သတင်း

မန္တလေး မီးရထားဝန်ထမ်း ၂ ဦး ဖမ်းဆီးထိန်းသိမ်းခံရ 

မန္တလေးမြို့မှ မီးရထားဝန်ထမ်းနှစ်ဦး သီးခြားစီ ဖမ်းဆီးခံရပြီးနောက် တစ်ပတ်ကျော် ကြာသည်အထိ အဆက်အသွယ်မရဖြစ်နေသည်ဟု မီးရထားဝန်ထမ်းများထံမှ သိရသည်။

ဇန်နဝါရီ ၇ နေ့လယ်တွင် မြို့ဟောင်းဘူတာအနီးရှိ မီးရထားအိမ်ရာသို့ စစ်ကား ၃ စီး ရောက်လာပြီး ဖမ်းဆီးသွားသူများထဲမှ ၂ ဦးကို နောက်တစ်နေ့တွင် ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်ဆိုသော်လည်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သော လက်ထောက်စက်ခေါင်းမောင်း ကိုလင်းလင်း ပြန်လွတ်မလာကြောင်း အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

“မြို့ဟောင်းက ဝန်ထမ်းအိမ်ရာကို ပြန်လာနေချိန် သတင်းပေးခံရလို့ ဖမ်းခံရတာ။ သူတို့လိုင်းခန်းက လိုင်းခန်းအစုတ်တွေဆိုတော့ ဖယ်ခိုင်းတဲ့အထဲ မပါဘူး။ တချို့ကတော့ တဲထိုးပြီးနေကြတယ်။ အဲဒီကိုလာဖမ်းတာ”ဟု အသက် ၄၀ အရွယ် ဌာနတူ ဝန်ထမ်းတစ်ဦးက Myanmar Now ကို ပြောသည်။

“ကိုလင်းလင်းကိုတော့ လွှတ်မပေးတဲ့အပြင် ဘယ်မှာရှိနေမှန်းလည်း အဆက်အသွယ်မရဘူး။ ဖမ်းတဲ့အချိန်မှာလည်း သွားကျိုးအောင် ရိုက်တယ်”

ဇန်နဝါရီ ၁၀ တွင် ဖမ်းဆီးခံရသူမှာ လက်ထောက်တွဲစီ ဦးကျော်ဝင်းဦး ဖြစ်သည်။

စစ်ကိုင်းမြို့ ရွာထောင်ရွာရှိ ၎င်း၏နေအိမ်၌ ရှိနေစဉ် ဦးကျော်ဝင်းဦး အဖမ်းခံရခြင်း ဖြစ်ကြောင်း၊ CDM ဝင်ထားသူများနှင့်အတူ လက်ဖက်ရည်ဆိုင်ထိုင်သည်ကို တွေ့သည့် ဝန်ထမ်းတချို့က တိုင်ကြားခြင်းကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။ 

“မဖမ်းခင်ရက်က လက်ဖက်ရည်ဆိုင်ထိုင်တာကို မြို့ဟောင်းရုံပိုင်ကြီးနဲ့ တွဲစီ ဦးသောင်းနိုင်တို့က မြင်သွားပြီး တိုင်လို့ ဖမ်းခံရတာ။ ကိုလင်းလင်းကိုကျတော့ ရထားရဲ နန်းအောင်က သတင်းပေးလို့”ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် အသက် ၄၀ ဝန်းကျင် ကိုလင်းလင်း၊ ၅၂ နှစ်ခန့် ရှိပြီဖြစ်သည့် ဦးကျော်ဝင်းဦးတို့ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသောကြောင့် မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များက စိုးရိမ်ပူပန်နေကြရသည်ဟု ဆိုသည်။

ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် အမရပူရမြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီထံ မေးမြန်းခွင့် မရသေးပေ။

စစ်အာဏာသိမ်းသည့် ၂၀၂၁  ဖေဖော်ဝါရီလတွင် ရထားဝန်ထမ်းများက CDM ပြုလုပ်ခဲ့ကြသောကြောင့် မီးရထားပြေးဆွဲမှုမှာ တစ်နိုင်ငံလုံး လုံးဝနီးပါးရပ်ဆိုင်းသွားရခဲ့သည်။

မီးရထားပြန်ပြေးဆွဲရန် ပြင်ဆင်နေသည်သတင်းကြား၍ ရထားမထွက်နိုင်ရန် လမ်းပိတ်ဆန္ဒပြနေသည်ကို မန္တလေး၌ ၂၀၂၁ ဖေဖော်ဝါရီ ၁၇ တွင် တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

ထို့ကြောင့် စစ်ကောင်စီက မတ်လအတွင်းတွင် မိတ္ထီလာသင်တန်းကျောင်းမှ စက်ခေါင်းမောင်း သင်တန်းဆရာ ၂ ဦး နှင့် စက်ပြင်ဆရာ ၂ ဦးတို့ကို ခေါ်ယူမောင်းနှင်ခိုင်းရာ ၎င်းတို့က ငြင်းဆန်သည့်အတွက် ထိန်းသိမ်းခဲ့သည်။

ထိုစဉ်က ၎င်းတို့ ၄ ဦးကို ပြန်လွှတ်ပေးရေး၊ ရထားမထွက်ရေးတို့အတွက် မီးရထားဝန်ထမ်းများနှင့် ဒေသခံတို့က မန္တလေးဘူတာကြီးရှေ့တွင် ဆန္ဒပြကြသလို၊ ၇၉ လမ်းနှင့် ၃၄ လမ်းရှိ ရထားလမ်းများပေါ်တွင် သစ်သားတုံးများ၊ ခဲများ ပိတ်ဆို့ခဲ့ကြသည်။

ဆန္ဒပြသူတို့ လူစုကွဲပြီးနောက် ညဘက်တွင် စစ်ကောင်စီတပ်သားများက မန္တလေးဘူတာကြီးအနီး မီးရထားဝန်ထမ်းအိမ်ရာများကို တိုက်ခိုက်ရာ ဒဏ်ရာရသူများ ရှိခဲ့သည်။

မန္တလေးတွင် စက်ခေါင်းမောင်းနှင့် ခရီးစဉ်ဆိုင်ရာ ဝန်ထမ်းပေါင်း ၃၁၉ ဦးရှိသည့်အနက် လုပ်ငန်းခွင်မှ ထွက်ခွာကြသည့် ၂၈၅ ဦးကို စစ်ကောင်စီက မတ် ၂၁ တွင် ဝန်ထမ်းအိမ်ရာများမှ ဖယ်ရှားခိုင်းခဲ့သည်။

စစ်ကောင်စီကို အသိအမှတ်မပြုနိုင်၍ အလုပ်မဆင်းဟု ငြင်းဆန်ခဲ့ကြသည့် အစိုးရဌာနများစာရင်းတွင် ၂၀၂၁ စက်တင်ဘာ ၁၈ တွင် သေဆုံးသည်အထိ အာဏာဖီဆန်ခဲ့သူ စက်ဗိုလ် ကိုဝင်းကိုဦးတို့ဌာနသည် ထိပ်ဆုံးက ပါဝင်ခဲ့သည်။

အသက် ၅၀ အရွယ် ထို CDM စက်ဗိုလ်သည် ရိုက်နှက်လုယက်သူများရန်ကြောင့် သေဆုံးခဲ့ရသည်။ 

အာဏာဖီဆန်ရေးတွင် ဆက်လက်ပါဝင်သွားကြရန် လုံခြုံရေးအရ အမည်မဖော်လိုသည့် မန္တလေး ရထားဝန်ထမ်းနောက်တစ်ဦးက တိုက်တွန်းလိုက်သည်။

“ကျွန်တော်တို့ အဆုံးထိ တိုက်သွားမယ်။ ဘဝတူ မီးရထား CDM သမားတွေကိုလည်း ပြောချင်တာက ဒီအချိန်ထိ ရောက်လာပြီမို့ ဆက်ပြီး အားတင်းထားကြပါလို့ ပြောချင်တယ်”ဟု သူက ဆိုသည်။ 

လွတ်မြောက်နယ်မြေရောက် CDM ဝန်ထမ်းတချို့ကမူ ၂၀၂၁ စက်တင်ဘာ ၂၅ တွင် မြန်မာ့မီးရထားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myanmar Railways People’s Defence Force) ဖွဲ့စည်းကာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရန် ပြင်ဆင်နေကြသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button