"မုန်းတီးပြီး ခွဲခြားဆက်ဆံရမယ် ဆိုတာတော့ မဖြစ်သင့်ဘူး"

မကြာသေးခင်က ရန်ကုန်မြို့ Colors Rainbow အဖွဲ့ ရုံးခန်းတွင် တွေ့ရသော ရှင်းသန့် (ခေါ်) အောင်သန့် (ဓာတ်ပုံ - အိချယ်ရီအောင်/Myanmar Now)
မကြာသေးခင်က ရန်ကုန်မြို့ Colors Rainbow အဖွဲ့ ရုံးခန်းတွင် တွေ့ရသော ရှင်းသန့် (ခေါ်) အောင်သန့် (ဓာတ်ပုံ - အိချယ်ရီအောင်/Myanmar Now)

လိင်တူချစ်သူများအရေး တက်ကြွလှုပ်ရှားသူ ရှင်းသန့်က လွှတ်တော်သို့ ဝင်ရောက်ပြီး အများအကျိုးဆောင်လိုသည်ဟု ပြောသည်။ LGBT ဟု အတိုကောက် ခေါ်ကြသော လိင်တူချစ်သူ (Lesbian , Gay , Bisexual and Transgender) တစ်ဦးကို လာမည့် ဆယ်နှစ်အကြာတွင် ပြည်သူ့ကိုယ်စားလှယ်အဖြစ် လက်ခံ၊ ရွေးချယ်ကြရေးမှာ လွယ်လွယ်နှင့်ဖြစ်လာမည် မဟုတ်သည်ကိုလည်း သူက သဘောပေါက်ထားသည်။

Myanmar Now သတင်းထောက် အိချယ်ရီအောင်နှင့် မကြာသေးမီက တွေ့ဆုံစဉ် ရှင်းသန့်က မြန်မာ့လူ့အဖွဲ့အစည်းတွင် LGBT များ ရင်ဆိုင်နေရသည့် အနေအထားကို ရှင်းပြခဲ့သည်။

လိင်တူချစ်သူ အများအပြား ပါဝင်သော ရန်ကုန်အခြေစိုက် Colors Rainbow အဖွဲ့တွင် ဦးဆောင်သူ တစ်ဦးအဖြစ် တာဝန်ယူထားသော်လည်း ယခု အင်တာဗျူးပါ အဖြေတိုင်းမှာ ၎င်းတို့၏အဖွဲ့၏ အာဘော် မဟုတ်ဟု ရှင်းသန့် (ခေါ်) အောင်သန့်က ဆိုသည်။

မေး - Colors Rainbow အဖွဲ့က ဘာတွေများ လုပ်ကိုင်နေပါသလဲ။

ဖြေ - နှစ်ပိုင်းရှိတယ်။ လူထုပညာပေးတဲ့အပိုင်းမှာဆိုရင် မဂ္ဂဇင်းတွေ ထုတ်တယ်၊ ပြက္ခဒိန်၊ လက်ကမ်း စာရွက်လေးတွေ ဝေဖြစ်တယ်ပေါ့။ ပညာရေးအစီအစဉ်မှာ ဆိုရင် ယောက်ျားပဲ ဖြစ်ဖြစ်၊ မိန်းမပဲ ဖြစ်ဖြစ် LGBT ပဲ ဖြစ်ဖြစ် သင်လို့ရတဲ့ သင်ခန်းစာတွေကို ကျွန်မတို့ သင်ပေးတယ်။ အမျိုးသမီးအချင်းချင်း ချစ်တဲ့သူတွေကို စွမ်းရည်မြှင့်သင်တန်းတွေ ပေးနေတာ ရှိပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကပဲ ဖိတ်ဖိတ် သင်ပေးတယ်။ အမျိုးသမီးကွန်ရက်၊ မသန်စွမ်းသူများကွန်ရက်၊ လူငယ်ကွန်ရက်၊ ကျောင်းသားကွန်ရက် စတာတွေနဲ့ ချိတ်ဆက်ပြီး လုပ်ငန်းအကောင်အထည်ဖော်တာတွေ ရှိနေပါပြီ။ လှိုင်သာယာရယ်၊ ပြည်ရယ်မှာ Colors Rainbow အဖွဲ့ ရုံးခွဲတွေ ရှိတယ်၊ မည်သူကပဲ ဥပဒေ ချိုးဖောက် ချိုးဖောက် ကျွန်မတို့ မှတ်တမ်း ကောက်ယူတယ်။ လိုအပ်ရင် ရှေ့နေအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး တရားစွဲဆိုလို့ရအောင် ကူညီပေးနေတာတွေ ရှိပါတယ်။

မေး - LGBT အခွင့်အရေး နဲ့ တည်ဆဲဥပဒေတွေအကြောင်း ဘာပြောချင်ပါသလဲ။

ဖြေ - ဥပဒေအရတော့ LGBT တွေကို သီးသန့်ကြီး ခွဲခြားထားတာမရှိသလို၊ LGBT ကို ထောက်ပံ့ပေးထားတာလည်း မရှိပါဘူး။ သို့သော် လူမှုအသိုင်းအဝိုင်းမှာတော့ တစ်ဆင့်နှိမ့်ထားခံရဆဲပေါ့။ ပညာရေးမှာပဲဖြစ်ဖြစ်၊ အလုပ်အကိုင်အခွင့် အလမ်းမှာပဲဖြစ်ဖြစ် နေရာတိုင်းမှာပေါ့။ LGBT တစ်ယောက်က ဘယ်လောက်ပဲတော်နေ၊ တတ်နေပါစေ ယှဉ်ပြိုင်တဲ့အခါမှာ ရာထူးတက်ဖို့တွေ၊ အလုပ်ရဖို့တွေ ဆိုတာက အမြဲတမ်း တစ်ဆင့် တစ်ဆင့်နှိမ့်ထားခံရဆဲပေါ့။ ပုံပန်းသဏ္ဌာန် ကြည့်ပြီး အလုပ် မပေးတဲ့ ကိစ္စတွေ၊ မိသားစုအတွင်းမှာလည်း ခွဲခြားဆက်ဆံမှုက ရှိနေသေးတယ်။ ဥပဒေအရ အကာအကွယ်ပေးထားတာ မရှိသလို၊ ဥပဒေအရ ကန့်သတ်ထားတာလည်း မရှိပါဘူး။ LGBT တွေကို ပုဒ်မ - ၃၇၇ နဲ့ တရားစွဲဆိုလို့ရတယ် ဆိုပြီးတော့ ငြင်းနေတာတွေတော့ ရှိတာပေါ့။ ရာဇသတ်ကြီးမှာ ယောက်ျားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ မည်သူမဆို၊ မိမိအလိုအလျောက် ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင်၊ ထိုသူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဆိုပြီး ပြဋ္ဌာန်းထားတယ်ပေါ့။ မန္တလေးမှာဆိုရင် ပုဒ်မ - ၃၅ က၊ ခ၊ ဂ၊ ရန်ကုန်မှဆိုရင်တော့ 3D လို့ ခေါ်တဲ့ မှောင်ရိပ်ခိုမှုတွေဟာဆိုရင် LGBT တွေအပေါ်မှာ ခြိမ်းခြောက်နေဆဲ၊ အရေးယူနေဆဲဖြစ်တယ်။ ဥပမာ - ညအချိန်မတော် ထွက်မယ်သွားမယ်ဆို သူ့မှာ ဘယ်လောက်ပဲ ခိုင်မာတဲ့ အကြောင်းပြချက်ရှိရှိ ရဲတွေက အမှုလိုရင် မှောင်ရိပ်ခိုမှုတွေနဲ့ ဖမ်းတာမျိုးတွေ ရှိတယ်။ LGBT ကို စစ်ဆင်ရေး တစ်ခုအနေနဲ့ ထောင်ချတာ၊ ဖမ်းဆီးတာမျိုးတွေ ရှိပါတယ်။

မေး - လွှတ်တော်ကိုယ်စားလှယ်တွေက LGBT အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး တောင်းဆိုမှုတွေ မလုပ်တဲ့အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ - မပြောသေးတာ မလုပ်သေးတာကို အပြစ်မမြင်ပါဘူး။ မြန်မာနိုင်ငံမှာ ဥပဒေပေါင်းများစွာကို ပြင်ဆင် ရေးဆွဲနေတဲ့အချိန်မှာ ပုဒ်မ ၃၇၇ ပါမလားလို့တော့ မျှော်လင့်ပါတယ်။

မေး - ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လို ဖြစ်စေချင်ပါသလဲ။

ဖြေ - ပုဒ်မ - ၃၇၇ ကို ဖျက်သိမ်းတာထက် တိကျသေချာတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုမျိုး ဖြစ်စေချင်တယ်။ “ခွဲခြားဆက်ဆံမှု ပပျောက်ရေးဥပဒေ” မှာ ဆိုရင်လည်း LGBT တွေကို ကာကွယ်ပေးတာ တစ်စိတ်တစ်ပိုင်း ပါစေချင်ပါတယ်။ gender (ကျား မ ကွဲပြားမှု)၊ ကိုယ့်ရဲ့ကိုးကွယ် ယုံကြည်မှု၊ လူမျိုးရေး၊ လိင်စိတ်ခံယူမှု အရ ခွဲခြားဆက်ဆံရင် အရေးယူခံရမယ်ဆိုတဲ့ ဥပဒေမျိုးတွေ ရှိစေချင်တယ်။ အဖွဲ့အစည်း Smile Education အဖွဲ့က ဦးဆောင်ပြီးတော့ “ခွဲခြားဆက်ဆံမှု ပပျောက်ရေးဥပဒေ” အတွက် ဥပဒေအကြမ်း ရေးဆွဲနေပါတယ်။ ကျွန်မတို့ပါဝင်ဖို့ကို ဖိတ်ကြားတာမျိုးတွေလည်း ရှိနေပါပြီ။

မေး - “ခွဲခြားဆက်ဆံမှုပပျောက်ရေးဥပဒေ” မှာ ဘယ်လိုအချက်တွေ ပါဝင်သင့်တယ်လို့ မြင်ပါသလဲ။

ဖြေ - ဝတ်စားဆင်ယင်မှုသည် သူ့မှာ လူ့အခွင့်အရေးအရ လွတ်လပ်ခွင့် ရှိတယ်။ သူသည် သူ့ရဲ့ခန္ဓာ သူပိုင်တဲ့အတွက် ကြိုက်တဲ့သူကို ချစ်ကြိုက်ခွင့် ရှိတယ်။ ဒီအပေါ်မှာ မူတည်ပြီး ခွဲခြားဆက်ဆံတာတွေ မပြုစေချင်ဘူး။ အထူးသဖြင့် ကျောင်းတွေမှာဆိုရင် LGBT တွေဆိုရင် စာကောင်းကောင်း မသင်ရဘူး။ စတယ်၊ နောက်တယ်၊ လှောင်ပြောင်တယ်။ ဘောင်းဘီချွတ်တာ၊ အနိုင်ကျင့်ပြီး ထိုးကြိတ်တာတွေ ရှိတယ်။ သူတို့ကို ကာကွယ်ပေးတဲ့ လုံခြုံစိတ်ချပြီးတော့ စာကောင်းကောင်းသင်နိုင်တဲ့ အဝန်းအဝိုင်း မဖန်တီးနိုင်ဘူး။ ကျန်းမာရေး စောင့်ရှောက်မှုတွေမှာဆိုရင်လည်း တန်းတူညီမျှ ဖြစ်စေချင်တယ်။ ကျွန်မတို့ LGBT တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပြီးတော့ သရုပ်ဆောင်တာမျိုးတွေ ရှိပါတယ်။ ပြည်သူလူထုက ဒါတွေကို ကြည့်မိပြီး LGBT ဆို ဒီလိုအမူအကျင့်တွေရှိတယ် ဆိုပြီး ထင်သွားတာမျိုးတွေ ရှိပါတယ်။ အမြင်အမှားတွေ ရနေပါတယ်။ လူအများစုက လူအနည်းစုကို ရုပ်ရှင်ထဲကအတိုင်း ထင်ပြီးတော့ လက်ညှိုးထိုးတာ မျိုးတွေ ရှိတယ်။ မီဒီယာတွေကိုလည်း အမုန်းစကားတွေကို မပြောဖို့ကို “ခွဲခြားဆက်ဆံမှု ပပျောက်ရေးဥပဒေ” မှာ ပါစေချင်ပါတယ်။ မီဒီယာမှာ၊ ကျောင်းမှာ၊ အလုပ်ခွင်မှာ၊ ကျန်းမာရေးနယ်ပယ်တွေမှာ ကာကွယ်ပေးမယ် ဆိုရင် အစခြေလှမ်းအနေနဲ့ လုံလောက်တယ်လို့ ပြောလို့ရပါတယ်။ လုပ်စရာတွေကတော့ အများကြီးပဲပေါ့။

မေး - အစိုးရဆီကနေ LGBT တွေက ဘာတွေ မျှော်လင့်နေသလဲ။

ဖြေ - ကျွန်မတို့အသံကိုလည်း နားထောင်စေချင်ပါတယ်။ ကျွန်မတို့လက်သန်းတွေ နဲ့ရွေးချယ်လိုက်ပြီး မဲပေးခဲ့တဲ့အတွက် ဒီအစိုးရ ဆိုပြီး ဖြစ်သွားတာ။ LGBT တွေကို သီးသန့်ဆိုပြီး မတွေ့ဆုံရင်တောင်မှ LGBT တွေရဲ့ အသံကို နားထောင်ပေးသင့်တယ် အချိန်ပေးဖို့ လိုအပ်တယ်။ နိုင်ငံတော်မှာ လုပ်စရာရှိတဲ့အလုပ်တွေ ကောင်းကောင်းမွန်မွန် အကောင်အထည် ဖော်ပြီးတဲ့အခါမှာ ကျွန်မတို့ရဲ့အသံတွေကိုလည်း နားထောင်ပေးဖို့ လိုပါတယ်။ နားထောင်ပေးမယ် လို့လည်း မျှော်လင့်တယ်။ ကျွန်မတို့လည်း မျှော်လင့်ချက်နဲ့ အစိုးရကို ရွေးချယ်ခဲ့တာ။

မေး - LGBT တွေကို လက်မခံတာ ဘာကြောင့်လို့ မြင်ပါသလဲ။

ဖြေ - ပညာတတ်အသိုင်းအဝိုင်းမှာက ရာခိုင်နှုန်း တော်တော်များများက လက်ခံကြတယ်။ အောက်ခြေ အဆင့်မှာ ဆိုရင်လည်း လက်မခံဘူးရယ်တော့ မဟုတ်ဘူး။ သူတို့စိတ်ထားလေးတွေက ဖြူစင်ကြတယ်။ သို့သော် သူတို့ ကြီးပြင်းလာတဲ့ အသိုင်းအဝိုင်းက စံနှုန်းလွှဲနေတဲ့အခါကြတော့ LGBT တစ်ယောက်ကို ဟေး၊ ဟား၊ ဆိုပြီး အော်ဟစ်လိုက်မှ နှုတ်ဆက်တယ်လို့ ထင်ကြတာမျိုးတွေလည်း ရှိတယ်။ ပုံမှန်နှုတ်ဆက်ရင်လည်း ရတယ်။ LGBT ကို မြင်တာနဲ့ ရိုက်လိုက်ပါဦးတို့၊ ဘာတို့က ပေါ်ပြူလာဖြစ်နေတာလေ။ ခွဲခြားဆက်ဆံမှုက ပညာတတ် အဆင့်ရယ်၊ ပညာမတတ်တဲ့ အဆင့်ရယ် အဲဒီလိုမျိုးတော့ မဟုတ်ပါဘူး။ ကိုယ်ကြီးပြင်းရတဲ့ အရပ်ဒေသရယ်၊ စံတန်ဖိုးတွေရယ်နဲ့ပဲ ဆိုင်ပါတယ်။ ကိုယ်ချင်းစာတရားနဲ့ မေတ္တာတရားကို ကျယ်ကျယ်ပြန့်ပြန့် ထားနိုင်ရင် လူတွေက ပိုပြီးတော့ ရင်းနှီးလာမယ်လို့ ထင်ပါတယ်။ တချို့ကျတော့ LGBT တစ်ယောက်ကို မြင်ရင် အလိုလိုနေရင်း ဒေါသတွေထွက်၊ ရိုက်သတ်ပစ်ချင်စိတ်တွေ ပေါက်တာ၊ ဒါကတော့ စိတ်ရောဂါဘက်ကို ရောက်သွားတာပေါ့။ ဒါကတော့ ဆေးခန်းပြဖို့တော့ လိုမယ်လို့ ကျွန်မထင်ပါတယ်။ ကိုယ့်နဲ့မတူရင် ရန်သူဆိုတဲ့ စိတ်ဓာတ်တွေ ဖျောက်ဖို့ လိုပါတယ်။ မတူကွဲပြားမှုကို လက်ခံနိုင်ရမယ်။ လူရယ်လို့ ဖြစ်လာရင် သူရဲ့အကျင့်စာရိတ္တကို ကြည့်ရမယ်။ ပေါင်းလို့သင်းလို့ ဖြစ်နိုင်ရင်ပေါင်းမယ်။ မဖြစ်နိုင်ရင် ပယ်လိုက်။ ဒါဖြစ်လို့ မုန်းတီးပြီး ခွဲခြားဆက်ဆံရမယ် ဆိုတာတော့ မဖြစ်သင့်ဘူး။ လူဆိုးလူကောင်းက အသိုင်းအဝိုင်း တိုင်းမှာ ရှိတယ်။

မေး - ဌာနဆိုင်ရာ စာရွက်စာတမ်းတွေ၊ လျှောက်လွှာတွေမှာ ကျား/မ ဆိုပြီး ရေးသားဖြည့်စွက် လုပ်ကိုင်ကြရတဲ့အခါ ဘာအခက်အခဲတွေ ရှိသလဲ။

ဖြေ - အရင်တုန်းက ကျွန်မ နိုင်ငံကူးလက်မှတ် သွားလုပ်တော့ ကြောက်တဲ့အခါကျတော့ ယောက်ျားလေးလိုပဲ ဝတ်ပြီးတော့ သွားလုပ်တယ်။ ၂ဝ၁၆ ခုနှစ်ထဲမှာ နိုင်ငံကူးလက်မှတ်ကို သက်တမ်း တိုးတဲ့အခါတော့ ထမီဝတ်၊ မိတ်ကပ်တွေ ဘာတွေ လိမ်းပြီးတော့ သွားလိုက်ပေမဲ့လည်း အဆင်ပြေပါတယ်။ မိန်းမပုံစံနဲ့ပဲ နိုင်ငံကူးလက်မှတ်မှာ ဓာတ်ပုံက ထွက်လာတယ်။ နာမည်နေရာမှာတော့ MR ဆိုပြီးတော့ ရှိနေဆဲပါပဲ။

မေး - LGBT တစ်ယောက်အနေနဲ့ အခက်အခဲ၊ စိန်ခေါ်မှုက ဘာဖြစ်မလဲ။

ဖြေ - ကျွန်မက မသန်စွမ်းတွေ၊ ပြည့်တန်ဆာတွေ၊ HIV/AIDS ဖြစ်နေတဲ့သူတွေ၊ လူငယ်တွေ၊ အမျိုးသမီးတွေ စတဲ့ ကိစ္စမှန်သမျှကိုလည်း ကျွန်မ လုပ်ပေးချင်ပါတယ်။ CSO (အရပ်ဘက်အဖွဲ့အစည်း) ဆိုတဲ့အနေအထားနဲ့ လုပ်ပေးနိုင်တာ ရှိသလို၊ လွှတ်တော်အမတ် ဆိုတာမျိုးတွေ အနေနဲ့ ကိုယ့်ကို ရွေးချယ်ထောက်ခံမယ့်သူရှိရင် လုပ်ပေးချင်ပါတယ်။ အဲ့ဒါဆိုရင် ကိုယ့်ရဲ့သမိုင်းကြောင်း ပိုပြီးတော့ လှမယ်။ စော်ကားပြီးပြောတာ မဟုတ်ပါဘူး … LGBT ဖြစ်လို့ မိတ်ကပ်ပဲ ပြင်မယ်၊ ဒီဇိုင်နာပဲ လုပ်မယ်ဆိုတဲ့ ဘဝမျိုးကို ကျွန်မ မလိုချင်တော့ပါဘူး။ LGBT သည်လည်း လူထဲကလူပါပဲ၊ အကျိုးပြုတဲ့လူပါလား ဆိုပြီး ဖြစ်ချင်တဲ့ အတွက် ၂ဝ၂၅ ခုနှစ်မှာ ကျွန်မအမတ် ဖြစ်ချင်ပါတယ်။ ဒါက ကျွန်မအတွက် ကြီးမားတဲ့စိန်ခေါ်မှုပါပဲ။ ပတ်ဝန်းကျင်က ဘယ်လောက်အထိ လက်ခံမှာလဲ။ ဥပဒေအရရော ဒါကို အသိအမှတ်ပြုမှာလား။ ကျွန်မကို မဲပေးတဲ့သူရောရှိမှာလား။ အားလုံး အဆင်ပြေသွားတယ် ဆိုရင်တောင် ကျွန်မ လွှတ်တော်ထဲဝင်ရင် ရင်ဖုံးနဲ့ ဝင်ရမှာလား။ တိုက်ပုံနဲ့ဝင်ရမှာလား ဒါတွေကလည်း ရှိတယ်။ လူ့ဘောင်လူ့တန်ဖိုးရယ်၊ ဥပဒေတွေရယ်၊ စံတန်ဖိုးရယ်၊ ကျွန်မရဲ့ဆန္ဒတွေက ဘယ်လောက်အထိ အတားအဆီးဖြစ်မှာလဲ။ ဘယ်လောက်အထိ တိုးတက်အောင် တွန်းပို့သွားမှာလဲဆိုတာ ကျွန်မအတွက် အခက်အခဲရှိပါတယ်။ အဲဒီလို ကျွန်မဖြစ်ချင်သလို အခြားသော LGBT တွေလည်း သူတို့ရဲ့ ရည်မှန်းချက်အိမ်မက်တွေ ရှိနေဦးမှာပဲ။ စစ်ဗိုလ်ကြီးဖြစ်ချင်တယ်၊ သံအမတ်ကြီး ဖြစ်ချင်တယ်။ ဥပဒေအရ ပေးမလားဆိုတာက မေးစရာတွေ ဖြစ်ပါတယ်။ ကျွန်မ ပါတီဝင်တဲ့အခါ အဲ့ဒီပါတီက ကျွန်မကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပေးမှာလား။ ပါတီသဘောထားက ဘယ်လိုရှိလဲ။ ပါတီဂုဏ်က ထိုးတက်သွားမှာလား။ အောက်ဆုံးအထိ ရောက်သွားမှာလား။ လက်ရှိ အင်အားကြီးပါတီတွေကို ကျွန်မ မေးချင်တာက LGBT တွေကို သဘောထား ဘာရှိလဲ။ မူဝါဒ ဘာရှိလဲ။ လူကိုကြည့်မှာလား၊ မူကို ကြည့်မှာလား။ အရည်အချင်းကို ကြည့်မှာလား။ ကျွန်မအနေနဲ့ မေးခွန်း ထုတ်စရာတွေ ရှိပါတယ်။

မေး - နာမည်ကြီး LGBT တစ်ယောက်နဲ့ မထင်မရှား LGBT တစ်ယောက်အပေါ်မှာ လူတွေရဲ့ အမြင် မတူညီတာကို တွေ့ရပါတယ်။

ဖြေ - မကြီးစန်း (မိတ်ကပ် ခင်စန်းဝင်း) ဆိုရင်လည်း ဗီဒီယိုတစ်ခု ရိုက်ပြီးပြီ။ ဒါက မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်တဲ့ အနေအထား။ သို့သော်လည်း လူတွေက လူချင်းတူတူ နာမည်ကြီးဆို အလိုလိုနေရင်း လေးစားတယ်။ အပြင်ကလူဆိုရင် ဂရုမစိုက်သလိုပဲ။ အခုလို နာမည်ကြီးတဲ့ LGBT ရှိတာ ကောင်းတယ်။ သူတို့ရှိတဲ့အတွက် လူတွေကို ပညာပေးပြီးသား ဖြစ်တယ်။ နာမည်ကြီးလို့၊ နာမည်မကြီးလို့ ဆိုပြီး ခွဲခြားဆက်ဆံတာမျိုးတွေကိုတော့ မဖြစ်စေချင် ပါဘူး။ တကယ်က လူက လူပါပဲ။ ယောက်ျားမှာ အဆိုး အကောင်း ရှိသလို၊ မိန်းမမှာလည်း အဆိုးအကောင်း ရှိပါတယ်။ LGBT မှာလည်း အဆိုးအကောင်း ရှိပါတယ်။

မေး - LGBT တွေရဲ့ သိက္ခာကို ထိခိုက်စေတယ် ဆိုတဲ့ သရုပ်ဆောင်မှုမျိုးအတွက် ရုပ်ရှင်လောကသားတွေနဲ့ တွေ့ဖြစ်၊ စကားပြောဖြစ်လား။

ဖြေ - တွေ့ဆုံချင်ပါတယ်။ ဒါပေမဲ့ လက်လှမ်းမမီဘူးဖြစ်နေတယ်။ သူတို့က သရုပ်ဆောင်တွေ ဒါရိုက်တာတွေ ဖြစ်တဲ့အတွက် သူတို့က ကျွန်မတို့ကို ပေးလိုက်ရတဲ့ အချိန်တွေက သိန်းဆယ်ချီ၊ ရာချီပြီး တန်တယ်။ စိတ်မဝင်စားတာလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ကလေးတစ်ယောက်က ခွဲခြားဆက်ဆံတဲ့ ဇာတ်ဝင်ခန်း ပါတဲ့ ရုပ်ရှင်ကို ကြည့်မိလိုက်လို့ လွဲမှားတဲ့ အမြင်တစ်ခုခု ရသွားရင် ကလေးနဲ့ LGBT ကြားမှာ ခွဲခြားဆက်ဆံမှုကို ဦးတည်သွားတာဖြစ်တဲ့အတွက် ဒီဇာတ်ကားတွေကို မကြည့်ဖို့အတွက် ကျွန်မကတော့ တိုက်တွန်း၊ နှိုးဆော်မယ်။ LGBT အသိုင်းအဝိုင်းက သော်လည်းကောင်း၊ LGBT တွေကို စာနာ နားလည်တဲ့ ဒါရိုက်တာတွေက သော်လည်းကောင်း LGBT တွေရဲ့တကယ်ဘဝအမှန်၊ အစစ်အမှန်၊ သရုပ်အမှန် ရိုက်ပြတဲ့ ဇာတ်ကားတွေ ထွက်ဖို့အတွက် ကျွန်မအနေနဲ့ တွန်းအားပေးမယ်။ မီဒီယာကို မီဒီယာနဲ့ တိုက်မယ်။ ဟာသ အနှစ်သာရကို ကြည့်မလား။ တကယ်အစစ်အမှန်ကို ကြည့်မလား ဆိုတာမျိုးပေါ့။ တန်ဖိုးမရှိတဲ့ဇာတ်ကားတွေ မကြည့်ဖို့ ကျွန်မ သပိတ်မှောက်ပါမယ်။ ။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading