိရတယ်။

ဖြေ - ပြည်တွင်းစစ်က ထပ်ဆင့် ဖန်တီးလိုက်တဲ့ ပြဿနာတွေရှိတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ လိုတယ်။ ဒီတော့ လူမှုရေးကဏ္ဍမှာ ဖော်ပြလိုက်တဲ့ ပြန်လည်နေရာချထားရေးလို ကိစ္စမျိုးတွေက နိုင်ငံရေးဆွေးနွေးပွဲမှာ မဆွေးနွေးဘဲ CSO ကို သွားပို့လိုက်တာဟာ လက်တွေ့မကျဘူး။ ပြီးတော့ မြေယာကိစ္စ…။ ပြည်တွင်းစစ် စဖြစ်တုန်းက ကရင်အများစုက ဧရာဝတီတိုင်းနဲ့ ရန်ကုန်မှာ နေတယ်။ ဒီတော့ သူတို့ပြန်လာရင် ဘယ်ကိုလာမလဲ။ ဒါတွေကို လူမှုရေးကဏ္ဍဆိုပြီး သွားထားလို့ မရဘူး။

မေး - ၂၁ ရာစု ပင်လုံညီလာခံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက် ရခဲ့ရင်တောင်မှ အခြေခံဥပဒေပြင်ဆင်ရေးကို တပ်မတော်ဘက်က လက်ခံနိုင်ပါ့မလား။

ဖြေ - အဲဒါကတော့ ကျွန်တော်တို့သဘောတူထားပြီးသားအချက်နဲ့ ပြောပါ့မယ်၊ NCA မှာ ကျွန်တော်တို့ ဘယ်လိုရေးထားသလဲ ဆိုတော့ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကနေပြီးတော့ ပြည်ထောင်စု သဘောတူစာချုပ် ချုပ်တဲ့အခါမှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် ဥပဒေတွေကို ပြင်ဆင်သင့်တာ ပြင်ဆင်ဖို့၊ ပြုပြင်သင့်တာ ပြုပြင်ဖို့၊ ပြောင်းလဲသင့်တာပြောင်းလဲဖို့ အခြေခံဖြစ်ရမယ်ဆိုတာကို တပ်မတော်ကလည်း သဘောတူပြီးသားဖြစ်တယ်။

မေး - ဒေါ်အောင်ဆန်းစုကြည်က ပင်လုံစိတ်ဓာတ်ကို အခြေခံပြီးတော့ ကိုယ်ဘာပေးနိုင်မလဲဆိုတာကို စဉ်းစားကြဖို့ တိုင်းရင်းသားတွေကို တိုက်တွန်းထားတာနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ - ကျွန်တော်တို့ ဘဝတစ်ခုလုံးကို ပေးပြီးတော့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တယ်။ ပြည်ထောင်စုအတွက် ကျွန်တော်တို့ အားလုံးကို ပေးဆပ်ခဲ့ပြီးပြီ။ ကျွန်တော်တို့ ပေးဆပ်တာကိုတော့ ခုထိ အသိအမှတ် မပြုသေးဘူး။ အဲဒါကို အသိအမှတ်ပြုဖို့တော့ လိုလိမ့်မယ်။ ပင်လုံစာချုပ်ကဲ့သို့သောစာချုပ် ပြန်လုပ်ဖို့လိုတယ်ဆိုတာက ကျွန်တော်တို့ မရသင့်မရထိုက်တဲ့ အခွင့်အရေးတွေ၊ မဖြစ်နိုင်တာတွေကို တောင်းဆိုဖို့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ဘိုးဘွားပိုင် မြေတွေကို လည်း ပြည်ထောင်စုထဲမှာ ပေါင်းထည့်လိုက်ပြီးပြီ၊ ကျွန်တော်တို့ လူမျိုးရဲ့ ကံကြမ္မာအားလုံးကိုလည်း ဒီတိုင်းပြည်ရဲ့ ကံကြမ္မာထဲမှာ ပေါင်းထည့်လိုက်ပြီ။ ယနေ့ထိကျွန်တော်တို့ကို အသိအမှတ်မပြုသေးဘူး။ အသိအမှတ်ပြုဖို့တော့ လိုပါတယ်။ ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading