"ဥပဒေတွေရှိပေမဲ့လည်း ပြစ်ဒဏ်တွေက နည်းနည်း လျော့နေတယ်"

ဧရာဝတီတိုင်း စိုက်ပျိုးရေးဝန်ကြီး အင်တာဗျူး အစ အဆုံး

Published on Nov 29, 2016
Published on Nov 29, 2016
ဧရာဝတီတိုင်းဒေသကြီးအစိုးရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဌာန ဝန်ကြီး ဦးဘဟိန်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဌာန ဝန်ကြီး ဦးဘဟိန်း

ပုသိမ် – စိုက်ပျိုးရေးဌာန ပညာပေးရေးလုပ်ငန်းအတွက် ဝန်ထမ်း အင်အား နည်းပါးနေပြီး ဓာတ်မြေသြဇာလိုမျိုး ဓာတုဆေးတွေ အသုံးပြုမှုနဲ့ ပတ်သက်လို့ အပြစ်ပေးအရေးယူမှုတွေ အားနည်းနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ အဖွဲ့ဝင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဌာန ဝန်ကြီး ဦးဘဟိန်းက ပြောပါတယ်။

မကြာသေးခင်က Myanmar Now နဲ့ တွေ့ဆုံရာမှာ ဝန်ကြီးက လယ်လုပ်သား ရှားပါးမှု၊ ကောင်းမွန်သော မျိုးစပါး၊ စိုက်ပျိုးရေးလုပ်ငန်းတွင် လုပ်ငန်းရှင်တချို့၏ လက်ဝါးကြီးအုပ်မှု၊ စိုက်ပျိုးရေးဆိုင်ရာ ဥပဒေ ပြင်ဆင်ရေး၊ အရည်အသွေးမီ ဓာတ်မြေသြဇာတို့အကြောင်း ပြောပြထားပါတယ်။

မေး - ဧရာဝတီတိုင်းဒေသကြီးမှာ ဒေသခံတွေ အများအပြား ရွှေ့ပြောင်းလုပ်သားတွေ အဖြစ် တခြားဒေသကို ထွက်ခွာနေကြတာ ဘာကြောင့်လဲ။

ဖြေ - ကျွန်တော့်ရဲ့ ဧရာဝတီတိုင်းမှာနေတဲ့ အတွေ့အကြုံအရပြောရမယ်ဆိုရင် တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရေသယံဇာတ၊ မြေသယံဇာတ၊ ငါးသယံဇာတတွေကို အသုံးပြုတဲ့အခါမှာ မျှမျှတတ ခွဲဝေ အသုံးမပြုနိုင်တဲ့အကြောင်းဟာ အဓိကအကြောင်းအရင်းပဲ။ ကျေးရွာတစ်ရွာမှာ လယ်သမား မိသားစုတွေ၊ မြေမဲ့ ယာမဲ့ ရာသီချိန်လုပ်သားတွေ၊ ရေလုပ်သားမိသားစု အဖွဲ့အစည်းရှိမယ်။ သုံးမျိုးရှိတာပေါ့ဗျာ။ ပန်းတနော် ဆိုရင် တချို့ရွာတွေက ရေလုပ်သားတွေချည်းပဲ နေတာဗျ။ ပြီးတော့ ပန်းတနော်ဟာ ဧရာဝတီတိုင်းအတွင်းမှာ အင်းချောင်းအများဆုံးရှိတဲ့မြို့နယ်ဗျ။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ရေလုပ်သားချည်းပဲရှိတဲ့ရွာတစ်ရွာမှာ အိမ်ခြေသုံးရာရှိတယ် ဆိုပါစို့၊ အိမ်ခြေ နှစ်ရာလောက်မှာ ရှိတဲ့လူငယ်၊ လူရွယ်တွေ က ရွာမှာ မရှိတော့ဘူး။ ပြောင်းရွှေ့လုပ်သားတွေအနေနဲ့ လှိုင်သာယာတို့လို၊ ယိုးဒယားတို့လို မလေးရှားတို့လို ဒီလိုတွေ သူတို့ထွက်ကုန်ကြရတယ်ဗျ။ ဒါဟာ ဘာလဲဆိုတော့ ရေလုပ်သားတွေရဲ့ ဘဝက နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်ကို ငါးဖမ်းလုပ်ကွက်တွေနားကို မကပ်နိုင်တော့ဘူး။ ငါးလုပ်ငန်းက လက်ဝါကြီးအုပ်လေလံစနစ် ဖြစ်သွားတယ်။ ပိုက်ဆံချမ်းသာတဲ့သူတွေက အကုန်လုံး အင်းတွေလိုက်ဆွဲတယ်။ လေလံအောင်တဲ့အင်းသားကြီးက ဒုတိယလူကို ရောင်းလိုက်တယ်။ ဒုတိယလူက တတိယလူဖြစ်တဲ့ ရေလုပ်သားငယ်တွေကို ရောင်းတယ်။ အဲဒီတော့ ရေလုပ်သားငယ်တွေက မတန်တဆနဲ့ အင်းလုပ်ငန်းတွေကို ပေးဝယ်ပြီးတော့မှ သူတို့ခဗျာမှာ ငါးဖမ်းခွင့်တွေ ရကြတယ်။ ဒီလိုမျိုးဖြစ်လာတာက နှစ်ပေါင်း နှစ်ဆယ်ကျော်ပြီ။ ဒီရေလုပ်သားစုတွေ ဘယ်လိုလုပ်ခံနိုင်မှာလည်းဗျ။ ဘဝကို ဘယ်လိုလုပ်မှမရပ်တည်နိုင်တော့ဘူး။ ဒါက ရေလုပ်သားနဲ့ ဥပမာ။

