သတင်း

မကွေးတိုင်းအစွန်ဆုံး မြိုင်တွင် စစ်တပ်က တစ်ရွာဝင်တစ်ရွာထွက် ဝင်စီးနေ 

မကွေးတိုင်းအနောက်မြောက်ပိုင်းရှိ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းများခွဲကာ တစ်ရွာဝင်တစ်ရွာထွက် ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးသတ်ဖြတ်ခံရသူနှင့် မီးရှို့ခံရသည့် ရွာများလည်းရှိကြောင်း PDF ခေါင်းဆောင်ပိုင်းနှင့် ဒေသခံချို့က ဆိုသည်။​

ချင်းတွင်းမြစ်အနောက်ဘက်ရှိ မြိုင်မြို့နယ်မှာ မကွေးတိုင်းအတွင်းမှ ရေစကြို၊ ပေါက်၊ စစ်ကိုင်းတိုင်းအတွင်းမှ ပုလဲ၊ ဆားလင်းကြီး စသည့်မြို့နယ်များနှင့် ထိစပ်နေပြီး အင်အားရာဂဏန်းရှိ စစ်ကောင်စီတပ်က စစ်ကြောင်းများခွဲကာ ရွာစဉ်လှည့် စီးနင်းနေခြင်းဖြစ်သည်ဟု သိရသည်။ 

မြိုင်မြို့မြောက်ဘက် ၁၀ မိုင်ကျော်အကွာရှိ လက်ယက်မရွာကို အင်အားရာဂဏန်းရှိ စစ်တပ်က ဇန်နဝါရီ ၁၁ ရက်တွင် ဝင်ရောက်စီးနင်းကာ တပ်စွဲပြီးနောက် ဒေသခံများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည့်ပြင် အချို့ကို သတ်ဖြတ်ခဲ့သည်။  

“သုံးလောင်း မီးရှို့ခံထားရတယ်။ အမျိုးသားလား၊ အမျိုးသမီးလားဆိုတာတောင် ခွဲခြားမရဘူး။ အရိုးတွေပဲ ကျန်ခဲ့တယ်။ ရွာအနောက်ဘက် သင်္ချိုင်းကုန်းနားမှာ။ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူး” ဟု လက်ယက်မရွာကို စစ်တပ်ဝင်စီးစဉ် သတ်ဖြတ်ခံရသူများနှင့် ပတ်သက်၍ မြိုင်မြို့နယ် PDF အဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။

“ပြည်သူတွေလဲ အကုန်လုံး မပြန်နိုင်ကြသေးဘူး။ ပြေးနေကြတုန်းဆိုတော့ လူစစ်လို့ မရသေးဘူး။ ၁၁ ရက်နေ့က အဖမ်းခံရတဲ့ ၂၀၀ လောက်က နောက်တစ်ရက်မှာ လွတ်တယ်။ ရိုက်နှက်ခံရတာ လေးငါးယောက်လောက်ရှိတယ်”

မြိုင်မြို့နယ်အတွင်း လူဦးရေထောင်ဂဏန်းရှိ လက်ယက်မရွာတွင် ဇန်နဝါရီ ၁၁ မှ ၁၄ အထိ စစ်တပ်က တပ်စွဲခဲ့စဉ် နေအိမ်များ မွှေနှောက်ဖျက်ဆီးခံရသည့်ပြင် ဖောက်ထွင်းခိုးယူခံရခြင်းများလည်း ရှိသည်ဟု အထက်ပါ PDF ခေါင်းဆောင်က ပြောသည်။

“လက်ယက်မကတော့ ရိုးရိုးသာမန်ရွာပါပဲ။ ရွာလဲ ကြီးတယ်။ အိမ်တွေဖျက်ဆီးတယ်။ ပစ္စည်းတွေယူတယ်။ ဖုန်းဆိုင်တွေလဲ ရှိတော့ ဝင်မွှေထားတာရှိတယ်။ ဆန်အိတ်တွေ၊ ဘာတွေ ဖောက်ခဲ့တာတွေ ရှိတယ်။ ဖျက်ဆီးခံရတဲ့အိမ်တွေက တော်တော်များတယ်” ဟု ၎င်းက ပြောသည်။

လယ်ယက်မစံပြကျေးရွာတွင် စစ်တပ်က နေအိမ်အချို့ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းများ ခိုးယူသွားသည့်ပြင် ဘုန်းကြီးကျောင်းများ၌ တိမ်းရှောင်နေသူများကိုလည်း ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း၊ မီးရှို့ထားသည့် အလောင်းသုံးလောင်း တွေ့ရှိရကြောင်း ‘ရွှေဓားဗိုလ်’ ဆိုသည့် မြိုင်နယ်အခြေစိုက် PDF အဖွဲ့ကလည်း ယနေ့ (ဇန်နဝါရီ ၁၆) သတင်းထုတ်ပြန်ထားသည်။

စစ်တပ်ရန်ကြောင့် လက်ယက်မ အပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

မြိုင်နယ်တောင်ပိုင်းနှင့် အနောက်ဘက်တွင် ပြီးခဲ့သည့်လများကတည်းက ဒေသခံ PDF များနှင့် စစ်တပ်ကြား မကြာခဏ ထိတွေ့ခြင်းများရှိခဲ့ပြီး အရှေ့မြောက်ဘက်ပိုင်းရှိ ကျေးရွာများတွင်မူ ယခုရက်ပိုင်းအတွင်း ပထမဆုံးအကြိမ် စစ်ကောင်စီစစ်ကြောင်းများ ဝင်ရောက်လာခြင်းဖြစ်သည်။ 

မြိုင်မြို့နယ် လက်ယက်မရွာ၌ စစ်တပ်က ဖျက်ဆီးခဲ့သည့် နေအိမ်တစ်လုံး၏ အတွင်းပိုင်း။

လက်လက်မရွာ အရှေ့ဘက် ၆ မိုင်ခန့်အကွာရှိ လင်းကတောရွာတွင်လည်း ဇန်နဝါရီ ၁၄ ရက်၌ စစ်တပ်ဝင်ရောက်လာကာ နှစ်ညတာ တပ်စွဲခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

“အဖမ်းခံရတာတော့ မရှိဘူး။ စစ်ကြောင်းပြန်ထွက်တဲ့အချိန် ရှေ့ကနေလမ်းပြဖို့ ခေါ်သွားတာတော့ရှိတယ်။ အိမ်နှစ်လုံးအဖျက်ခံရတယ်။ NLD ပါတီဝင်တစ်ဦးရဲ့အိမ်ရယ်၊ CDM ကျောင်းဆရာတစ်ယောက်အိမ်ရယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

ပုသိမ် – မုံရွာကားလမ်းမနှင့် ပခုက္ကူ၊​ ရေစကြိုနှင့် ပုလဲ၊ ဆားလင်းကြီးမြို့နယ်များသို့ ဆက်သွယ်ရာ လမ်းမဆုံရှိ လင်းကတောကျေးရွာမှာ မြိုင်မြို့မှ ၁၆ မိုင်အကွာတွင်ရှိပြီး မြိုင်နယ်အရှေ့ဖျားပိုင်းတွင် နယ်မြေရဲစခန်းရှိသည့် တစ်ခုတည်းသောရွာဖြစ်သည်။ 

လင်းကတောရွာ၌ စခန်းချခဲ့သည့် စစ်တပ်မှာ ယနေ့ နံနက်ပိုင်းတွင် တောင်ဘက်ရှိ ကြည်းကန်နှင့် တောရွာများကို ချီတက်စီးနင်းလျက်ရှိပြီး၊ လက်ယက်မအနီးရှိ ပေါင်းတည်ကျေးရွာတွင်လည်း အခြားစစ်ကြောင်းတစ်ခု ဝင်ရောက်စီးနင်းနေကြောင်း အထက်ပါ ဒေသခံက ပြောသည်။

ထို့ပြင် မြိုင်မြို့အနောက်ဘက်တွင်လည်း ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးလျက်ရှိသည်ဟု PDF ခေါင်းဆောင်က ပြောသည်။ 

မြိုင်မြို့အနောက်ပိုင်းရှိ သဒွတ်ရွာကို ယနေ့ နံနက် ၉ နာရီခန့်တွင် စစ်တပ်ရောက်ရှိလာကာ မီးရှို့ခဲ့ခြင်းဖြစ်ပြီး ကပ်လျက်ရှိ ညောင်ပင်လည်ရွာနှင့် ရေနံမှော်ရှိရာ ဝယ်တောင်ရွာကိုလည်း မီးရှို့ခဲ့သည်ဟု ၎င်းက ယနေ့ ညနေပိုင်းတွင် Myanmar Now ကို ပြောသည်။

“သဒွတ်ရွာကို မီးရှို့တယ်။ ရွာနောက်ပိုင်းက ၂၅ အိမ်ပါသွားတယ်။ ရွာသားတွေအခြေအနေတော့ အတိအကျ မသိရသေးဘူး။ ညောင်ပင်လယ်ရွာမှာလဲ မီးရှို့နေတယ်။ ၁၁ နာရီလောက်က၊ ညောင်ပင်လည်နဲ့ သဒွတ်က ရွာချင်းကပ်လျက်ပဲ။ မီးခိုတွေ မြင်နေရတုန်းပဲ” ဟု PDF ခေါင်းဆောင်က ပြောသည်။ 

“ဝယ်တောင် မြောက်တော (မြောက်ရွာ) မှာလဲ အခု မီးတွေရှို့နေတယ်။ ရေနံတွင်းတွေရော ရှို့နေတယ်လို့ ကြားတယ်။ အခုမှ ရှို့နေတာ။ (အသေးစိတ်) မသိရသေးဘူး” 

လူဦးရေ ၇၀၀ နီးပါးနေထိုင်သည့် မြိုင်မြို့နယ်မြောက်ပိုင်း ချောင်းဆုံရွာတွင်လည်း စစ်တပ်က ဝင်ရောက်စီးနင်းကာ ပစ္စည်းများယူဆောင်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းရှိသည်ဟု သိရသည်။ 

မြိုင်မြို့နယ်အနှံ့ ကျေးရွာများကို ဇန်နဝါရီ ၁၀ ရက်မှစ၍ စစ်ကြောင်း ၇ ကြောင်းဖြင့် တစ်ရွာဝင်တစ်ရွာထွက် လိုက်လံစီးနင်းနေသည့် စစ်ကောင်စီတပ်မှာ စုစုပေါင်းအင်အား ၈၀၀ ခန့်ရှိသည်ဟုလည်း PDF ခေါင်းဆောင်က ပြောသည်။

လက်ရှိတွင် မြိုင်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာ ၁၅ ခန့်သည် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မြိုင် PDF ၏ မြောက်ပိုင်းဇုန်တာဝန်ခံလည်းဖြစ်သူ ၎င်းက ပြောသည်။ 

“တစ်နယ်လုံးလိုလို ရှောင်နေရတာ။ ကျွန်တော်တို့က တိုက်ပွဲဖော်ဆောင်လိုက်ရင် သူတို့ပစ်တဲ့လက်နက်ကြီးတွေက ရမ်းပစ်တာဆိုတော့ ပြည်သူတွေရှိမယ့်နေရာ ကျမှာစိုးလို့ တိုက်ပွဲတွေ မဖော်ဆောင်သေးဘူး” ဟု ဗိုလ် Cross ဟု အမည်ပေးထားသူ ၎င်းက ပြောသည်။

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီက စစ်ကြောင်းအများအပြားဖြင့် စစ်ထိုးနေခြင်းမှာ PDF စခန်းများကို ရှာဖွေနေခြင်းဖြစ်မည်ဟု မြိုင် PDF ၏ တောင်ပိုင်းဇုန်တာဝန်ခံ ဗိုလ်ခွန်းချိမ့်ဆိုသူက ယူဆသည်။

“အဓိက PDF စခန်းတွေ ရှိမယ်ထင်ပြီး ရှာတာပေါ့ဗျာ။ ပုလဲနဲ့နီးတဲ့ မြောက်ဘက်ကို အဓိကရှာတယ်။

သူတို့ဘက်က လက်နက်ကြီးတွေပစ်ပြီး ဝင်နေကြတာ။ ဒီကောင်တွေက လူသားတံတိုင်းအဖြစ် သုံးတယ်။ တောလမ်းကနေ လာတယ်။ အဲဒီတော့ ဘာမှလုပ်မရဘူးပေါ့ဗျာ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြိုင်မြို့နယ်အတွင်း ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည့်ပြင် အင်တာနက်ဖြတ်တောက်ခံထားရသဖြင့် စစ်တပ်က တစ်ရွာဝင်တစ်ရွာထွက် ဝင်ရောက်စီးနင်းနေစဉ်အတွင်း ထိခိုက်ပျက်စီးဆုံးရှုံးမှု၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုများနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။​

ကျေးရွာပေါင်း ၃၀၀ ကျော်ရှိ မကွေးတိုင်းအစွန်ဆုံး မြိုင်မြို့နယ်တွင် အာဏာသိမ်းပြီး တစ်နှစ်နီးပါးရှိလာချိန်ထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများရှိနေဆဲဖြစ်ကာ မတ်လဆန်းပိုင်းက မြိုင်မြို့ပေါ်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့ရာ အနည်းဆုံး ၆ ဦးသေဆုံးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။

Show More

Related Articles

Back to top button