နောက် လယ်ယာလုပ်ငန်းနဲ့ ဥပမာ တစ်ခုပေးမယ်။ ဧရာဝတီတိုင်းမှာ လယ်သမား ၃ဝ ရာခိုင်နှုန်းလောက်က သုံး ဧက လောက်ပဲလုပ်နိုင်တယ်။ လယ်သမား ၂ဝ ရာခိုင်နှုန်းကျော်လောက်က သုံး ဧက အောက်မှာပဲလုပ်နိုင်တယ်။ အဲဒီတော့ ၅ဝ ရာခိုင်နှုန်းသော လယ်သမားတွေက အသေးစားတွေဆိုတော့ စဉ်းစားကြည့် မြေသယံဇာတ ခွဲဝေအသုံးပြုမှုမှာ မျှတမှုမရှိဘူးလို့ ပြောရမှာပေါ့။ ဆိုလိုတာက ဆင်လည်း ဆင်စာ၊ ဆိတ်လည်း ဆိတ်စာ ဖန်တီးပေးရမှာကို။ အခုဟာက အဲဒီလို ဖန်တီးမပေးနိုင်ဘူးလေ။

မေး - ဘယ်သူတွေက လက်ဝါးကြီးအုပ်နေတာလဲ ။

ဖြေ - လက်ဝါးကြီးအုပ်တယ်ဆိုတာက ရနိုင်သမျှ ယူနိုင်တဲ့သူတွေက လက်ဝါးကြီးအုပ်တာပေါ့ဗျာ။ ဥပမာ အင်းဆိုရင်လည်း အင်းသားကြီးတွေက လက်ဝါးကြီးအုပ်တာပေါ့ဗျာ။ မြေဆိုရင်လည်း မြေကို ရောင်းကုန်ပစ္စည်းလို သဘောထား ပြီးတော့ ဝယ်ယူနိုင်တဲ့သူတွေက လက်ဝါးကြီးအုပ်တာပေါ့ဗျာ။ ဆင်းရဲတဲ့သူက ပိုပိုပြီး ဆင်းရဲလာတာပေါ့ဗျာ။ သယံဇာတတွေကို မျှမျှတတ အသုံးမပြုနိုင်တဲ့ အခါကျတော့ ဧရာဝတီတိုင်းမှာ ဆင်းရဲတဲ့သူက အရမ်းဆင်းရဲပြီးတော့၊ ချမ်းသာတဲ့သူက အရမ်းချမ်းသာတဲ့အနေအထား ဖြစ်သွားတာ။ အဲဒီမှာ အင်မတန် သယံဇာတ ပေါကြွယ်တဲ့တိုင်းကြီးထဲမှာ ရွှေ့ပြောင်းလုပ်သားအများဆုံးတွေ ပေါ်လာတော့တာ။

မေး - အလုပ်သမားရှားပါးမှုက လယ်ယာမြေအခန်း ကဏ္ဍမှာ ဘယ်လောက်ထိခိုက်လဲ။

ဖြေ - အလုပ်သမား ရှားသွားတဲ့ အခါကျတော့ စပါးစိုက်ကျတဲ့အခါမှာ ပျိုးထောင်ကောက်စိုက်နဲ့ မစိုက်နိုင်ကြတော့ဘူး၊ ကြဲပက် ပြီးတော့ စိုက်ရတော့တာပေါ့။ ကြဲပက်ပြီးစိုက်ရတော့ မျိုးစေ့နှုန်းတွေက ပိုကုန်တာပေါ့ဗျာ။ တစ်ဧကကို တစ်တင်းလောက်ကုန်တယ်ဆိုရင် ဆယ်ဧက စိုက်တဲ့သူက ဆယ်တင်းလောက် ကုန်တာပေါ့ဗျာ။ မျိုးတစ်တင်းကို ၆,ဝဝဝ နှုန်းနဲ့တွက်ဦး အလဟသဖြစ်သွားတဲ့ငွေက ၆ဝ,ဝဝဝ လောက် ဖြစ်သွားတာဗျ။ ၆ဝ,ဝဝဝ လောက်ဆိုတာက ဓာတ်မြေသြဇာ သုံးအိတ်ဖိုးလောက် ဖြစ်သွားတာ၊ အဲဒါက အရှင်းဆုံးဥပမာ တစ်ခုပေါ့ဗျာ။ ရိတ်သိမ်းချိန်မှာလည်း ဒီလိုပဲ မိုးနဲ့ လေနဲ့ လုရိတ်ရတဲ့အခါမှာ လုပ်သားရှားတဲ့အခါကျတော့ စပါးတွေ မိုးမိသွားပြီဆိုရင် လယ်ယာလုပ်သား ရှားပါးတဲ့ အခါကျတော့ စပါးတွေ ထိခိုက်တာမျိုး ကြုံရတာပေါ့ဗျာ။ ဒီနေရာမှာ စက်တွေက အစားဝင်တာပေါ့ဗျာ။ အစားဝင်လည်း ဒီစက်တွေကို ဝယ်ယူနိုင်တဲ့ လယ်သမားဆိုတာက သိပ်မရှိဘူးဗျ။ ပြီးတော့ ငှားရမ်းတဲ့ကုမ္ပဏီတွေက အင်မတန်နည်းနေတဲ့အခါကျတော့ လယ်သမားရဲ့ လိုအပ်ချက်နဲ့ စက်အရေအတွက်နဲ့က မမျှတဘူး။ အချိန်မီ မရိတ်နိုင်ဘူး။ စိုက်ရေးပျိုးရေးဆိုတာက ရာသီဥတုနဲ့ အချိန်ကာလနဲ့ ဒီလိုလုပ်ရတာ။ စက်ရုံတွေလို နားလိုက်ဦးမယ်ဆိုပြီး နားလို့ရတာမဟုတ်ဘူးဗျ။ ဒါတွေက ထင်သာမြင်သာတဲ့ ဥပမာတွေပေါ့ဗျာ။

မေး - လုပ်သားရှားပါးလို့ ဒုက္ခရောက်တာတွေကို ဌာနဆိုင်ရာတွေကရော ဘယ်လိုကူညီလဲ။

ဖြေ - လုပ်ကြပါတယ်။ ဥပမာ Hire Purchase System ဆိုတာ ရှိတယ်။ အဲဒါက စက်ပစ္စည်းတစ်ခုကို သူ့ကို ငှားလိုက်တယ်၊ ငှားလိုက်ပြီးတော့ ဘယ်နှနှစ်ကို ဘယ်လောက်နှုန်းနဲ့ ငွေချေပေါ့ဗျာ။ နှစ်လည်း စေ့သွားရော အဲဒါကို သူပိုင်သွားတာပေါ့။ အရစ်ကျနဲ့ ချေရတာပေါ့။ ငှားရောင်းစနစ်ပေါ့ဗျာ။ အဲဒါကို စက်မှုလယ်ယာတို့၊ သမ တို့က လုပ်ပေးပါတယ်။

မေး - ဘယ်ဒေသတွေကရော အဲဒီ ဝန်ဆောင်မှုကို ရကြလဲဗျ။

ဖြေ - ရကြပါတယ်။ ကန့်သတ်ချက် မရှိပါဘူးဗျာ။ များများလုပ်ပါစေလို့တောင် ဆုတောင်းနေရတာ။ လယ်သမားမတတ်နိုင်လို့ မဝယ်တာတော့ မတတ်နိုင်ဘူးပေါ့ဗျာ။ ကျွန်တော်တို့အနေနဲ့ကတော့ ငှားဝယ်စနစ်တွေ များများလုပ်ပါစေလို့ တောင် ဆုတောင်းနေရတာ။

မေး - အစိုးရဘက်ကဝန်ဆောင်မှု တိုးမြှင့်ပေးတာ ရှိလား။

ဖြေ - တိုးမြှင့်ပေးဖို့ဆိုတာက နိုင်ငံတော်ရဲ့ စွမ်းရည်အပေါ်မှာ အများကြီး မူတည်တယ်။ နိုင်ငံတော်မှာ ငွေကြေးဘယ်လောက်ရှိသလဲဆိုတာ အရေးကြီးတယ်။ ကျုပ်တို့တိုင်းပြည်က မွဲတဲ့တိုင်းပြည်ဗျ။ ကိုယ်မှ မပြည့်တာ မပြည့်တဲ့သူတွေကို ဖြည့်ပေးလို့ ရမလားဗျ။

မေး - နောက် ဓာတ်မြေသြဇာတွေက အခု တံဆိပ်တွေမျိုးစုံနဲ့ ဝင်လာကျတယ်။ အခုက ဈေးကွက်စီးပွားရေးစနစ်ဆိုတော့ ဒီဟာတွေက အရမ်း တွင်ကျယ်ကြတယ်။ မသမာမှုတွေရော ရှိလား။

ဖြေ - အနည်းနဲ့အများတော့ ရှိတာပေါ့ဗျာ။ ဒီမှာကတော့ များများစစ်၊ စစ်ပြီးတွေ့ရင် အရေးယူဆိုပြီးတော့ စိုက်ပျိုးရေး (ဌာန) ကိုတော့ ကျွန်တော် လမ်းညွှန်ထားပါတယ်။ ကျွန်တော်တို့မှာ ဓာတ်မြေသြဇာဥပဒေတွေ ရှိတယ်။ ပိုးသတ်ဆေးဥပဒေတွေ ရှိတယ်။ မျိုးစေ့ဥပဒေတွေ ရှိတယ်။ အဲဒီဥပဒေတွေနဲ့ တိတိကျကျ လိုက်နာပြီး ဆောင်ရွက်ကျဖို့ ပြောထားပါတယ်။ ရှိပါတယ်။ မရှိဘူးလို့တော့ ပြောလို့မရပါဘူး။ ဒါပေမဲ့ အိမ်နီးနားခြင်း နိုင်ငံတွေကလည်း ကျုပ်တို့နိုင်ငံကို အချဉ်လို့သဘောထားတာဗျ။ ကျုပ်တို့ ဆီက ကုန်သည်ပွဲစားတွေကလည်း လယ်သမားအပေါ် မတရားလုပ်ဖို့ စဉ်းစားတာဗျ။ အဲဒီလို ကုန်သည်ပွဲစားတွေကလည်း ရှိတယ်ဗျ။ လယ်သမားဆိုတာကတော့ သိတဲ့အတိုင်းပဲဗျာ။ လိမ်ရင်တော့ ခံကြရတာပဲဗျ။ အမှန်အကန်သမားတွေ ရှိသလို လိမ်တဲ့သူတွေလည်း ရှိတာကိုးဗျ။

မေး - အဲ့ဒါကို မခံရအောင် မြေသြဇာကို ဓာတ်ခွဲတာတွေဘာတွေရော လုပ်လား။

ဖြေ - လုပ်တယ်ဗျ။ ကျွန်တော်ဝန်ထမ်းဘဝတုန်းကဆိုရင်လည်း ဒီဟာကို လုပ်တယ်။ လုပ်ပေမဲ့ ခက်တာက ဆိုင်တွေမှာ နမူနာတင်ထားတဲ့ဟာတွေကို သွားပြီးတော့ စစ်တဲ့အခါမှာ သူတို့က ဘယ်လိုသတင်းရလဲမသိဘူး အစစ်တွေကို တင်ထားရော။ အတုပေါ်ဖို့ဆိုတာက တော်တော်လေးခဲယဉ်တဲ့သဘော။ ကျွန်တော်တို့က တချို့ဟာတွေကို တားမြစ်ထားလို့ မသုံးရဘူးလို့ ပြောပေမဲ့လည်း ဒီဆေးတွေရဲ့ အာနိသင်တွေက ကောင်းတဲ့အခါကျတော့ လယ်သမားတွေက ပြောလည်း နားမထောင်တာတွေ ရှိတာပေါ့။ သူတို့က ဆေးဖြန်းလိုက်ပြီဆိုရင် ချက်ခြင်း (ပိုး) သေသွားတာကို သဘောကျတာကိုးဗျ။

မေး - အဲ့ဒါနဲ့ပတ်သက်ပြီး ပညာပေးတာတွေ လုပ်ပါသလား။

ဖြေ - ဒါတွေက စိုက်ပျိုးရေးကလုပ်တာဗျ။ လုပ်ကြတယ် ဆိုပေမဲ့လည်း အချိုးချကြည့်လိုက်ရင် စိုက်ပျိုးပညာပေးရေးဝန်ထမ်းတစ်ယောက်က လယ်သမား ၃,ဝဝဝ ကျော်လောက် ကိုင်နေရတာဗျ။ လယ်သမားအချိုးနဲ့ စိုက်ပျိုးပညာပေး ဝန်ထမ်းအချိုးက တော်တော့်ကို ကွာဟလွန်းနေတာပေါ့ဗျာ။

ခက်တယ်ဗျ။ ဥပဒေတွေရှိပေမဲ့လည်း ပြစ်ဒဏ်တွေက နည်းနည်း လျော့နေတယ် ထင်တယ်ဗျ။ ဥပမာ ဆေးဝါးအတု၊ နောက် အစားအသောက်တွေထဲမှာ ဆိုးဆေးတွေပေါ့ဗျာ။ ပြီးတော့ ဖော်မလင်လို ဓာတုပစ္စည်းတွေပေါ့ဗျာ။ ငပိရည်ထဲမှာ ယူရီးယား ထည့်တာမျိုးတွေ။ ဆိုးဆေးတွေထည့်တာမျိုးတွေပေါ့ဗျာ။ ဥပမာ အစားအသောက်တွေထဲမှာ ဓာတုဆေးတွေ ဆိုးဆေးတွေ ဒါတွေက မိသားစုလိုက် အဆိပ်ကြွေးသတ်တဲ့သဘောပဲဗျ။ လူသတ်မှုပဲဗျ။ ဒါပေမဲ့ ပြစ်ဒဏ်ကျတော့ ပေါ့လွန်းတယ်။ ထိုက်သင့်တဲ့ ပြစ်ဒဏ်မျိုးကိုတော့ ဥပဒေ ပြဌာန်းသင့်တယ်လို့တော့ မြင်တာပေါ့ဗျာ။

လုပ်သားရှားပါးတဲ့ ကိစ္စကို အကြံပြုလို့မရဘူးဗျ။ အကောင်းဆုံးဖြေရှင်းချက်က ကျေးရွာတွေမှာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေရအောင်လုပ်ပေးတဲ့နည်းလမ်းပဲဗျ။ ဒီနည်းလမ်းမှ ချမှတ်မပေးရင်တော့ ရွာတွေကနေပြီးတော့ ခွာနေကြဦးမှာပဲဗျ။ ဘယ်သူမှ ကိုယ့်ရွာကို ပစ်မသွားချင်ဘူးဗျ။

မေး - နှစ်စဉ်နှစ်တိုင်း စပါးဈေးက ကျနေတယ်။ စပါး ဈေးကောင်းရအောင် ဘယ်လိုတွေ လုပ်ဆောင်သင့်တယ်လို့ လယ်သမားတွေကို အကြံပေးချင်ပါသလဲ။

ဖြေ - ဈေးကောင်းရချင်ရင်တော့ နိုင်ငံခြားကို များများ တင်ပို့နိုင်အောင်လုပ်ရမှာပဲဗျ။ နိုင်ငံခြားတင်ပို့ဖို့ဆိုတာက ထုတ်လုပ်မှုစွမ်းအားအရ၊ အရည်အသွေးအရ၊ ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်း ရှိရမယ်။ ယှဉ်ပြိုင်နိုင်စွမ်း သုံးခုပေါ့ဗျာ။ အခု ကျွန်တော်တို့ ဆီက လယ်သမားက အရင်းအနှီးမတတ်နိုင်တော့ ပါးပါးလေးရင်းပြီးတော့ နည်းနည်းလေးထုတ်လုပ်တဲ့ ထုတ်လုပ်မှုနည်းလမ်းကို သွားတာပေါ့ဗျာ။ အဲဒီတော့ ထုတ်လုပ်မှုစွမ်းအားလည်း မရှိဘူး။ အရည်အသွေးညံ့တဲ့ စပါးကို ကြိတ်ခွဲလိုက်တဲ့အခါကျတော့ အရည်သွေးညံ့တဲ့ဆန်ပဲ ထွက်လာမှာပေါ့။ အရည်အသွေးညံ့တဲ့ဆန်ကို နိုင်ငံခြားပို့လို့ ဘယ်လိုလုပ်ဈေးကွက်ကရတော့မလဲဗျ။

မေး - လယ်သမားတွေက မျိုးကောင်းမျိုးစေ့တွေ ဘာလို့မရတာလဲ။

ဖြေ - မျိုးကောင်းမျိုးသန့်ရှိလည်း လယ်သမားရဲ့ ထုတ်လုပ်မှုအပေါ်မှာ မူတည်တယ်လေ။ ထုတ်လုပ်မှုက အရင်းအနှီးလည်း သုံးရမယ်။ နည်ပညာလည်း သုံးရမယ်။ ဒါမှ စပါးကောင်းရတာကိုးဗျ။ မျိုးကောင်းမျိုးသန့်ကို ကျွန်တော်တို့ ဝယ်လိုက်ပြီဆိုပါတော့ လယ်သမားက မျိုးကောင်းမျိုးသန့်ကို မတတ်နိုင်ဘူးဗျ။ ပြီးတော့ မျိုးကောင်းမျိုးသန့်လည်း များများစားစား မရှိဘူးဗျ။ လယ်သမားကို ကာဗာဖြစ်အောင် ထုတ်မပေးနိုင်ဘူးဗျ။ အရင်တုန်းက လယ်သမားက စပါးရိတ်တော့မယ်ဆိုရင် စပါးတွေ ရင့်မှည့်နေပြီဆိုရင် လယ်သမားကြီးတွေက တခါတည်း ပြောင်းဖူးဖက်ဆေးလိပ်ကြီးတွေနဲ့ ခံတွင်းကိုသပြီးတော့ ခေါင်လံတွေ ရွေးနေတာဗျ။ ရိတ်တော့လည်း ခေါင်လံတွေ ရွေးရိတ်တာဗျ။ ခြွေလှေ့တော့ လည်း သီးခြားခြွေလှေ့တာဗျ။ သိမ်းတော့လည်း သီးခြားသိမ်းတာဗျ။ နောက်နှစ်မှာမှ အဲဒီခေါင်လံရွေးထားတဲ့မျိုးကို စိုက်တာဗျ။ ဒါ ရှေးတုန်းက ကျုပ်တို့မိဘဘိုးဘွားတွေ။ အခုဟာက လယ်သမားက စိုက်ချိန်ရောက်မှ ဆန်စက်ပိုင်ရှင်ဆီ၊ ဆန်ကုန်သည် ပွဲစားဆီ သွားဝယ်တာဗျ။ ဝယ်တော့ သူ့ဆန်တွေထဲမှာ ဂိုထောင်ထဲမှာ အရောရော အနှောအနှောတွေဗျ။ ထွက်လာတဲ့ စပါးက ဘယ်လိုလုပ် ကောင်းတော့မလဲဗျ။ ဒါတွေက လယ်သမားရဲ့ ရင်းနှီးမြုတ်နှံမှုနဲ့လည်း ဆိုင်တယ်။ နိုင်ငံတော်ရဲ့ ပံ့ပိုးပေးမှုနဲ့လည်း ဆိုင်တယ်။ နိုင်ငံတော်ကလည်း မျိုးကောင်းမျိုးသန့်တွေ အများကြီး ထုတ်လုပ်ပေးရမယ်။ ပြီးတော့ လယ်သမားတွေလည်း မျိုးကောင်းမျိုးသန့်တွေ သုံးချင်တဲ့ စိတ်မျိုးဖြစ်ပေါ်အောင် ပညာပေးရမှာပေါ့။ ရှေးတုန်းက ကျုပ်တို့ မိဘဘိုးဘွားတွေက မျိုးကောင်းမျိုးသန့် သုံးရမယ် ဆိုတာ သိတယ်ဗျ။ ဒီနေ့လယ်သမားတွေက သိတော့သိတယ် မလိုက်နာနိုင်ကြတော့ဘူး။ ဘာလို့လဲဆိုတော့ မရင်းနှီးနိုင်ကြဘူးလေ။ စပါးဈေးက မကောင်းဘူး။ နဂိုတုန်းက စပါးဈေးကောင်းတယ်ဆိုတာက တရုတ်ကို မှောင်ခိုပို့ရတာကိုးဗျ။ အခု ပြည်ပထွက်မယ့် ဆန်တွေက ပုံနေရောဗျာ။ ဆန်တွေပုံနေရင် ဘယ်စက်ပိုင် ဘယ်ဆန်ကုန်သည်ပွဲစားက စပါးသွားဝယ်တော့မလဲဗျ။ အဲဒီမှာ စပါးဈေး ထိုးကျတာပဲဗျာ။

မေး - မျိုးကောင်းမျိုးသန့်ရအောင် ကူညီနေတာ မရှိဘူးလား။

ဖြေ - စိုက်ပျိုးရေးဌာနက လုပ်တာပေါ့ဗျာ။ ကျွန်တော်ဆိုရင် ဒီနှစ် နှစ်စမှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အကူအညီနဲ့ ကန်ထရိုက်လယ်ယာစနစ်တွေ လုပ်ဖို့ပေါ့။ မျိုးကောင်းမျိုးသန့်ထုတ်လုပ်တဲ့ဇုန် လုပ်မယ်။ ထွက်လာတဲ့ မျိုးသန့်စပါးတွေကို Export ဇုန်မှာ စိုက်မယ်။ ဇုန်နှစ်ဇုန် ခွဲပြီးတော့ အဲဒီလို လုပ်ဖို့ပဲ။ ဒါပေမဲ့ ခက်တာက မစွန့်စားချင်ကြဘူးဗျ။ ဆန်ကုန်သည်၊ ဆန်ပွဲစားတွေ၊ စက်ပိုင်တွေဗျ။ သူတို့စွန့်စားနိုင်အောင်ဆိုတာက Union Level (ဗဟိုအစိုးရအဆင့်) က ဥပဒေအထောက်အပံ့တွေ၊ မူဝါဒတွေနဲ့ အထောက်အပံ့လုပ်ထားမှ သူတို့ကလည်း စွန့်စားရဲမှာပေါ့ဗျ။ နိုင်ငံတော်ရဲ့ လိုအပ်ချက်နဲ့ ဆိုင်သွားတယ်။ နိုင်ငံတော်နဲ့ ချီပြီးတော့ ဖြေရှင်းမှ ရမယ့်အလုပ်ဗျ။ ပိုက်ဆံက လည်း မတတ်နိုင်ဘူး။ မျိုးကောင်းမျိုးသန့်တွေကို တစ်မြို့နယ်ကို ဧက တစ်ရာလောက်၊ တစ်မြို့နယ်ကို ဧက တစ်ရာလောက်ပေါ့၊ အဲဒီလောက်ပဲ တတ်နိုင်တယ်။ ထွက်လာတဲ့ မျိုးကောင်းမျိုးသန့်ကို ကျွန်တော်တို့ ခြောက်သိန်းဈေးနဲ့ ပေးဝယ်တယ်။ အပြင်မှာ သုံးသိန်းဈေးလောက် ပေါက်နေတာ။ အဲဒီလိုမျိုး တစ်တိုင်းလုံးကို လုပ်နိုင်ရင် လယ်သမား သက်သာတာပေါ့ဗျ။ အခုက အဲဒီလို မလုပ်နိုင်ဘူး။ လုပ်နိုင်တဲ့ နည်းတစ်ခုရှိတယ်။ အပ်ကုန်အာမခံကြွေးစနစ်ဆိုတာ ရှိတယ်။ အဲဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင်လည်း လယ်သမားတွေ ဒီလောက်အထိ အောက်ဈေး မကျဘူးပေါ့ဗျာ။ ဈေးကောင်းကိုစောင့်နိုင်တဲ့ အနေအထားမျိုး ဖြစ်သွားမယ်။ ။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading